Sunday, March 8, 2020

အသိပညာလည်းပေးရင်း ထိထိရောက်ရောက်နှိမ်နင်း


မြန်မာ့အလင်းအယ်ဒီတာအာဘော်


တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ် များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။
သစ်တောဦးစီးဌာနက မြန်မာ့သစ်တောများ ရေရှည်တည်တံ့ ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးတို့ကို ဦးတည်၍ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ခင်း များ တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော များ တည်ထောင်ခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများ သည် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း၏ အရေးကြီးသည့်လုပ်ငန်းများလည်း ဖြစ်သည်။ မြန်မာ့သစ်တောမူဝါဒကြေညာချက်နှင့်အညီ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ သမင်မွေးရင်း ကျားစားရင်း အဖြစ်မျိုးသို့ မရောက်ရှိစေရေးအတွက် သစ်တောများအတွင်း ကျူးကျော်မှုများနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကို ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းသွားရမည်ဖြစ်သည်။
တရားမဝင်သစ်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် သစ်တောဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System) ကို ကျင့်သုံးလျက်ရှိပြီး သတင်းပေးဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ကာ တရားမဝင်သစ်တားဆီးရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အားကို ရယူဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိမှုများမှာ ကျွန်းသစ် တန် ၁၄၁၀၀ ကျော်၊ သစ်မာတန် ၅၁၀၀ ကျော်၊ အခြားသစ်တန်ချိန် ၇၀၀၀ ခန့်၊ စုစုပေါင်း သစ်တန်ချိန် ၂၆၂၀၀ ကျော်၊ မီးသွေး တန်ချိန် ၂၆၀၀ ကျော်၊ ကား ၈၄၄ စီး၊ ယန္တရားယာဉ်တစ်စီး၊ ထော်လာဂျီ၊ ထွန်စက် ၇၇ စီး၊ ဆိုင်ကယ်၊ ဆိုက်တွဲယာဉ်၊ နောက်တွဲယာဉ် ၂၉၃ စီး၊ စက်လှေ ပဲ့ထောင်ရေယာဉ်ပေါင်းစုံ ၁၇၁ စင်းတို့ဖြစ်ပြီး သစ်စက်/အင်ဂျင် ၂၆၂ လုံးတို့ဖြစ်ရာ သစ်မှောင်ခို ခိုးထုတ်နေသည့် အင်အား ပမာဏကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။
၁၉၉၅ ခုနှစ် မြန်မာ့သစ်တောမူဝါဒ သဘောထားကြေညာချက် တွင် ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ -
- သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတ များ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်ဟူ၍ လည်းကောင်း၊
- နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင် ရာတွင် သစ်တောများသည် အဓိကအခန်းမှ ပါဝင်နေ ကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်သွားရမည်ဟူ၍ လည်းကောင်း ထည့်သွင်းဖော်ပြ ထားသည်။
မြန်မာ့သစ်တောများ ထာဝစဉ်တည်တံ့ရေးသည် အမျိုးသား လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထာဝစဉ် တည်ငြိမ်ရေးနှင့် ဂေဟစနစ်များ မျှတရေးတို့အတွက် အရေးပါ သည့်အလျောက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ တရားမဝင် သစ်ခိုးထုတ် သယ်ဆောင်ရောင်းဝယ်မှုများသည် ဝိသမလောဘ သားများ၏ ကိုယ်ကျိုးစီးပွားဆောင်ရွက်မှုများဖြစ်သလို ဒေသခံ ကျေးလက်ပြည်သူများ၏ ဥပဒေ၊ နည်းဥပဒေ နားလည်မှု အားနည်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဗဟု သုတနည်းပါးခြင်းတို့နှင့် ဆက်စပ်နေရာ ပြည်သူကို ပညာပေးရင်း သစ်မှောင်ခိုမှုများကိုလည်း ထိထိရောက်ရောက် နှိမ်နင်းမှုများ ပြုလုပ်သွားကြရမည်သာ ဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။ ။

No comments:

Post a Comment