Tuesday, March 3, 2020

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး





နေပြည်တော် မတ် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ပုသိမ်-ကံကုန်း- မြောင်းမြလမ်းအပိုင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မရမ်းချောင် - ရွာသစ်လမ်းပေါ် မီတာ ၂၄၀ ရှိ ကျွန်းကုန်းတံတားသစ် တည်ဆောက်နေမှုနှင့် ကျွန်းကုန်းကြိုးတံတားဟောင်း ကြံ့ခိုင်မှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ- ကျုံမငေးလမ်းပေါ်ရှိ ဝါးခယ်မတံတား အဆင့်မြှင့်တင်ခြင်း စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာန တံတားအထူး အဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဦးက ဝါးခယ်မတံတား ပင်မကြိုးတံတားအပိုင်းအား ဖြုတ်သိမ်း၍ HS 25 Load Class Steel Box Girder တံတားအဖြစ် အဆင့်မြှင်တင်ဆောင်ရွက်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

ဝါးခယ်မတံတားသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ- ကျုံမငေးလမ်းပေါ်တွင် တည်ရှိပြီး ဝါးခယ်မမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားကာ ပင်မတံတားအပိုင်းကို ယခင်မူလကြိုးတံတားဟောင်းအား ဖြုတ်သိမ်း၍ Steel Box Girder သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အစားထိုး အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီ တိုင်းဒေသကြီး လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း တွင် ပါဝင်သော လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင် ကျွန်း - ဝါးခယ်မ - မြောင်းမြလမ်းပေါ်တွင် တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၂)မှ တည်ဆောက်နေသော ကျွန်းပြဿဒ်တံတားနှင့် စော်ကဲတံတားတို့၏ သံပေါင် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဘိုကလေး-မော်လမြိုင်ကျွန်း- ကျုံမငေး-မြောင်းမြ လမ်းပေါ်ရှိ တံတားသစ်များဖြစ်သည့် စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတား၊ ယခင်ကြိုးတံတားများအား အဆင့် မြှင့်တင်တည်ဆောက်နေသည့် ဝါးခယ်မတံတားနှင့် ကျွန်းကုန်းတံတားများ တည်ဆောက်ပြီးပါက ခရီးသွား ပြည်သူများအနေဖြင့် ဘိုကလေးနှင့် မော်လမြိုင်ကျွန်းတို့မှ မြောင်းမြနှင့် ပုသိမ်မြို့တို့သို့ အချိန်တိုအတွင်း သွားလာနိုင် မည့်အပြင် ကုန်စည်စီးဆင်းမှုလည်း သွက်လက်မြန်ဆန် လာမည်ဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မအူပင်- ရေလဲကလေး - ကျိုက်ပိ - မော်လမြိုင်ကျွန်းလမ်းနှင့် မအူပင် - တွံတေး - လှိုင်သာယာလမ်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။



သတင်းစဉ်

No comments:

Post a Comment