ဂျကာတာ ဒီဇင်ဘာ ၂၉
ပျောက်ဆုံးလျက်ရှိသည့် အဲအေရှလေယာဉ် ရှာဖွေမှုမှာ ဒုတိယနေ့အထိ အခြေအနေ ထူးခြားမှုမရှိဘဲ လေယာဉ်သည် ပင်လယ်ထဲပျက်ကျသွားဖွယ်ရှိကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
''လေယာဉ်ပျံသန်းမှုလမ်းကြောင်းရယ်၊ လေယာဉ်နဲ့ နောက်ဆုံးအဆက်အသွယ်ရတဲ့ တည်နေရာတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ကနဦးခန့်မှန်းသုံးသပ်ချက်တွေအရတော့ လေယာဉ်ဟာ ပင်လယ်ထဲပျက်ကျပြီး ပင်လယ်ကြမ်းပြင်အောက်ခြေထိ ရောက်နေတာ ဖြစ်နိုင်ပါတယ်''ဟု အင်ဒိုနီးရှား အမျိုးသားကယ်ဆယ်ရေးနှင့် ရှာဖွေရေးအေဂျင်စီဥက္ကဋ္ဌ ဘမ်ဘန်းဆူလစ္စတိုက သတင်းထောက်များကို ပြောကြားသည်။
သို့သော်လည်း ရှာဖွေနေသူများမှာ လေယာဉ် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို အတိအကျ မသိရသေးသကဲ့သို့ ရေအောက်ရှာဖွေရေးအတွက် အခြားနိုင်ငံများမှ အကူအညီများလိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဲအေရှလေကြောင်းလိုင်းမှ လေယာဉ်အမှတ် QZ8501 သည် လူ ၁၆၂ ဦးလိုက်ပါလျက် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့မှ စင်ကာပူနိုင်ငံသို့ ပျံသန်းစဉ် အင်ဒိုနီးရှားလေပိုင်နက်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် လေယာဉ်ကို အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ပြီး သင်္ဘောများ၊ လေယာဉ်များ၊ ဂျက်လေယာဉ်များဖြင့် ရှာဖွေလျက်ရှိသည်။
တနင်္ဂနွေနေ့က လေယာဉ်ရှာဖွေမှုတွင် ရေပြင်၌ လှိုင်းလုံးကြီးများနှင့် ကောင်းကင်တွင် တိမ်ထူထပ်နေသည့်အတွက် အဆင်မပြေဖြစ်ခဲ့ရသလို တနင်္လာနေ့ရှာဖွေမှုတွင်လည်း ရာသီဥတုအခြေအနေက ဆိုးရွားနေခဲ့ပြန်သည်။ သို့သော် အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆက်ဖ်ကာလာက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရှာဖွေမှုကို လက်လျှော့မည် မဟုတ်သကဲ့သို့ အချိန်အကန့်အသတ်မရှိ ရှာဖွေသွားမည်ဟု ပြောကြားသည်။
ယခုလောလောဆယ် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းကာ စင်ကာပူ၊ မလေးရှား၊ သြစတြေးလျနိုင်ငံတို့က သင်္ဘောများနှင့်လေယာဉ်များ အကူအညီပေးရှာဖွေလျက်ရှိသည်။ အမေရိကန်နိုင်ငံ၏ သတ္တမမြောက် ရေတပ် သင်္ဘောအုပ်စုကလည်း အကူအညီပေးရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံကလည်း ဗြိတိန်၊ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့ထံ အသံလှိုင်းဖြင့် ရေအောက်အရာဝတ္ထုတို့၏တည်နေရာကိုရှာဖွေသော ဆိုနာနည်းပညာနှင့် ပတ်သက်၍ အကူအညီပေးရန်တောင်းခံထားကြောင်း ဆူလစ္စတိုက ပြောကြားသည်။
'' ကျွန်မတို့အနေနဲ့ သတင်းတွေကို စောင့်မျှော်နေရုံကလွဲပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပါဘူးရှင်'' ဟု လေယာဉ်ပေါ်ပါ ခရီးသည်များ၏ ဆွေမျိုးတစ်ဦးဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ စီအင်န်အင်န်။

No comments:
Post a Comment