Monday, March 16, 2020

အသိတရားဖြင့် သတိပြုလိုက်နာပါဝင်



ကမ္ဘာတွင်ဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါဆိုးကြောင့်    နိုင်ငံအများ အပြား  ရောဂါကူးစက်ခံနေရပြီး   အရေးပေါ်အခြေအနေသတ်မှတ်ကာ ခုခံကာကွယ်တားဆီးနေကြသည်။ နိုင်ငံပေါင်း ၁၃၆ နိုင်ငံ ကူးစက်ခံရပြီး  နိုင်ငံပေါင်း    ၅၈    နိုင်ငံ   မကူးစက်သေးခြင်းမှာ    ထိုရောဂါနှင့်ပတ်သက်၍  ကောင်းမွန်သောအနေအထားတစ်ရပ်  ရှိနေသေးသောကြောင့်ဟု  ဆိုနိုင် သည်။ 
ရောဂါမကူးစက်သေးခြင်းမှာ  ရောဂါကူးစက်ခံရသူဖြစ်စေ၊  တစ်စုံ တစ်ရာဖြစ်စေ နိုင်ငံအတွင်းသို့ ရောက်မလာသေးခြင်း သို့မဟုတ် ရောက်ရှိနိုင် ရန် အနေအထားမရှိသေးခြင်း။  အကယ်၍  ရောက်ရှိလျှင်လည်း ဟန့်တားနိုင် စွမ်း သို့မဟုတ် ခံနိုင်စွမ်းရှိမှု၊ မရှိမှု  အနေအထားတစ်ခုခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်မည်ဟု ထင်မြင်ယူဆရသည်။  မည်သို့ပင်ဖြစ်စေ  တရုတ်နိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ သည့် ၂၀၂၀ ပြည့်နှစ်  မတ်လ  ယခုအချိန်အထိ  သုံးလနီးပါးကြာသည့်တိုင်အောင် ကျွန်ုပ်တို့နိုင်ငံသို့ ရောဂါကူးစက်ခြင်းမရှိသေးသည်မှာ ကံကောင်းခြင်းဟု ဆိုချင်ဆိုရမည် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့   (WHO) က   မတ်လ  ၁၁  ရက်နေ့  ညပိုင်းတွင် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက် မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး မတ်လ  ၁၃  ရက်နေ့တွင်  COVID-19  ကပ်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရပိုင်းက ဆောင်ရွက်စရာရှိသည့်ကိစ္စအားလုံးကို အလေးထား ဆောင်ရွက်နေကြောင်း၊ ပြည်သူများ သတိပြုရမည့်အချက်များ စသည်တို့ကို  နိုင်ငံတော်သမ္မတရုံးက   ပြည်သူများသို့  ပန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ပြည်သူများ သတိပြုရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း  အသိပေးထုတ်ပြန်ခဲ့ပြီး ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာရိုက်ခတ်မှု များကို  တွန်းလှန်ဖယ်ရှား၊  လျော့ပါးရေးတို့အတွက်  လှုပ်ရှားဆောင်ရွက် နေသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်အစိုးရက တိုက်တွန်းထားသော အချက်များ၊ ဆောင်ရွက်ရန်အချက်များနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏  အသိပေးထုတ်ပြန်ချက်များအတိုင်း  လိုက်နာဆောင်ရွက် ကြရန်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် တပ်လှန့်နှိုးဆော်အသိပေးလိုက်ချိန်တွင်   မြန်မာနိုင်ငံအနေဖြင့်  ရောဂါဖြစ်ပွားခြင်း မရှိသေးသော်လည်း အများပြည်သူအကျိုးစီးပွားကို ကြိုတင်ကာကွယ်သောအားဖြင့်  ဆောင်ရွက် ဖွယ်ရာရှိသည်တို့ကို   လက်ဦးမှုရယူ၍    စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူများအနေဖြင့် အစိုးရိမ်လွန်ကဲပြီး ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းမှုများ မပြုလုပ်သင့်ပေ။ ထိုသို့ ဖြစ်ပွားမှု အပေါ်  အခွင့်ကောင်းယူပြီး  ကောလာဟလသတင်းများ  ထုတ်လွှင့်ခြင်း၊ စီးပွားရေးမတည်ငြိမ်အောင်   ပြုလုပ်ခြင်းများရှိလာပါက   ပြည်သူများပင် 
ထိခိုက်နစ်နာမှုဖြစ်စေနိုင်ပါသည်။  ယခုအရေးကိစ္စသည်  ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်ဖြစ်နေ၍ ယင်းအပေါ်အသုံးချပြီး အကျိုးအမြတ်ထုတ်ခြင်း မပြုလုပ် ကြရန် လိုအပ်ပါသည်။ 
နိုင်ငံပေါင်းတစ်ရာကျော် ကူးစက်ပျံ့နှံ့နေသော်လည်း မြန်မာပြည်သူ ပြည်သားများအနေဖြင့်  သုံးလခန့်အချိန်အထိ  ဣန္ဒြေမပျက်၊     အလုပ်အကိုင် မပျက်နေနိုင်သည်မှာ    မြန်မာနိုင်ငံ၏  ရေမြေသဘာဝ၊  မြန်မာပြည်သူ  ပြည်သားများ၏ နေထိုင်စားသောက်မှု လူမှုဘဝထုံးတမ်းစဉ်လာဖြစ်မှုများအရ အခြေအနေကောင်းတစ်ခုဟု ဆိုချင်ဆိုနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ မဖြစ်ခင်က ကြိုတင်ပြင်ဆင်ကာကွယ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်၍ လူအချင်းချင်းထိတွေ့မှုများ၊ လူစုလူဝေး ဆိုင်ရာများကို  လတ်တလောတွင်  ရှောင်ရှားထားခြင်းအားဖြင့်  ကပ်ရောဂါ ဘေးမှဝေးအောင်    အသိတရားဖြင့်     ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။          ။

No comments:

Post a Comment