Wednesday, April 15, 2020

ငြိမ်းချမ်းရေး ပြည်ထောင်စုရေး



ဆူးငှက်

ပုဂံခေတ်ကတည်းက အထင်အရှားရှိခဲ့တယ်ဆိုတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မန္တလေးရတနာပုံခေတ် အထိ 'ပဒေသရာဇ်သင်္ကြန်' အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။ 'သင်္ကြန်'ဆိုတာ 'ကူးပြောင်းခြင်း'ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို သမားဟူးရား တို့ရဲ့'စိတ်တော်သိ ဗောင်းတော်ညိတ်'ဗေဒင်ကိန်းခန်း ယတြာများနှင့်အတူ ဘုရင်ဧကရာဇ် အသိုင်းအဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်းအကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက်စီမံရတဲ့ ပြုဖွယ်ကိစ္စများပဲဖြစ်ပါတယ်။ အများ ပြည်သူလူထုအနေနဲ့ကတော့ နှစ်ဟောင်းက အညစ် အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်း ကြစေကြောင်း ဇမ္ဗူဒီပါဩဘာ နိမိတ်ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေအတိုင်း အောင်သပြေခက်နဲ့ ရေပက်ကစားကြတာပါပဲ။ ဘယ်မင်း ဧကရာဇ်ပြောင်းပြောင်း ပြည်သူလူထုရဲ့အစဉ်အလာက တော့ ဒီအတိုင်းပါပဲ။

ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင်တိုက်ပါ့မမ
ကောဇာသက္ကရာဇ် ... ၁၂၄၁ခုနှစ်။

မန္တလေးကို ဗြိတိသျှအစိုးရသိမ်းပိုက်ပြီး နောက်ပိုင်း မန္တလေးရဲ့ လူမှုရေး၊ စီးပွားရေးတွေ ပုံစံပြောင်းသွားတယ်။ မိရိုးဖလာ လက်လုပ်လက်စားတွေ၊ လက်မှုအနုပညာရှင် တွေ၊ ကုန်ရောင်းကုန်ဝယ်တွေ၊ ကုန်သည်ပွဲစားတွေဆိုတဲ့ အလုပ်တွေအပြင် တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ်စတဲ့ အရင်း ရှင်ကြီးများရဲ့ကုန်တိုက်ကြီး တွေလည်း ဖွင့်လှစ်လာ ကြတယ်။ အုပ်ချုပ်မှုယန္တရားရဲ့ အဓိကနေရာဖြစ်တဲ့ ဘုရင်ခံအိမ်တော် တည်ရှိရာ မန္တလေးနန်းတွင်းနဲ့အုပ်ချုပ် သူ အမှုထမ်းများနေထိုင်ရာ သံဝင်းရပ်(ယခု-အောင်မြေ သာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်)တို့ ဆက်သွယ်တဲ့ အာဠဝီ(စီလမ်း)လမ်းမကြီးဟာ မန္တလေးရဲ့ ကုန်သွယ်မှု ဗဟိုလမ်းမကြီး ဖြစ်လာတယ်။  မူလစီးပွားရေးရပ်ကွက် ဖြစ်တဲ့ ဈေးချိုတော်ကို ပင်မပြုပြီးလည်း ဘီလမ်းလို၊ ရုံတော်ကြီးလို၊ ဘာဘူတန်းလို နေရာတွေမှာလည်း ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီတွေ ဖွင့်လှစ်လာကြတယ်။ ၁၉၃၀ ဝန်းကျင်ရောက်တော့ သမားရိုးကျ ရေပက်ကစား သင်္ကြန်ဟာ ကုန်တိုက်ကြီးတွေကအသုံးပြုတဲ့ ကုန်တင် ကားတွေနဲ့ လှည့်လည်ရေပက်ကစားတာ၊  ကားပေါ် တူရိယာပစ္စည်းတင်တာ၊ ကားကို ပန်းချီရေကန်ထည် အလှဆင်တာ၊ ဘက်ထရီမီးတွေနဲ့ ထွန်းညှိလှပစေတာ တွေအထိ တိုးတက်လာတယ်။  ဒီလိုအလှပြယာဉ်ကြီး တွေနဲ့  ဧည့်ခံမဏ္ဍပ်နဲ့  အပြန်အလှန်  သီချင်းဆိုကြတာ၊ ဖျော်ဖြေသီဆိုတီးမှုတ်ကြတာတွေ ရှိလာတယ်။ သင်္ကြန် သံချပ်ဆိုတာတွေကလည်း   အရင်လို   "ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ"ဆိုတာမျိုးတွေ မဟုတ်တော့ဘူး၊
"လူချောလူလှ လက်ရွေးစင်၊ ရှက်သွေးခင်ရင်၊ မှိတ် လို့သာပက်၊ လောင်းလိုက်ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာ ပူတာ၊ အေးပေါ့ အေးပေါ့။" စတဲ့ သံချပ်တွေ ဖြစ်ကုန်ပါပြီ။
ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့် ဝန်းကျင် ... ။

တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ

ကမ္ဘာကြီးရဲ့ နိုင်ငံရေးချိန်ခွင်လျှာတွေ ပြောင်းလဲမှုနဲ့ အတူ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ သင်္ကြန်လည်း စုံးစုံး မြုပ်လုမတတ် ဖြစ်ရတယ်။ ၁၉၄၅ခုနှစ် မတ်လမှာ စစ်ကြီးပြီးငြိမ်း ခြင်းနှင့်အတူ မတ်လ ၂၃ ရက်နေ့ စစ်ပြေး သူတွေ မန္တလေးမြို့ပြန်အဝင် "ခါတော်ရောက်ချိန်နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမ တို့ရေ..." လို့ ခွန်းဆက်သံနှင့် အတူ "မန္တလေးဆို ရွှေမြို့ တို့ရတနာပုံနေပြည်၊ တင့်တယ် သာယာစည်ကား   ဟိုတုန်းအခါကလေ၊   အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြစို့လေ…" လို့ ပြာပုံထဲ က ပြန်လည်ရှင်သန်နိုးထမယ့် မန္တလေးကို သင်္ကြန် ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာကလည်း ခေတ်ကို မျက်ခြည် မပြတ်ခဲ့ဘူးဆိုတဲ့ သာဓကပါ။ စစ်ကြီးအပြီး ပြန်လည် စည်ကားလာတဲ့ တစ်ခုသောသင်္ကြန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့သင်္ကြန်အမှတ်လက္ခဏာအဖြစ် မှ မှတ်ကျောက်တင်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ "ရွှေမန်း တောင် ရိပ်ခို"သီချင်း၊ "အေးအေးချမ်းချမ်း" သီချင်းတွေလည်း အမွေအနှစ် ကျန်ရစ်ခဲ့တယ်။ အဲဒီမန္တလေးဟာ စစ်ကြီး ထဲက ပြန်လည်အောင်ပွဲ ခံခဲ့ကြတာနဲ့အတူ လွတ်လပ်ရေး တိုက်ပွဲဆီ   အမျိုးသားအားမာန်နဲ့   ရည်မွန်တဲ့   ပုံရိပ် လက္ခဏာတွေနဲ့ ထင်ဟပ်ခဲ့တယ်။ ရာချီရှိတဲ့ အလှပြယာဉ် တွေက အမျိုးသားအားမာန် ပြဋ္ဌာန်းခွင့်ဆန္ဒ၊ ခေတ်မီ မျိုးချစ် လွတ်လပ်ရေးတိုက်ပွဲဝင်တပ်မတော် စတဲ့ သရုပ် ဖော်မှုတွေနဲ့ တက်ကြွခဲ့ကြလေရဲ့။ သံချပ်တွေကလည်း လွတ်လပ်ရေးတိုက်ပွဲခေါ်သံတွေ ...။
ကောဇာသက္ကရာဇ် ၁၃၀၈ခုနှစ် (၁၉၄၇) သင်္ကြန်။

ခါတော် ရေစင် ဖျန်းလို့ ဝေစီလွင်

၁၉၄၈ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့ လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်မှုနှင့်အတူ ဖွားဖက်တော်ဖြစ်တဲ့ အမျိုးသားချင်း သဘောထားကွဲလွဲမှုပြယုဂ် ပြည်တွင်း စစ်ကြီးလည်း  စိတ်မချမ်းသာစွာ    ခံစားခဲ့ကြရတယ်။ တစ်မျိုးသားလုံးရဲ့ ဆန္ဒက နှစ်ဦးနှစ်ဖက်အာဃာတတွေ စွန့်လွှတ်ပြီး ငြိမ်းချမ်းစေလိုတယ်။ အားလုံးရဲ့ ဘုံဆန္ဒက "ငြိမ်းချမ်းရေး" ပါပဲ။ ဒါကြောင့် တစ်မျိုးသား လုံးနဲ့ဆိုင်တဲ့ သင်္ကြန်ကလည်း မမေ့မလျော့နဲ့ "ငြိမ်းချမ်းရေး"ဆီ ဦးတည်ခဲ့ကြတယ်။ "ပိတောက်တွေ ဝေဝေလွင်လွင်၊ ရွှေရည်လူးဖူးပွင့်တဲ့ ဒီအချိန်တွင် ဗမာပြေ ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်၊ ငွေငန်းဆု တောင်း၊    အောင်ကြောင်းကိုပင်   ခါတော်ရေသဘင်" တဲ့လေ။ ဆရာမြို့မငြိမ်းကလည်း ငြိမ်းချမ်းရေးသဘင် ဆိုတဲ့ သီချင်းနဲ့ ဆုမွန်ခြွေခဲ့တယ်။ တစ်မြို့လုံး ရေသဘင် မဏ္ဍပ်ရာချီ၊ အလှပြယာဉ်ရာချီပြီး ဆင်နွှဲတဲ့ ဒီသင်္ကြန်မှာ သီချင်းတွေ၊ သံချပ်တွေ အားလုံး ငြိမ်းချမ်းရေး အသံတွေ ဘဝဂ်ညံခဲ့တယ်။
ကောဇာသက္ကရာဇ် ၁၃၁၁ ခုနှစ် (၁၉၅၀) သင်္ကြန် (ဝါ) ငြိမ်းချမ်းရေးသင်္ကြန်။

တစ်အူထုံ့ဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ
မြန်မာပြည်ဟာ  တိုင်းရင်းသားအားလုံး  ညီအစ်ကို မောင်နှမစိတ်ဓာတ်နဲ့   အတူလက်တွဲကာ    အေးအတူ ပူအမျှခံစားနေထိုင်ကြတဲ့  ပြည်ထောင်စုနိုင်ငံတော်ဖြစ် တယ်။ ဒါပေမယ့် ပြည်တွင်းစစ်မီးနဲ့အတူ အုပ်ချုပ်သူ အစိုးရတွေရဲ့ မမှန်ကန်တဲ့သဘောထားအချို့ကြောင့် ပြည်ထောင်စုကြီးပြိုကွဲဖို့ အခြေအနေ တွေဖြစ်ခဲ့တယ်။ "ပြည်ထောင်စု"   ဆိုတဲ့  အစည်းမပြေရေးဟာလည်း တစ်မျိုးသားလုံးဆိုင်ရာ    ကိစ္စဖြစ်တယ်။   ဒါကြောင့် ငြိမ်းချမ်းရေးနှင့်အတူ   ပြည်ထောင်စုရေးကလည်း ခေါင်းနဲ့ပန်းလို ခွဲလို့မရပေဘူး။ ဒါကြောင့် တစ်မျိုးသား လုံးဆိုင်ရာ သင်္ကြန်ပွဲတော်ဟာ "ပြည်ထောင်စု" ကိစ္စကို လည်း လျစ်လျူရှုကာ အပျော်မဖက်ခဲ့ဘူး။ ငြိမ်းချမ်းရေး သင်္ကြန်လိုပဲ နောက်တစ်နှစ်မှာ အသင်းပေါင်းရာချီပြီး သင်္ကြန်ပွဲတော်ဆင်နွှဲကြရာမှာ "ပြည်ထောင်စုရေး"ကို မမှိတ်မသုန်ဦးတည်ကာ သီချင်းတွေသံချပ်တွေနဲ့ သင်္ကြန် ပွဲတော်ကြီးတစ်ခုကို မန္တလေးသူ မန္တလေးသားတွေ  ဝှဲချီး ကျင်းပခဲ့ကြတာလည်း    မမေ့ပျောက်နိုင်စရာပါပဲ။ "နိုင်ငံတော် ညီရင်းအစ်ကိုများတွေ၊ တို့ တိုင်းရင်းသားတွေ၊ တစ်အူထုံ့ဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ၊ ထာဝစဉ် မေတ္တာဓာတ်တိုးစေ၊ ဖျန်းဆွတ်သော သင်္ကြန်ရေ" လို့ မြို့မငြိမ်းက ရေးစပ်ခဲ့ပါတယ်။
ကောဇာသက္ကရာဇ် ၁၃၁၂ ခုနှစ် (၁၉၅၁) သင်္ကြန်(ဝါ) ပြည်ထောင်စုသင်္ကြန်။

ငြိမ်းချမ်းရေး .. ပြည်ထောင်စုရေး ..

၁၉၆၂ ခုနှစ် မှသည် သံသယ၊ ကွဲလွဲမှု၊ အမိန့်အာဏာ၊ မျိုသိပ်မှု၊ အစမ်းသပ်ခံ၊ စီမံကိန်း၊ အစီရင်ခံစာ စတဲ့ စတဲ့... စကားလုံးတွေ၊ ဟန်ဆောင်မှုတွေ ကာလရှည်ဖြတ်သန်းပြီး တော့ ချွေးတွေ၊ မျက်ရည်တွေ၊ သွေးတွေ၊ စွန့်လွှတ်မှုတွေ၊ စွန့်စားမှုတွေ အရင်းတည်ပြီး ပွင့်လင်းမှုနှင့် အကောင်း ဘက်ဆီဦးတည်ပြီလို့ ဆိုရပေမယ်။ လူ့အခွင့်အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အပြန်အလှန်နားလည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ လက္ခဏာကောင်းတွေမှာ အခု "အရေးတကြီး(အရေးတကြီး)" ထပ်မံလိုအပ်နေတာ ကလည်း မပြီးဆုံးနိုင်သေးတဲ့ "ငြိမ်းချမ်းရေး" ၊"ပြည်ထောင်စု ရေး"ပဲ မဟုတ်ပါလား။
ငြိမ်းချမ်းရေး ... ပြည်ထောင်စုရေး ...
ပြည်ထောင်စုရေး ... ငြိမ်းချမ်းရေး ...

No comments:

Post a Comment