Saturday, April 25, 2020

ရှေ့နေနှင့် စာစောင်(၃)စောင်




ဦးဟန်ညွှန့်-ဥပဒေ
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးကခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် စာစောင်(၃)စောင်ပါတဲ့”
“စာစောင်(၃)စောင်ဆိုတာ ဘာလဲဗျ”
“ဟုတ်ကဲ့၊ တစ်စောင်ချင်းအကျိုးအကြောင်း နာမည်နဲ့ရှင်းပြပါ့မယ် ”
“ဘာအကြောင်းတွေ ရေးထားတဲ့စာစောင်လဲဆရာ”
“ ဖတ်ကြည့်ကြစို့ ….. ဗျ”
အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ကို ရှေ့နေ တစ်ဦးအနေဖြင့် ထမ်းဆောင်ခွင့်ရခဲ့ပါသည်။ အသိပညာ ပေးခြင်းသည် အကောင်းဆုံး၊ အကျယ်ပြန့်ဆုံး၊ အထိ ရောက်ဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း စာအုပ်စာစောင် များ ထုတ်ဝေသည့် အတွေ့အကြုံများက ကျွန်တော့်အား ထောက်ပြနေပါသည်။
မူလတန်းနှင့် အလယ်တန်းအဆင့်
ရိုးသားဖြောင့်မတ်မှုဆိုင်ရာ လူမှုတန်ဖိုးကို ကလေး ဘဝကတည်းက စွဲမြဲစွာစီးဝင်စေခြင်းဖြင့် ရိုးသား ဖြောင့်မတ်မှုကို ထူထောင်တည်ဆောက်နိုင်မည်ဖြစ်သည်။ ဤရည်မှန်းချက်ဖြင့် ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းစီစဉ် ထုတ်ဝေခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အရ-
(၁) ၂၀၁၈ ခုနှစ်တွင် အခြေခံပညာမူလတန်းအတွက် ဆရာကိုင်စာအုပ်
(၂) ၂၀၁၉ ခုနှစ်တွင် အခြေခံပညာအလယ်တန်း အတွက် ဆရာကိုင်စာအုပ်တို့ကို ထုတ်ဝေခဲ့ပြီး
(၃) အထက်တန်းအဆင့် (ရည်ညွှန်းစာစောင်) ကို ပြုစုဆဲ ဖြစ်ပါသည်။
အခြေခံပညာမူလတန်းအဆင့်အတွက် စာစောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထန်းကျင်ပြည်နယ် လူငယ် ရိုးသားစွာနေထိုင်ရေး ပညာပေးအစီအစဉ်နှင့် ညှိနှိုင်း ရေးသားခဲ့သည်။
အခြေခံပညာ အလယ်တန်းအဆင့် စာစောင်ကို ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် အဂတိ လိုက်စားမှုဆန့်ကျင်ရေး လွတ်လပ်သောကော်မရှင်နှင့် ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့၏ သင်ရိုးညွှန်းတမ်းစာအုပ်များကို ရည်ညွှန်း၍ ပြုစုခဲ့သည်။
တက္ကသိုလ်အဆင့်
Education for Justice (E4J) Initiative၊ University Module Series သည် ၂၀၁၅ ခုနှစ်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ ပြစ်မှုတားဆီး ကာကွယ်ရေးနှင့် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ (၁၃)ကြိမ်မြောက်ညီလာခံတွင် အတည်ပြုခဲ့သည့် ဒိုဟာထုတ် ပြန်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုအနေဖြင့် ကမ္ဘာ တစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိ ပကတိဖြစ်ပေါ် နေမှုအပေါ် လေ့လာသုံးသပ်၍ စနစ်တကျ ရေးသားပြုစု ထားသော စာစောင်ဖြစ်သည်။
တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁) (အဂတိလိုက်စားမှုဆိုသည်မှာ)
အဂတိလိုက်စားမှုဆိုသည်မှာ အဘယ်နည်းနှင့် မည်သည့်အတွက်ကြောင့် ဂရုတစိုက်ရှိရမည့်နည်းဆိုသည့်အကြောင်းဖော်ပြထားသည်။ အဂတိလိုက်စားမှု ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ကိုယ်ကျင့်သိက္ခာနှင့် ဘာသာရေးမှ အစပြုသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးရာအထိ မျိုးစုံပါဝင်သည်။ အဂတိလိုက်စားမှု၏အကျိုးဆက်များသည် ကျယ်ပြန့်စွာသက်ရောက်မှုရှိသည်။ အဂတိလိုက်စားမှုသည် မည်သည့်အတွက်ကြောင့် နိုင်ငံများအားလုံးနှင့် လူသားများအားလုံးအတွက် အဓိက အရင်းခံ ပြဿနာတစ်ရပ်ဖြစ်ကြောင်းနှင့် ၂၁ ရာစု၏ အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခုဖြစ် ကြောင်း ရှင်းလင်းဖော်ပြသည်။ တက္ကသိုလ်အဆင့်နှင့် လျော်ညီသော ရေးသားတင်ပြချက်များ ဖြစ်ပါသည်။
အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်ကို တိတိကျကျ၊ မှန်မှန်ကန်ကန်၊ အများလက်ခံပြီး ငြင်းချက်မထုတ်နိုင် အောင် ပညာရှင်အသီးသီးက ဝင်းပသော အတွေးရဲရဲများ ကို စနစ်တကျ ကမ္ဘာသိ ရေးသားထားသော လက်စွဲပြု ထိုက်သည့် အဆင့်မြင့် ရည်ညွှန်းစာစောင် ဖြစ်သည်ဟု ကျွန်တော်မြင်သည်။
အင်္ဂလိပ်ဘာသာကဏ္ဍ
Module 1 တွင် What Is Corruption and Why Should We Care? နှင့် ZERO CORRUPTION 100% DEVELOPMENT အကြောင်းကို(စာ-၄၉ မှ စာ-၁၂၀ အထိ) လည်းကောင်း၊ Module 2 တွင် Corruption and Good Governance အကြောင်းကို (စာ-၁၅၂ မှ စာ-၁၉၈ အထိ) လည်းကောင်း ဖော်ပြထားသည်။
Vocabulary ( abuses - အလွဲသုံးစားပြုမှုများမှ well-intentioned - စိတ်ရင်းစေတနာကောင်းသောအထိ၊ စုစုပေါင်း -၂၃၈ လုံး) ၏ စကားလုံးအလိုက် မြန်မာပြန်ကို ဖော်ပြထားပါ သည်။
တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)
(ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်)
ဖြောင့်မတ်တည်ကြည်မှုဟူသော စကားရပ်ပုံစံ
အမျိုးမျိုးကို စတဲန်းဖိုဒ့် ဒဿနိကစွယ်စုံကျမ်းတွင် အမျိုးမျိုး ခွဲခြားဖွင့်ဆိုပုံကိုလည်း ဖော်ပြထားသည်။ တရုတ်ဆိုရိုးတွင် ကျော်ကြားပြီး အရေးပါဆုံးသော ပုဂ္ဂိုလ် ဖြစ်သည့် ကွန်ဖြူးရှပ်၏ အတွေးအခေါ်ကိုလည်း မကျန် စေရပါ။ လက်တွေ့အသုံးကျမှုဝါဒ၊ တာဝန်ရှိမှု ဗေဒ၊ မြတ် သောအကျင့်သီလတို့ကိုပါ ဖော်ညွှန်းရေးသားထားသည်။
ကျင့်ဝတ်နှင့် ကမ္ဘာ့စံတန်ဖိုးများ
ဤအခန်းတွင် ကျင့်ဝတ်၊ စာရိတ္တ၊ တန်ဖိုး၊ နှိုင်းယှဉ်မှု ပုံစံ၊ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများအကြောင်း ဖော်ပြသည်။ “တန်ဖိုး” ဟူသော အသုံးအနှုန်းသည်
လူတစ်ဦးချင်းစီ သို့မဟုတ် လူ့အသိုက်အဝန်းတစ်ခုခုမှ လိုက်နာဆောင်ရွက်သင့်သော၊ မြှင့်တင်အားပေးထိုက် သော၊ အထူးအခွင့်အရေးပေးခံထိုက်သောအရာဟု တညီ တညွတ်တည်း လက်ခံယုံကြည်ထားခြင်းကို ဆိုလိုသည်။ (စာ-၄၃)
ကျင့်ဝတ်နှင့် လူ့အသိုက်အဝန်း
ဂရိတွေးခေါ်ပညာရှင်များက စတင်ခဲ့သော အတွေး အခေါ် ကောက်နုတ်ချက်အဖြစ် စတဲန်းဖို့ဒ် ဒဿနိကဗေဒ စွယ်စုံကျမ်းတွင် လူမှုပဋိညာဉ်၏ သဘောတရားနှင့် သောမတ်စ်ဟော့ဗ်စ်၊ ဂျွန်လော့စ်၊ ဂျိန်းဂျက်စ်ရူးဆိုး၊ အီမန် နူရယ်ကန့်ထ်တို့၏ အတွေးအခေါ် ရပ်တည်ချက်များ အကြောင်း (စာ-၈၆ မှ စာ-၈၉) အထိ ဖော်ပြထားသည်။
ကျင့်ဝတ်နှင့်ညီသော ခေါင်းဆောင်မှု
ကျင့်ဝတ်နှင့်ညီသော ခေါင်းဆောင်မှုဟူသည် “ကျင့်ဝတ်နှင့်ညီသော ရည်မှန်းချက်ပန်းတိုင်များချမှတ် လုပ်ဆောင်ခြင်းနှင့် အခြားသူများအပေါ် ကျင့်ဝတ်နှင့် အညီ လွှမ်းမိုးခြင်း”ဖြစ်သည်။ ဆက်လက်၍ ကျင့်ဝတ်နှင့် ညီသော ခေါင်းဆောင်မှု၏ အရေးပါပုံနှင့် ခေါင်းဆောင်မှု၏ ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်များ၊ ကျင့်ဝတ်နှင့်အညီဆုံးဖြတ် ချက်ချမှတ်မှု ပုံစံ၊ ကျင့်ဝတ်နှင့်ညီသော ခေါင်းဆောင် တစ်ဦးဖြစ်လာခြင်းအကြောင်းများကိုပါ ဆွေးနွေးရေး သားထားသည်။
အင်္ဂလိပ်ဘာသာကဏ္ဍတွင်
Module 1 ကို Introduction and Conceptual Framework (စာ-၁၄ မှ စာ-၄၀ အထိ) လည်းကောင်း၊ Module 2 ကို Ethics and Universal Values (စာ-၅၇ မှ စာ-၈၁ အထိ) လည်းကောင်း၊ Module 3 ကို Ethics and Society (စာ-၉၃ မှ စာ-၁၂၀ အထိ) လည်းကောင်း၊ Module 4 ကို Ethical Leadership (စာ-၁၃၆ မှ စာ-၁၆၅ အထိ) လည်းကောင်း ဖော်ပြထားသည်။
တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၂)
(ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်)
အထူးသဖြင့် မတူကွဲပြားမှု၊ လက်သင့်ခံမှု၊ ဗဟုဝါဒတို့ မှာ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၊ နိုင်ငံသားဖြစ်မှု၊ ဘာသာရေးယုံကြည်မှု၊ ကျား-မ ဖြစ်တည်မှု၊ မသန်စွမ်းမှု၊ လိင်စိတ် ကိုင်းညွတ်မှုတို့နှင့် ဆက်စပ်နေကြောင်း သုံးသပ် ရေးသားဖော်ပြထားသည်။
ကျင့်ဝတ်နှင့်အညီ နေထိုင်ရေးဆိုင်ရာ စိန်ခေါ်မှု
ကျင့်ဝတ်လိုက်နာမှုသည် အခြားသူများ၏ အသိအမှတ် ပြုမှုကိုရလိုခြင်းမဟုတ်ဘဲ နာကျင်ခံစားရသည့် ကိုယ် တွင်းပဋိပက္ခများမဖြစ်စေရန် မိမိကိုယ်ကိုတန်ဖိုးထားခြင်း ပင်ဖြစ်ကြောင်း လေ့လာဖတ်ရှုနိုင်ပါသည်။
ကျင့်ဝတ်ဆိုင်ရာ အပြုအမူအတွက် မဟာဗျူဟာမြောက် နည်းလမ်းများ
ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးခြင်း၊ ကျင့်ဝတ် နှင့်ညီသော အပြုအမူအတွက် အရည်အသွေးများ ပြုစုပျိုး ထောင်ခြင်း၊ တန်ဖိုးထားမှုများအား ထုတ်ဖော်ပြောကြား ခြင်းတို့ လိုအပ်ပါသည်။ အပြုအမူနှင့်ဆိုင်သောကျင့်ဝတ် အကြောင်းကို တစ်ဦးချင်းအလိုက် ကွဲပြားခြားနားမှုရှိနိုင် ကြောင်း ဤကဏ္ဍတွင် သုံးသပ် ရေးသားထားပါသည်။
အင်္ဂလိပ်ဘာသာကဏ္ဍတွင်
Module 5 တွင် Ethics, Diversity and Pluralism (စာ-၁၃ မှ စာ-၃၆ အထိ) လည်းကောင်း၊
Module 6 တွင် Challenges to Ethical Living (စာ-၅၈ မှ စာ-၁၀၂ အထိ) လည်းကောင်း၊
Module 7 တွင် Strategies for Ethical Action (စာ-၁၂၄ မှ စာ-၁၅၇ အထိ) လည်းကောင်း၊
Module 8 တွင် Behavioral Ethics (စာ-၁၆၉ မှ စာ- ၁၉၆ အထိ) ဖော်ပြထားပါသည်။
Vocabulary (abetment- အားပေးကူညီခြင်းမှ Zero Tolerance on Corruption - အဂတိလိုက်စားမှုကို လုံးဝ သည်းခံ ခွင့်လွှတ်ခြင်း မရှိရေးအထိ၊ စုစုပေါင်း- ၄၆၆ လုံး)မြန်မာ ဘာသာ ပြန်ဆိုဖော်ပြထားသည်။
စာစောင်(၃)စောင်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးက ဖြန့်ချိသော ဤစာစောင်(၃)စောင်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြစေချင်သည်။ အချစ်ဝတ္ထု၊ ကဗျာ၊ ရသမျိုး အဖွဲ့အနွဲ့ပါသော စာစောင်မျိုးမဟုတ်ပါ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် သုတ၊ ရသ အဖြာဖြာကို အစုံလင်ဆုံး၊ အပြည့်စုံဆုံး၊ ဘက်စုံ၊ ထောင့်စုံက သုံးသပ် ထားသော ရှားပါးစာစောင်များ ဖြစ်သည်ကိုတော့ မငြင်း နိုင်ပါ။ စာစောင်(၃)စောင်ထဲမှ ဖော်ပြချက်များ၊ အနှစ် သာရများကို ဤဆောင်းပါးတစ်ပုဒ်တည်းနှင့်ပြည့်စုံစွာ ကျွန်တော်ဖော်ပြရေးသားရန်မဖြစ်နိုင်ပါ။ နိဒါန်း (မိတ် ဆက်သဘော)မျှသာ ရေးသားတင်ပြနိုင်ပါမည်။ အကျယ် ကို သုတေသီများ ဆက်လက်လေ့လာနိုင်ပါသည်။
မော်ကွန်း
ဥက္ကဋ္ဌ ဦးအောင်ကြည် အမှူးပြုသော ဒုတိယအကြိမ် ကော်မရှင်သက်တမ်းတွင် ရှားပါး ပြည့်စုံလှသော အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဤရည်ညွှန်းစာစောင် များ၊ မူလတန်းနှင့် အလယ်တန်း ပညာပေးအစီအစဉ် စာအုပ်များ ထုတ်ဝေနိုင်ခြင်းအတွက် မပျက်မကွက် မော်ကွန်းမှတ်တမ်းတင်ပါသည်။
ကူညီပံ့ပိုးသူများ
ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန မှ ပါမောက္ခ (ဌာနမှူး) (ငြိမ်း) ဒေါက်တာမြင့်ကြည်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမိုမိုသန့်၊ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာသီတာအောင်တို့က အင်္ဂလိပ်ဘာသာ မှ မြန်မာဘာသာသို့ ပြန်ဆိုတည်းဖြတ်ပေးကြသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ - USAID (တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အစီအစဉ်-မြန်မာ - PRLM) နှင့် တာဝန်ရှိသူအသီးသီးတို့က ပုံနှိပ်ထုတ်ဝေရေး ကူညီပံ့ပိုးပေးသည်။
နိဂုံး
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် တည်ငြိမ်စွာဖြင့် ရှေ့သို့ ခရီးဆက်နေ လေသည်။ ။

No comments:

Post a Comment