Monday, March 23, 2020

စီးပွားအခက်အခဲများ ကျော်လွှားရေပြင်ဆင်



အယ်ဒီတာ့အာဘော်
==============


ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် တစ်ကမ္ဘာ လုံးတွင် စီးပွားရေးနှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်။ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမား ပြင်းထန်လှသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အလုပ်အကိုင်များရပ်ဆိုင်းပြီး စီးပွားရေးတုံ့ဆိုင်းမှုများဖြစ်ပေါ်လာရာ အစိုးရက ပြည်သူများအား ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးနေသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများက ထိုရောဂါကြောင့် ထိခိုက်ခံစားရမှုအများဆုံးဖြစ်နိုင်ခြေရှိသည့် စီးပွားရေး လုပ်ငန်းများကို တတ်နိုင်သမျှ အစွမ်းကုန်အကူအညီပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရောဂါဂယက်ကြောင့် စီးပွားရေးလုပ်ငန်း များ တုံ့ဆိုင်းသွားခြင်းမဖြစ်စေရန် စီမံလျက်ရှိသည်။

ကမ္ဘာအနှံ့ဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် စီးပွားရေးဂယက်သည် မြန်မာနိုင်ငံအတွင်း ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားစနစ်လုပ်ငန်းများ လုပ်ကိုင်နေသောစက်ရုံ၊ အလုပ်ရုံ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းအတော်များများ လုပ်ငန်း လည်ပတ်ရန် အခက်အခဲများရှိလာသဖြင့် လုပ်ငန်းများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်းနှင့် အလုပ်သမားများလျှော့ချခြင်းတို့ ဖြစ်ပေါ်ခဲ့ သည်။

ထိုကဲ့သို့သော ထိခိုက်နစ်နာမှုဖြစ်သွားသည့် ပြည်သူများအား တတ်နိုင်သလောက်ကုစားမှုပြုနိုင်ရန် နည်းလမ်းရှာကြံကြရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးထိခိုက်မှုရှိသဖြင့် ပိတ်သိမ်းသွား ရသည့် အလုပ်သမားများအတွက် ထိုက်သင့်သည့်အကျိုးခံစားခွင့်များကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော လုပ်ငန်းဌာနများသည် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချရခြင်းတို့ကို လူမှုဖူလုံရေးအဖွဲ့သို့ အကြောင်းကြားလာ ပါက စိစစ်ဆောင်ရွက်ပေးနေသည်ကို အလုပ်ရှင်၊ အလုပ်သမားများ လုပ်ထုံးလုပ်နည်းများကို သိရှိထားသင့်သည်။

အလုပ်ပိတ်သိမ်းပြီး ပြန်လည်လည်ပတ်ကြောင်းကို အကြောင်းကြား ရန် ပျက်ကွက်မှုကြောင့် အလုပ်သမားများ ထိခိုက်နစ်နာမှုဖြစ်ခြင်း၊ မကျန်းမာမှုဖြစ်ခြင်းအတွက် လူမှုဖူလုံရေးခံစားခွင့်များကို အလုပ်ရှင်က တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။ အလုပ်ရှင်ကြောင့် အလုပ် လက်မဲ့ဖြစ်သွားသော အလုပ်သမားများသည် လူမှုဖူလုံရေး နည်းဥပဒေနှင့် အညီ အလုပ်လက်မဲ့ကာလ ခြောက်လထက်မကျော်သောကာလအထိ ဆေးကုသမှုခံယူခွင့်၊ အလုပ်လက်မဲ့ကာလအတွင်း မကျန်းမာမှုဖြစ်ပါက မကျန်းမာသည့်နေ့မတိုင်မီ နောက်ဆုံးခြောက်လအတွင်း ထည့်ဝင်ကြေး လေးလရှိပါက ငွေကြေးခံစားခွင့်အဖြစ် လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းကို ခြောက်လအထိ ခံစားခွင့်၊ မီးဖွားမှုဖြစ်ပါက မီးဖွားခွင့် မစတင်မီ ၁၂ လအတွင်း ထည့်ဝင်ကြေးခြောက်လသွင်းထားပါက လုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကို ငွေကြေးနှင့် စရိတ်အပါအဝင် အကျိုးခံစားခွင့် ခုနစ်မျိုးကို ခံစားခွင့်ရှိသည်။

ထို့အပြင် အလုပ်လက်မဲ့ကာလအတွင်း သေဆုံးမှုဖြစ်ပြီးနောက် နာရေးစရိတ်ခံစားခွင့်ဆိုင်ရာနှင့် ဆေးကုသခွင့်၊ အကျိုးခံစားခွင့်၊ ခရီးစရိတ် စသည်တို့ ရရှိခံစားနိုင်ကြောင်းအချက်များကို သိရှိထားသင့်သည်။ ယခုအခါ COVID-19 ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံသားပိုင် စီအမ်ပီလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ငွေထုတ်ချေးမည့်အစီအစဉ်များ ဆောင်ရွက်နေပြီဖြစ်ရာ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး၊ လူမှုစီးပွားဘဝ ထိခိုက် နစ်နာမှုမရှိရေးအတွက် စီစဉ်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ COVID-19 ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးထိခိုက်လာနိုင်သည့် အခြေအနေများကို ကုစားနည်းအမျိုးမျိုးဖြင့် ပြုလုပ်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း COVID-19 ရောဂါ နောက်ဆက်တွဲဂယက်ကြောင့် လုပ်ငန်းများ၊ အလုပ်လုပ်သူများ ထိခိုက် နစ်နာမှုနည်းနိုင်သမျှနည်းပါးအောင် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးနေ သော ခံစားခွင့်နည်းလမ်းအမျိုးမျိုးတို့ကို သိမြင်နားလည်ရယူလုပ်ကိုင် ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ ။


No comments:

Post a Comment