နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ပြန်လည်ယူဆောင်လာသည့် အဆိုပြုချက်များကို အသေးစိတ်ထပ်မံဆွေးနွေးမည်
ရန်ကုန် မတ် ၆
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ(NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) တွင် ကျင်းပသည်။
စိတ်ရင်းစေတနာမှန်ကို ပြသ
အစည်းအဝေးတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အဖွင့်အမှာစကားပြောကြားရာ၌ “ ယခင် အစည်းအဝေးတွေကနေ ဆက်လက်ညှိနှိုင်း ဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက် ကိစ္စတွေ၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် အကောင် အထည်ဖော်မှုကိစ္စတွေ၊ အခြေခံမူ သဘော တူညီချက်များ ရယူရေးကိစ္စတွေကို နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ ဒီကနေ့ အစည်း အဝေးမှာ ဆက်လက်ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ အထက်ပါ ကိစ္စရပ်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ အဖြစ် ချုပ်ဆိုမှာ ဖြစ်တဲ့အတွက်လည်း လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးပါတဲ့ ဖြစ်စဉ် မှတ်တမ်းတစ်ခုဖြစ်သလို ကျွန်တော်တို့ အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးဖက်တွေ အကြား စိတ်ရင်းစေတနာမှန်ကို ပြသဖို့ အချိန် အခါပဲဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဆွေးနွေးမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ကျွန်တော်တို့တတွေ NCA လမ်းကြောင်းကနေ သွေဖည်မှုမရှိဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက် နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ မရပ်တန့်သွားဖို့ ကျွန်တော်တို့ နှစ်ဖက်အဖွဲ့ အစည်းတွေအနေနဲ့ အပေးအယူ အလျှော့ အတင်းနဲ့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေး မယူဘဲ ရှေ့ဆက်ဆောင်ရွက်သွားကြဖို့ လိုအပ် ပါတယ်။ ယခင် ဒုတိယအကြိမ် တွေ့ဆုံမှု မှာလည်း ကျွန်တော် ဆွေးနွေးခဲ့တာရှိပါတယ်။ နိုင်ငံရေး အခြေခံမူတွေရယူနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်သလို တစ်ဖက် မှာလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာ ရေးကနေ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးအထိ ဆွေးနွေးညှိနှိုင်းသွားဖို့၊ ယုံကြည်မှုနဲ့ တည်ငြိမ်ကောင်းမွန်တဲ့ အခြေ အနေတစ်ရပ်ကို ဖန်တီးတည်ဆောက်သွားကြ ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားသည်။
အသေးစိတ် ထပ်မံဆွေးနွေးဖို့ရှိ
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက “မနေ့က မတ် ၅ ရက်မှာ နှစ်ဖက်အလုပ်အဖွဲ့ငယ်တွေရဲ့ ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းကနေ စုစည်းပေးတဲ့ (၈) ကြိမ် မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်တဲ့ သဘောထားစုစည်းချက်တွေကို ဒီနေ့အစည်း အဝေးမှာ အပြန်အလှန်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ တွေ ပြန်လည်ယူဆောင်လာတဲ့ အဆိုပြုချက် တွေကို အသေးစိတ် ထပ်မံဆွေးနွေးဖို့ရှိပါ တယ်” ဟု ယနေ့အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
ယနေ့ကျင်းပသည့် နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးသည် တတိယအကြိမ် မြောက်ဖြစ်ပြီး အပိုင်း(၁) NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက်ကိစ္စ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများကိစ္စ၊ အပိုင်း (၃) အခြေခံမူ သဘောတူညီချက်များ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၏ နှုတ်ခွန်းဆက် အမှာစကားတွင် “ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) အတွက် NCA အကောင်အထည် ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ် အခြေခံမူ သဘောတူညီချက်များ စတာတွေကို ဒီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်သလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပရေးအတွက် အစီအစဉ်များ၊ UPDJC အစည်းအဝေး ကျင်းပရေးဆိုင်ရာ ပြင်ဆင်ထားရှိမှုများနဲ့ အခြားအရေးပါတဲ့ အကြောင်းအရာတွေကို ညှိနှိုင်းဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ထို့အတူ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း NCA လက်မှတ်မရေးထိုးသေးတဲ့ EAO တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေးနည်းလမ်းများအတွက်လည်း ဒီအစည်းအဝေး မှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ် တဲ့ NCA (၄) နှစ်မြောက် နှစ်ပတ်လည် အခမ်း အနားမှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှု ငါးချက် တို့ကို ရည်ညွှန်းကိုးကားပြီး နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ညှိနှိုင်းဆွေးနွေး သွားသင့်တယ်လို့ မြင်ပါတယ်။
NCA စာချုပ် ပုဒ်မ(၂၂-ဃ) ပါ “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘော တူညီသည်”လို့ ပြဋ္ဌာန်းထားသလို NCA (၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောထား တဲ့ မိန့်ခွန်းမှာပါတဲ့ “ဇယား ၂၊ ၃ နဲ့ ၅ မှာ ကျွန်တော်တို့ ဘာတွေ ဖြည့်စွက်ပြင်ဆင်ပြီး ဘယ်လိုပြည့်စုံအောင် ဆောင်ရွက်ကြမလဲ ဆိုတဲ့ စဉ်းစားနည်းက ပိုမိုသဘာဝကျလိမ့် မယ်လို့ ထင်ပါတယ်” ဆိုတာလည်း ရှိနေတော့ ခေါင်းဆောင်တွေရဲ့ ပြောကြားချက်အပေါ် ဟန်ချက်ညီစွာ ထည့်သွင်းစဉ်းစားသွားသင့် တယ်လို့ ထင်ပါတယ်။
ဒီအဆင့်ရောက်အောင် အစိုးရပိုင်းမှာ ညှိနှိုင်းမှုတွေရှိသလို မိမိတို့ NCA-S EAO တွေ အကြားမှာလည်း အကျေအလည် ညှိနှိုင်းမှုတွေ အကြိမ်များစွာပြုလုပ်ခဲ့ရပါတယ်။ အချင်းချင်း အကြား ဟန်ချက်ညီ မျှမျှတတဖြစ်အောင် ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ တစ်ဖွဲ့ချင်း အကျိုး၊ အစုအဖွဲ့အကျိုးနဲ့ အားလုံးအကျိုးတွေ အတွက် သဟဇာတဖြစ်ဖို့နဲ့ အချိတ်အဆက် မိအောင် လုပ်ဆောင်ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဝိဝါဒကွဲပြားမှုတွေ မရှိအောင် ထိန်းညှိထိန်းကွပ်ပေးရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီတတိယအကြိမ် ညှိနှိုင်းအစည်း အဝေးမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ကျင်းပနိုင်ဖို့ မိမိတို့နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ကြားမှာ တစ်ဖက်ကိုတစ်ဖက် နားလည်မှုရှိရှိနဲ့ ဆက်လက်ညှိနှိုင်းလုပ်ဆောင်သွားဖို့ လိုအပ် ပါတယ်။
မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုး ကတိကဝတ်ပြုထားပြီးဖြစ်လို့ NCA အတိုင်းလိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိပါ တယ်။ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာကျင်းပပြီး NCA ရဲ့ ခိုင်မာတည်တံ့ မှု၊ အရှိန်အဝါ၊ အနှစ်သာရ၊ ယုံကြည်မှု၊ အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ တန်းတူညီမှုတွေကို ဝိုင်းဝန်းပြန်လည် ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။
တက်ရောက်
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ် များအဖြစ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြ ရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာ ဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ကြသည်။
အစိုးရနှင့် NCA-S EAO တို့၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မတ် ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
သတင်း- ရဲခေါင်ညွန့်
ဓာတ်ပုံ- ဖိုးထောင်
No comments:
Post a Comment