Tuesday, April 7, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် Mahar Mobile Application မှ
ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ပြသမည့်ကိစ္စ တွေ့ဆုံဆွေးနွေး
Image may contain: 1 person, sitting, screen and indoor
နေပြည်တော် ဧပြီ ၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ABC Content Solution Co.,Ltd. (Mahar Mobile Application)မှ တာဝန်ရှိသူများနှင့် ယနေ့ညနေပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ယင်းကုမ္ပဏီမှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ပြသမည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်သူများ နေအိမ်တွင် နေထိုင်ကြရန် နှိုးဆော်ထားစဉ် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရေးကို အထောက်အကူပြုနိုင်ရန် Mahar Mobile Application မှ စုဆောင်းထားသည့် ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကား လေးထောင်ကျော်အနက်မှ နှစ်ထောင်ကျော်ကို တစ်လတာ အခမဲ့ပြသနိုင်ရန်အတွက် ထိုသို့ဆွေးနွေးကြခြင်းဖြစ်သည်။
ABC Content Solution Co.,Ltd သည် မဟာရုပ်သံလိုင်း(Mahar Channel)၊ မဟာ မိုဘိုင်း(Mahar Mobile App)၊ ပီတိဗီဒီယို(Piti Video) ထုတ်လုပ်ဖြန့်ချိရေးတို့အပြင် Mahar Youtube Channel နှင့် Mahar Facebook Page တို့ဖြင့် မီဒီယာလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယခုအခါ Mahar Mobile App မှ စုဆောင်းထားသည့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများဖြစ်သည့် “ငဒူ၊ ဟန်းနီးမွန်း၊ ဖက်ရှင်၊ သားဘီလူး၊ ရွှေကြာ” စသည့် ဇာတ်ကားများ အပါအဝင် စုစုပေါင်း ဇာတ်ကား နှစ်ထောင်ကျော်ကို ယခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း ပြည်သူများ အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် တစ်လတာ ကြည့်ရှုခွင့် Promo Code အရေအတွက်ပေါင်း သုံးသန်းကို လှူဒါန်းပေးဝေသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် Mahar Mobile App သို့ ဝင်ရောက်ပြီး Code နံပါတ် 230320 ဖြည့်စွက်၍ အခမဲ့ ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment