နေပြည်တော် မတ် ၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မတ် ၁ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိမ်းလန်းစိုပြည် ရေးစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်များနှင့် ကျေးငှက် များ သောက်သုံးရန်အတွက် ရေကန်၊ ကြယ်လိပ်မွေးမြူရေး ခြံနှင့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးကျောင်းတော် ရာ၌ သစ်တောဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားသည့် စန္ဒကူးပင်များ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး စန္ဒကူးပင်များ ရေရှည်ရှင်သန် အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းကို အလေးထားဆောင်ရွက်ရန်၊ ပျိုးပင် ငယ်များသာမက ပျိုးပင်ကြီးများ ပျိုးထောင်ထားရှိရန်တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီး ဌာနက တည်ထောင်စိုက်ပျိုးထားရှိသည့် ၁/ ၂၀၁၉ စိုက်ခင်း ဧက ၃၀ နှင့် ၂/၂၀၁၉ စိုက်ခင်းဧက ၂၀ တို့အား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေသမင်များနှင့် ကျေးငှက်များ သောက်သုံးရန်အတွက် တူးဖော်ထားရှိသည့် ကန်တော်ကြီးကန်အား ကြည့်ရှု စစ်ဆေးပြီး ခြောက်သွေ့ရာသီတွင် ရွှေသမင်များ သောက်ရေ ပြတ်လပ်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ အလှူရှင်များ၏ ရေလှူဒါန်းမှုများအား မှတ်တမ်းထားရှိ၍ စနစ်တကျသုံးစွဲ ရန်၊ ရွှေသမင်အရေအတွက်အား မှတ်တမ်းထားရှိရန်၊ ကန်တော်ကြီးကန်ဝန်းကျင်၌ ရွှေသမင်များအတွက် သီးပင်၊ စားပင် စိုက်ပျိုးဆောင်ရွက်မှု၊ ရှင်သန်မှုအခြေအနေကို စနစ် တကျ မှတ်တမ်းထားရှိ၍ သေပင်များအား လာမည့်မိုးရာသီ တွင် ဖာထေးဆောင်ရွက်ရန်၊ ရွှေစက်တော်ဘုရားဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အမြဲစိမ်းအပင် များ စိုက်ပျိုးဆောင်ရွက်ရန်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း လူဝင်၊ လူထွက် သွားလာမှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ဝန်ဆောင်မှုအပြည့်အဝပေးနိုင်
မွန်းလွဲပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက ပြည်သူများ အပန်းဖြေ ပျော်ရွှင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင် စခန်းအား ကြည့်ရှုစစ်ဆေးပြီး ဆင်စခန်းယာယီ ရှင်းလင်း ဆောင်တွင် မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဦးက ဆင်စခန်းဖြစ်ပေါ်လာပုံ၊ အဆောက် အဦများ ဆောက်လုပ်ထားရှိမှု၊ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာရောက်လည်ပတ် သည့် ဧည့်သည်များအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင် စေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ၊ ဆင်စီးခြင်း၊ ဆင်အလှပြသခြင်းများတွင် အန္တရာယ်မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားရှိရန်၊ ပြည်တွင်း ပြည်ပ ဧည့်သည်ဝင်ရောက် မှုကို စနစ်တကျမှတ်တမ်းထားရှိရန်၊ ဆင်စခန်းဝန်းကျင်သန့်ရှင်းရေးနှင့် သာယာလှပရေးကို အထူးဂရုစိုက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
မှတ်တမ်းထားရှိ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်အတွင်းရှိ ကြယ်လိပ် မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေး၍ ကြယ်လိပ်များ၌ ရာသီအလိုက်ဖြစ်တတ်သည့် ရောဂါများ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကြယ်လိပ်များပျောက်ဆုံးမှု မရှိစေရေး အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ကြယ်လိပ်များ၏ နှစ်အလိုက်ဥဥနှုန်း၊ သားပေါက်နှုန်းနှင့် တိုးပွားလာမှုတို့ကို မှတ်တမ်းထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန က ဆင်ဂေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း ၂/၂၀၁၉၊ တောင်တန်းစိုက်ခင်း ၁/၂၀၁၉ နှင့် ၂၀၁၉ ခုနှစ် သစ်မျိုးစုံစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment