Thursday, April 16, 2020

ကိုရိုနာဗိုင်းရပ်စ်၏စီးပွားရေးသက်ရောက်မှု၊ အကျိုးဆက်နှင့် အနာဂတ်အတွက်ပြင်ဆင်မှု



စောနိုင် ( အသုံးချဘောဂဗေဒ)

(၁) ကမ္ဘာ့ကပ်ရောဂါအသစ် ကိုဗစ်-၁၉ ရောဂါ ခေါ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ ကူးစက် ရောက်ရှိသွားနေခဲ့ပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အစီရင်ခံစာများအရ ဧပြီလ ၁၅ ရက်နေ့အထိ အခြေအနေမှာ တစ်ကမ္ဘာလုံးကူးစက်သူဦးရေ နှစ်သန်း ကျော်နှင့် သေဆုံးသူဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိနေပြီဖြစ်သည်။ အခြေအနေအရပ်ရပ်သည် ကျန်းမာ ရေး ကဏ္ဍနှင့် တိုက်ရိုက်သက်ဆိုင်နေသော်လည်း အခြား သောကဏ္ဍများကိုပါ ဆက်စပ်သက်ရောက်မှုများ ဖြစ်လာနေသည်။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးကို မျှော်လင့်မထားသည့် အခြေအနေဆိုး တစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သည်ဟု သုံးသပ်သူများက မှန်းဆနေ ကြသည်။

(၂) ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့်ဖြစ်ပေါ်ခဲ့ သည့် အကျိုးဆက်များသည် အမေရိကန် သမ္မတ အိုင်ဆင်ဟောင်ဝါး စတင်ခေါ်ဝေါ်ခဲ့သည့် ဒိုမီနို သက်ရောက်မှု (Domino effect) ကဲ့သို့ ဖြစ်ပေါ်နေပြီ လော။ အမေရိကန်နိုင်ငံသား သင်္ချာဘာသာနှင့် မိုးလေ ဝသပညာရှင် အက်ဝပ် လောရင့်ဇ် ဖော်ထုတ်ခဲ့သည့် လိပ်ပြာ တောင်ပံခတ်သက်ရောက်မှု (butterfly effect)အခြေ အနေမျိုးလော။ မည်သို့ပင်ဆိုစေကာမူ ကိုရိုနာဗိုင်းရပ်စ် သောကများသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသို့ သက်ရောက်နေခဲ့ပြီဖြစ်သည်။ အိုင်တီနည်းပညာ တိုးတက်မှု၊ အဆင့်မြင့်နည်းပညာသုံး သယ်ယူပို့ဆောင် ရေးယာဉ်ယန္တရားများ ထွန်းကားလာမှုနှင့်အတူ ဂလို ဘယ်လိုက်ဇေးရှင်း အရှိန်တက်နေသော ကမ္ဘာသည် ဒိုမီနို သက်ရောက်မှု၊ လိပ်ပြာတောင်ပံခတ် သက်ရောက် မှုများကို ယခင်ကာလများထက် ပို၍အရှိန်ပြင်းစွာ၊ ပို၍ လျင်မြန်စွာ ခံစားနေရပြီဖြစ်သည်။

(၃) ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေးလုပ်ငန်းများ မည်သို့ ရင်ဆိုင်နေကြရသနည်း။ တစ်စုံတစ်ရာသော မျှော်လင့် ချက်ဖြင့် အားလုံးရုန်းကန်နေကြရမည်မှာသေချာ၏။ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု စသည့်နိုင်ငံတကာ စီးပွားရေးအခြေအနေများအပေါ် တွင် သက်ရောက်မှုများစွာ ရှိလာခဲ့ပြီ။ ဘဏ္ဍာရေး ဈေးကွက်များသည်လည်း ရုတ်ခြည်းကျဆင်းနေခဲ့ပြီဖြစ် သည်။ လွန်ခဲ့သောဆယ်စုနှစ်များက မကြုံတွေ့ခဲ့ဖူး သည့် ဆုံးရှုံးမှုအခြေအနေမျိုး၊ ဆိုးဆိုးရွားရွားအခြေ အနေမျိုးကို ရင်ဆိုင်နေကြရပြီဟုဆိုကြသည်။ ရင်းနှီး မြှုပ်နှံသူများ စိုးရိမ်ကြီးစရာအဖြစ် ခံစားနေရစဉ်မှာပင် အကျိုးဆက်များမှာ တဖြည်းဖြည်းထင်ထင်ရှားရှား ဖြစ်လာနေသည်။ ဈေးကွက်များအားလုံးသည် ယုံကြည် မှုမဲ့ခြင်းကိုခံနေကြရပြီး နိုင်ငံအသီးသီးတွင် စီးပွားရေး အားထုတ်မှုများ၌ ဟန့်တားမှု၊ နှောင့်နှေးမှုများစွာ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။


(၄)ယနေ့ကမ္ဘာတွင် စစ်ရေး၊ နိုင်ငံရေး၊ နယ်နိမိတ်ရေး စသဖြင့် ပြဿနာများစွာ ပိုမိုရှုပ်ထွေးလာနေသည့်တိုင် ဥစ္စာဓန၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုကြီးမား လျက်ရှိနေသည်။ ထို့ကြောင့် လူသားတို့နေရာ ဤ ကမ္ဘာသည် ဓနအဓိက ကြီးစိုးလွှမ်းမိုးရာနေရာအဖြစ် ပိုမိုပီပြင်လာနေ၏။ ဤသို့သော ဥစ္စာဓနကြွယ်ဝမှု ပိုမို အလေးထားလာသည့် ကမ္ဘာထဲ၌ ယခုကဲ့သို့ အခြေအနေ မျိုး ဖြစ်ပေါ်နေချိန်တွင် နိုင်ငံအစိုးရများ၏အကြီးမားဆုံး သော စိုးရိမ်သောကသည် စီးပွားရေးအ‌ဆောက်အဦ အတွင်း အလုပ်လက်မဲ့ မြင့်မားလာမှုဖြစ်သည်။ ယခု ထိုအခြေအနေဆိုးများမှ ရှောင်လွှဲနိုင်ရန်အတွက် အားထုတ်နေကြရ၏။ နိုင်ငံသားများ၏အလုပ်အကိုင် အခွင့်အလမ်းများကို အကာအကွယ်ပေးနိုင်ရေးရည်ရွယ် ချက်ဖြင့် ကူညီပံ့ပိုးရေးအစီအစဉ်များ၊ အမိန့်များ၊ ကြေညာချက်များ ထုတ်ပြန်နိုင်ရေးတို့အတွက် ပြင်ဆင် နေကြရသည်။
ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံအသီးသီး၏ ထုတ်လုပ် မှုများကို အလိုအလျောက် သက်ရောက်လာလျက်ရှိ နေသည်။ ကဏ္ဍအသီးသီးတွင် လူမှုရေးကုန်ကျစရိတ် ပမာဏ မြင့်တက်လာတော့မည်။ ဘဏ်များ၏ အခန်း ကဏ္ဍသည်ပို၍အရေးပါလာပြီး ထိထိရောက်ရောက် လှုပ်ရှားနိုင်ရန် အားထုတ်ရတော့မည်။ ဗဟိုဘဏ်များသည် လည်း ချေးငွေများ သက်သက်သာသာ ထုတ်ပေးနိုင်ရေး၊ ငွေကြေး အသုံးစရိတ်သုံးစွဲမှုကို ပိုမိုအားပေးနိုင်ရေး၊ စီးပွားရေး အဆောက်အဦအတွင်း ငွေကြေးလည်ပတ်မှု နှေးကွေးလေးလံမှု မဖြစ်စေရန် ငွေကြေးများထည့်သွင်းပေး နိုင်ရေးအတွက်လည်း စီစဉ်နေကြရသည်။
(၅) ကိုရိုနာဗိုင်းရပ်စ်ကြောင့်ထိခိုက်မှုအများဆုံးစီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပါဝင်သည်။ အစိုးရများ၏ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သော ခရီးသွားလာမှု ကန့်သတ်၊ပိတ်ပင်ခြင်း နည်းလမ်းကျင့်သုံးခြင်း၏ အကျိုးဆက်ဖြစ်သည်။ လေယာဉ်ခရီးစဉ်အပါအဝင် ခရီးသွားအချိန်ဇယားများ၊ အစီအစဉ်များ အပြောင်းအလဲများစွာ ဖြစ်ကုန်သည်။ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလမ်းညွှန်လုပ်ငန်း၊ အခြား ဆက်စပ် အစီအစဉ်များ၊ လုပ်ငန်းများပါ ထိခိုက်သွားခဲ့သည်။ အချိန်တိုအတွင်းမှာပင် နိုင်ငံတကာစီးပွားရေးဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားသွားခဲ့၏။
အစိုးရများ၏ အားထုတ်လုပ်ဆောင်မှုများသည် စီးပွားရေးအဆောက်အဦအတွင်း အပေးအယူသဘောဖြစ် သွားသည်။ အစိုးရများ၏ကန့်သတ်ချုပ်ချယ်မှု၊ ပိတ်ပင် တားဆီးမှုများသည် ကူးစက်ရောဂါဖြစ်ပွားမှုကို ဟန့်တား လျှော့ချရာတွင် အထောက်အကူများစွာ ဖြစ်စေခဲ့သော်လည်း စီးပွားရေးကဏ္ဍအပါအဝင် အခြားသောကဏ္ဍများကို မူ ထိခိုက်နစ်နာမှုများစွာဖြစ်စေခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံ တကာ စီးပွားရေးနယ်ပယ်များအတွင်း ငွေကြေးလည်ပတ် စီးဆင်းမှုကို နှေးကွေးလေးလံသွားစေခဲ့သည်။ တစ်နည်းဆို သော် ငွေဖြစ်လွယ်မှုပြဿနာ (Liquidity problem) ကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်ဟုလည်း ထောက်ပြ ကြ၏။ ငွေရှိသူများ ဝယ်ယူသုံးစွဲမှုနှေးကွေးသွားသကဲ့သို့ ငွေကြေးအလုံအလောက်မရှိသူများသည်လည်း အရေး ကြီး ကုန်ပစ္စည်းများကိုသာ အလေးထားဝယ်ယူနေရသဖြင့် အခြားနှစ်သက်သော ကုန်ပစ္စည်းများကို စိတ်မဝင်စားနိုင်၊ တစ်ဦးချင်း ငွေကြေးစုဆောင်းမှုကိုလည်း အလေးထား နိုင်သည့်အခြေအနေ မရှိတော့ပေ။

တစ်ကမ္ဘာလုံးနိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံများ ထုတ်လုပ် မှုများ နှေးကွေးကျဆင်းသွားနေသည်။ သယ်ယူပို့ဆောင် ရေးကန့်သတ်မှုများကြောင့် ကုန်ကြမ်းဝယ်ယူမှုများလည်း ယခင်ကကဲ့သို့မလွယ်ကူ၊ ကုန်ကျစရိတ်များသည်လည်း ပမာဏများစွာမြင့်တက်လာခဲ့သည်။ ထုတ်လုပ်ရေးလုပ်ငန်း များ ကျဆင်းမှုသည် ဈေးကွက်အတွင်းရောင်းလိုအား လျော့ကျမှုကိုဦးတည်သွားသည်။ ကန့်သတ်ပိတ်ပင်မှု အခြေအနေအမျိုးမျိုးတို့ကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းအမျိုးမျိုးတို့၏ ဝယ်လိုအားသည်လည်း နည်းပါး လာလျက်ရှိနေသည်။ နိုင်ငံတကာဈေးကွက်များ၊ ဒေသ တွင်း ဈေးကွက်များ၊ ပြည်တွင်းဈေးကွက်များမှစ၍ မိမိတို့ အိမ်အနီးအနားရှိ ဈေးကွက်ငယ်လေးများအထိ အခြေအနေ မကောင်းကြတော့။ ရောင်းလိုအားကျဆင်းနေသကဲ့သို့ မသေချာမရေရာသော ဝယ်လိုအားကို ကြုံတွေ့လျက်ရှိ နေကြသည်။

နိုင်ငံအတော်များများသည် ၎င်းတို့နိုင်ငံသားများ၏ လာမည့်အချိန်ကာလများအတွင်း ဖြစ်လာနိုင်သည့် ကျန်းမာရေးအခြေအနေများကို ကြိုတင်သုံးသပ်မှုများ ပြုလုပ်လျက် အဆက်အစပ်ရှိနေသော စီးပွားရေးလုပ်ငန်း များ၏ အလားအလာများကို မှန်းဆကြ၏။ အတိတ်ကာလ ကြုံတွေ့ခဲ့ရသော စီးပွားရေးကျဆင်းမှုဖြစ်စဉ်များကို ပြန်လည်လေ့လာ၍ နည်းလမ်းအမျိုးမျိုးကြံဆစဉ်းစား၊ ပြင်ဆင်နေကြပြီဖြစ်သည်။ အခြေအနေအရပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတစ်ရပ်ဆီသို့ ဦးတည် နေသည်ဟု သုံးသပ်နေကြသည်။


(၆) လူအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအတွက် အဓိကအကြောင်းရင်းဖြစ်သည် ဟု ကျန်းမာရေးဌာနများက အသိပေးထားခြင်းနှင့် လိုက်နာ စေရန်စီမံဆောင်ရွက်ခြင်းတို့ကို အလေးထားပြုလုပ်နေ ကြသဖြင့် နေ့စဉ်ထိတွေ့ပြောဆိုဆက်ဆံမှုများတွင် social distancing ဟု ခေါ်သည့်ခပ်ခွာခွာဆက်ဆံမှုဖြင့်နေရခြင်း၊ လူစုလူဝေးကိုဖြစ်နိုင်သမျှ ရှောင်ရှားနိုင်ရေးအတွက် အချို့သောလုပ်ငန်းများကို ရုံးကိုမသွားရစေဘဲ အိမ်မှ အလုပ်လုပ်ရသည့်အခြေအနေ (Work from Home) သို့ပြောင်းလဲခြင်း၊ လူအများကိုလည်း ဖြစ်နိုင်သမျှ အိမ် အပြင်ဝန်းကျင်သို့ မထွက်စေဘဲ အိမ်အတွင်း၌သာနေ စေခြင်း(Home Stay)တို့ကို ပြုလုပ်လာကြသည်။ ထိုအခြေအနေများကြောင့် ယခင်ကတည်းက အသုံးတည့် နေသော အွန်လိုင်းဆက်သွယ်ရေးသည် လူအားလုံးတို့၏ နေ့စဉ်ဘဝတွင် ပို၍တွင်ကျယ်လာခဲ့သည်။
သို့သော် အချင်းချင်းဆက်သွယ်၊ ပြောဆိုမှုများ၌ မိုဘိုင်းလ်ဖုန်းများ၊ ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှာ အတိုင်းအတာတစ်ခုအထိ ကျင့်သားရနေကြပြီးဖြစ်သော ကြောင့် အခက်အခဲများစွာမရှိသော်လည်း နေအိမ်မှ အလုပ်ခွင်ဝင်ခြင်းကိစ္စအတွက်မှာမူ အများစုမှာ ယခု အချိန်မှသာစ၍ အသုံးပြုရသောကြာင့် အခက်အခဲ အနည်းနှင့်အများ ရှိလာသည်။ နေ့စဉ်ရောင်းရေးဝယ်တာ ကိစ္စများတွင်လည်း လုပ်ငန်းအချို့မှာ ယခုအချိန်မှ စမ်းသပ်အသုံးပြုခြင်းဖြစ်သာ်လည်း အချို့မှာမူ လူမှု ကွန်ရက်များမှတစ်ဆင့် ဆက်သွယ်ရောင်းဝယ်မှုများကို ယခင်ကတည်းက ပြုလုပ်နေကြပြီးဖြစ်သည်။ မည်သို့ အခက်အခဲများရှိစေကာမူ ရေရှည်ကာလ၌ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပိုမိုကောင်းမွန်သော အွန်လိုင်းနည်းလမ်းများကို အသုံးပြုနိုင်သည့်စီးပွားရေးနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာနိုင်သည်ဟု အကောင်းမြင်စိတ်ဖြင့် မျှော်လင့် ရပေသည်။
(၇) ကိုရိုနာဗိုင်းရပ်စ်၏ခြိမ်းခြောက်မှုအခြေအနေများ သည် စိုးရိမ်သောက စိတ်ခံစားရမှုနှင့် ဆုံးရှုံးနစ်နာမှု အခြေ အနေများ ဖြစ်စေခဲ့သော်လည်း အိုင်တီနည်းပညာ အထောက်အကူဖြင့် ပိုမိုကောင်းမွန်သော လူမှုဝန်းကျင် တစ်ခုအဖြစ်သို့ရောက်ရှိနိုင်ရေးအတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်ဟုလည်း ကောက်ချက်ချရမည်သာ။ လုပ်ငန်းများစွာအတွက် ယခင်သမားရိုးကျ လုပ်ကိုင်နေမှု များမှ အွန်လိုင်းလုပ်ငန်းများအဖြစ် ပြောင်းရွှေ့လှုပ်ရှား နိုင်ရန် အကြောင်းဖန်လာခဲ့ပြီဖြစ်သည်။ ယနေ့ ကမ္ဘာ သည် အွန်လိုင်းမှလွဲ၍ အခြားသောရွေးချယ်စရာများ မရှိတော့ပြီ။ ၂၁ ရာစုမှစ၍ ကမ္ဘာသူ ကမ္ဘာသားတို့၏ အနာဂတ်ဘဝများသည် အွန်လိုင်းကမ္ဘာထဲတွင်သာ ဖြစ်တည်နေတော့မည်။

လုပ်ငန်းကြီး၊ ငယ်များအားလုံးသည် ကပ်ဘေး အန္တရာယ်၏စိန်ခေါ်မှုကိုကျော်လွှားနိုင်ရန် အားထုတ်ရင်း ကပ်ကျော်ကာလ အခွင့်အလမ်းများကို ချိန်ဆမျှော်လင့် လျက် အလျင်အမြန်ပင် ပြန်လည်ဖွဲ့စည်းမှုများပြင်ဆင် ပြုလုပ်နေကြပြီ။ လုပ်ငန်းကြီးများမှစ၍ မိမိတို့ပတ်ဝန်း ကျင်တွင် နေ့စဉ် မြင်တွေ့၊ ထိတွေ့ နေရသည့် လက်လီဆိုင် အရောင်းဆိုင်၊ ကုန်စုံဆိုင်လေးများအထိပင် ၎င်းတို့၏ လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရေး၊ ဖောက်သည် များကို ထိန်းသိမ်းထားနိုင်ရေးအတွက် ပြင်ဆင်မှုများကို အစွမ်းကုန်လုပ်ဆောင်လုပ်နေကြရသည်။ ယခင်က ရပ်တည်နေခဲ့ရသော သက်သောင့်သက်သာ ရပ်တည်၍ လုပ်ကိုင်ရောင်းဝယ်နေသည့် အခြေအနေ၊ တစ်နည်းဆို သော် သက်သောင့်သက်သာရှိသော ဝန်းကျင် (Comfort Zone) ကို ကျော်လွန်စဉ်းစား၍ လိုအပ်ချက်အသစ်များကို အမြဲမပြတ် တီထွင်ဖန်တီးနေရမည့် အခြေအနေ တစ်ရပ် ဆီသို့ တွန်းပို့နေသည်ကို သဘောပေါက်နေကြပြီဖြစ်သည်။
(၈) လူသားတို့တွင် အခြေအနေအမျိုးမျိုး၌ ခံစားမှုအမျိုး မျိုးရှိနေ၏။ ရလဒ်အမျိုးမျိုးကို မျှော်ကြ၏။ လူအချို့ သည် အွန်လိုင်းကမ္ဘာပေါ်တွင် သက်သောင့်သက်သာ ရှိနေကြပြီဖြစ်သကဲ့သို့ လူအများစုသည်လည်း အွန်လိုင်းကမ္ဘာတွင်နေထိုင်ရပ်တည်နိုင်ရေး အားထုတ် ပြင်ဆင်နေကြပြီဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး များစွာသောဝန်‌ဆောင်မှုလုပ်ငန်းများ သည် အွန်လိုင်းပေါ် သို့ အလွယ်တကူ ပြောင်းရွှေ့နေနိုင်ကြ လိမ့်မည်ထင်သည်။ အသုံးပြုမည့် နည်းပညာများကိုလည်း ကုန်ကျစရိတ်သက်သာစွာ၊ လွတ်လပ်စွာဖြင့် အလွယ် တကူ အသုံးပြုနိုင်ပြီဖြစ်သဖြင့် အွန်လိုင်းစီးပွားရေး ကမ္ဘာသည် အနာဂတ်တွင် သေချာပေါက် ယခုထက်ပိုမိုကျယ်ပြန့်လာပေလိမ့်မည်။
ထို့ကြောင့် အခက်အခဲအကျပ်အတည်းများ မည်မျှ ပင်ရှိနေစေကာမူ စီးပွားရေးအဆောက်အဦကြီး၏ တစ်စိတ်တစ်ပိုင်းသည် အွန်လိုင်းပေါ်တွင် ဆက်လက် လည်ပတ်လုပ်ဆောင်နေနိုင်လိမ့်မည်။ စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီသည်လည်း မိမိတို့၏လုပ်ငန်းများသည် အွန်လိုင်းနည်းပညာဖြင့် မည်သို့ဆက်စပ်လုပ်ကိုင်ရ မည်ကို ချင့်ချိန်တွေးဆရမည့်အချိန်ကောင်းဟု ယူဆနိုင် သည်။ စက်ရုပ်များ၊ ဒရုန်းများ အသုံးပြုခြင်း၊ Artificial Intelligence System ဟုခေါ်သည့် လူသားဉာဏ်ရည် ကဲ့သို့ လုပ်ဆောင်နိုင်သည့် အဆင့်မြင့်တီထွင်မှုစနစ်များ အသုံးပြုခြင်းတို့လည်း ပိုမိုတွင်ကျယ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

(၉) ပါဠိအားဖြင့် “ကပ္ပ” ဟုခေါ်သည့် ကပ်ဆိုသော ဝေါဟာရသည် ပျက်စီးခြင်းဟူသော အဓိပ္ပာယ်ရှိသည်။ ကပ်သည် ယခုအချိန်ကာလရောက်မှဖြစ်ပေါ်လာသည် မဟုတ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့လူသား တို့သည် ကပ်ရောဂါပေါင်းများစွာကြုံ‌တွေ့ခဲ့ရဖူးပြီဖြစ်၏။ ဗုဒ္ဓဘာသာဝင်များအ‌နေဖြင့် ဘုရားဟောကပ်ကြီးသုံးပါး အကြောင်းကြားဖူးကြ၏။ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် အရိုအသေပြုဦးချရှိခိုးတိုင်း ရွတ်ဆိုနေကျ ဘုရားရှိခိုး ကန်တော့စာ၏ နောက်ဆုံးစာသားထဲ၌ မြတ်စွာဘုရား အားကန်တော့ခြင်း၏ အကျိုးကြောင့် လွတ်ကင်းစေလို သည့် အရာများကို ဆုတောင်းရာတွင် ကပ်(၃) ပါး လွတ် မြောက်စေရန်လည်း ပါဝင်ပေသည်။

အဆိုပါ ကပ်ကြီး(၃) ပါးတွင် လောဘလွှမ်းမိုးမှုကြီးမား ခြင်းကြောင့် အစားအစာ ငတ်မွတ်ခေါင်းပါး၍ ပျက်စီးရ သည့် ဒုဗ္ဘိက္ခန္တရကပ်၊ ဒေါသလွှမ်းမိုးမှုကြီးမား ခြင်းကြောင့် လက်နက်ကိရိယာများဖြင့်ထိခိုက်၍ပျက်စီးရသည့် သတ္ထန္တရကပ်၊ မောဟ လွှမ်းမိုးမှုကြီးမားခြင်း ကြောင့် ရောဂါဘယ နှိပ်စက်၍ ပျက်စီးရသည့် ရောဂန္တရ ကပ်တို့ဖြစ်သည်။ ထိုကပ်အမျိုးမျိုးတို့သည် အသွင် သဏ္ဌာန်အမျိုးမျိုးဖြင့် ကမ္ဘာ့လူသားများထံသို့ လာရောက် လျက်ရှိနေသည်။
(၁၀) ယခုရင်ဆိုင်ကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် ကမ္ဘာပေါ်ရှိလူသားတို့ ရင်ဆိုင်ကြုံ တွေ့ရမည့် ကမ္ဘာ့ကပ်ကြီးများထဲမှ တစ်ခုသာဖြစ်သည်ဟု ပြောရပေမည်။

လောဘ၊ ဒေါသ၊ မောဟ စသည်တို့သည် လူသား တို့၏မွေးရာပါ ကိလေသာ အညစ်အကြေးများ ဖြစ်ကြ၏။ လူတို့သည် ထိုလောဘ၊ ဒေါသ၊ မောဟတို့ဖြင့် လောကီ ရေးရာများတွင် ဖြစ်တည်လှုပ်ရှားနေကြရ၏။ လောကီ လူသားတို့ကိုတပ်မက်မှုဖြစ်စေသော ဥစ္စာဓန၊ ဂုဏ်ပကာ သန၊ ထင်ပေါ်ကျော်ကြားမှု စသည့် အမျိုးမျိုးရယူပိုင်ဆိုင် လိုမှုများအတွက် စိတ်ဆန္ဒ၏စေစားရာအတိုင်း အသိ ဉာဏ်ပညာကို သတိမေ့လျော့လျက် လိုက်ပါရင်း လောဘ၊ ဒေါသ၊ မောဟတို့ ရှိသင့်သည်ထက် ပိုမိုလွန်ကဲမှုများ ရှိလာခဲ့ပါလျှင် လူသားတို့မှီတင်းနေထိုင်ရာ ဤကမ္ဘာ ကြီးပေါ်၌ ကပ်ရောဂါကြီးများ တစ်ချိန်မဟုတ် တစ်ချိန်၌ ဖြစ်ပွားလာကြဦးမည်ဟု ကြားခဲ့ဖူးသည်။

သာမန်လူတစ်ယာက်ဖြစ်သော်လည်း ငွေကြေး လှူဒါန်းမှုအားကောင်း၍ ပရဟိတနှလုံးသားကြီးမားသူ၊ ကွန်ပျူတာလုပ်ငန်းရှင် အမေရိကန်သူဌေးကြီး ဘီလ်ဂိတ် ကပင် ၎င်း၏ ၂၀၁၅ ခုနှစ် မတ်လကပြုလုပ်ခဲ့သည့် ဟောပြောမှုတစ်ခု၌ လာမည့်ဆယ်စုနှစ်များအတွင်း လူသား များကို အကြီးမားဆုံးခြိမ်းခြောက်မှုသည် စစ်ပွဲမဟုတ် ကူးစက်မှုပြင်းထန်သော ဗိုင်းရပ်စ်ပိုးမွှားပင်ဖြစ်သည်ဟု ခန့်မှန်း သတိပေးခဲ့ပြီးဖြစ်သည်။

(၁၁) လူသားအားလုံးသည် ဖြစ်၊ တည်၊ ပျက်ကမ္ဘာထဲတွင် ကျင်လည်နေကြ၏။ အဆုံးမရှိသော တီထွင်ဆန်းသစ်မှုများ ပေါ်ထွက်လျက်ရှိသည့် အနာဂတ်ကမ္ဘာသည် ပိုမိုများပြား လာသော ဘေးအန္တရာယ်တို့၏ စိန်ခေါ်မှုများဖြင့်လည်း ပျက်စီးခြင်းဆီသို့ ယခင်ကာလများထက် ပိုမိုဦးတည် နေလျက်ရှိနေပေသည်။ သတိမမူဘဲ နေထိုင်ခဲ့ကြ၍သာ ဖြစ်ခြင်း၊ ပျက်ခြင်းအခြေအနေတို့အပေါ်တွင် အံ့ဩခြင်း၊ ထိတ်လန့်ခြင်းတို့ ခံစားနေရခြင်းဖြစ်သည်။ နယ်ပယ်စုံတွင် တီထွင်ကြံဆမှုများဖြင့် တိုးတက်မှုများရှိနေသော်လည်း ယခုကဲ့သို့ ဘေးအန္တရာယ်ကပ်ဆိုးကြီးများကို ကာကွယ်ရန် အဆင်သင့် မရှိခဲ့ကြပေ။

(၁၂) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးတွင် လူသား တို့ လက်တွေ့ကျကျပိုင်ဆိုင်သည်မှာ ယခုလက်ရှိပစ္စုပ္ပန် ကာလပင်ဖြစ်သည်။ လတ်တလောကာလတွင် ကမ္ဘာကြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှ ပြန်လည်ရုန်းထလာနိုင်ရေး အတွက် အားထုတ်ကုစားရင်း ထပ်မံဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ကာလ မသေချာမှုများ၊ ဘေးအန္တရာယ်အမျိုး မျိုးအတွက် ပြင်ဆင်ရန် အချိန်ကောင်းဟုသာ မှတ်ယူရ ပေမည်။

အနာဂတ်ကမ္ဘာကို ခြိမ်းခြောက်လာနိုင်သည့် ဘေး အန္တရာယ်မျိုးစုံတို့သည် လူသားတို့ စိတ်နေစိတ်ထား အပြောင်းအလဲတို့နှင့် ဆက်စပ်မှုများရှိနေသည်။ လူသား တို့၏ရပ်တည်မှုကို ထိခိုက်ပျက်စီးစေမည့် အနာဂတ် ကာလ ဘေးအန္တရာယ်များအတွက် ကြိုတင်မြော်တွေး၍ ရုပ်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို မပြတ်လုပ် ဆောင်နေရန် လိုသကဲ့သို့ လွန်ကဲတတ်လွန်းသော လောဘ ၊ ဒေါသတို့ လျှော့ချနိုင်ရေး၊ ကမ္ဘာမြေပေါ်တွင် အတူတကွ မှီခိုအသက်ရှင်နေကြသော လူသားအချင်းချင်း ကိုယ်ချင်းစာစိတ်များထားနိုင်ရေး၊ လူအပါအဝင် သတ္တဝါ များစွာတို့ မှီခိုရာကမ္ဘာ ဂြိုဟ်အပါအဝင် အခြားသော ဂြိုဟ် ပေါင်းများစွာ လှည့်လည်တည်ရှိနေသည့် စကြဝဠာအတွင်း မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်များအပေါ် မေတ္တာစိတ်နှလုံးသွင်းနေထိုင်နိုင်ရေး စသည့်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု များကိုပါပြုလုပ်ကြရန် လိုအပ်ပေသည်။ သို့မှသာ အနာဂတ် တွင် ကြုံတွေ့လာလတ္တံ့သော ဘေးအန္တရာယ်အမျိုးမျိုး ကို အထိတ်တလန့်ခံစားကာ ပျာယာခတ်လျက်ပြင်ဆင် နေစရာမလိုဘဲ တည်ငြိမ်ရင့်ကျက်သောအနေအထားဖြင့် လှုပ်ရှားတုံ့ပြန်နိုင်ပေလိမ့်မည်ဖြစ်ပေသည်။ ။



ကိုးကား။ https://towardsdatascience.com

No comments:

Post a Comment