Monday, March 9, 2020

သမိုင်းမော်ကွန်းရေးထိုးခဲ့သည့် တက္ကသိုလ်



အယ်ဒီတာ့အာဘော်
==============

မြန်မာနိုင်ငံ၏ အထင်ကရ  ရန်ကုန်တက္ကသိုလ်ကြီး  ဖြတ်သန်းခဲ့သောကာလ တစ်လျှောက်အတွင်း  နိုင်ငံနှင့် လူမျိုးအတွက် ထင်ရှားသော  သမိုင်းမော်ကွန်း များ၊  မှတ်တိုင်များ ရေးထိုးစိုက်ထူနိုင်ခဲ့သည်။  ဗြိတိသျှအစိုးရသည်  ရန်ကုန် တက္ကသိုလ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး   တက္ကသိုလ်နယ်မြေအဖြစ်   ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်  စတင်သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏  နှစ်  (၁၀၀)  ပြည့်  ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

၂၀၁၉ ခုနှစ်  ဒီဇင်ဘာလ  ၂  ရက်နေ့က ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်စတင်ကြောင်း   ကြေညာခြင်းအခမ်းအနား     ကျင်းပခဲ့ပြီး ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်  ရာပြည့်သဘင်ကျင်းပ ခြင်းသည် တက္ကသိုလ်ကြီးတွင် ထူးခြားသည့်ဝိသေသလက္ခဏာများရှိခြင်း၊  မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင်ခဲ့ခြင်း၊  မြန်မာနိုင်ငံ၏ဂုဏ်ဒြပ်ကို  ထင်ဟပ်ခဲ့ခြင်းတို့အပြင် မျိုးဆက်သစ်များအတွက်        ပညာအမွေအနှစ်များ  တစ်နှစ်ပတ်လုံး၊  နှစ်  ၁၀၀ ပတ်လုံးပေးခဲ့ခြင်းကို ဂုဏ်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏  သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ ကာလရှည်ကျင်းပ သော အခမ်းအနားမျိုးမရှိခဲ့ပေ။  ပညာကိုအလေးထားသောကာလ၊   သမိုင်း ကို မြတ်နိုးသောခေတ်၊ ကျောင်းသား  ကျောင်းသူများကို  တန်ဖိုးထားသော အချိန်၌ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်   အခမ်းအနားကြီး   ပေါ်ပေါက် လာသည်မှာ   လွန်စွာလျော်ကန်သင့်မြတ်လှသည်။   ရန်ကုန်တက္ကသိုလ်ကြီး၏ ဥပဓိရုပ်၊ ဂုဏ်ဒြပ်နှင့် ထင်ရှားကျော်ကြားမှုများသည် တစ်ချိန်သောကာလက အရှေ့တောင်အာရှတွင်  အကောင်းဆုံးဖြစ်ခဲ့သည်။  ခမ်းနားထည်ဝါ  ဂုဏ်ဒြပ် မြင့်မားသော ရန်ကုန်တက္ကသိုလ်ကြီးကို မြန်မာပညာတတ်များ ပေါ်ထွန်းစေ လို၍  ဗြိတိသျှအစိုးရက   စေတနာအပြည့်ဖြင့်  တည်ဆောက်ပေးခဲ့ခြင်း မဟုတ်ပေ။  မြန်မာမျိုးချစ်ပုဂ္ဂိုလ်များ၏   အကြိမ်ကြိမ်တောင်းဆိုမှုအရ ကာလကတ္တားတက္ကသိုလ်  လက်အောက်ခံဘဝမှ  သီးခြားဖွဲ့စည်းတည်ထောင် ထားသော တက္ကသိုလ်တစ်ခုဖြစ်လာသည်။

ရန်ကုန်တက္ကသိုလ်ကို  အစိုးရ၏မတည်ငွေအနည်းငယ်ဖြင့်  စတင် တည်ထောင်ခဲ့ပြီး တက္ကသိုလ်ပရဝဏ်အတွင်းရှိ ထင်ရှားကျော်ကြားသော အဆောင်များစွာ၊ အဆောက်အဦများစွာတို့ကို ရန်ပုံငွေများ၊ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့်  တည်ဆောက်ခဲ့သည်။  ရန်ကုန်တက္ကသိုလ်ကြီးမှ မျိုးချစ် လူငယ်များ၊ ထင်ရှားကျော်ကြားသော ပညာရှင်များ၊ ပညာတတ်များ မွေးထုတ် ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း အစ  သန္ဓေတည်မွေးဖွားရာနေရာ ဖြစ်သည်။  မြန်မာ့လွတ်လပ်ရေးအောင်ပန်း ကို  ဆွတ်ခူးနိုင်ရန်  ပျိုးထောင်ပေးသောနေရာ၊  တွန်းအားပေးသောနေရာ ဖြစ်သည်။  ဗိုလ်အောင်ကျော်၊  သခင်အောင်ဆန်း၊  သခင်နု၊  ဦးသန့်စသည့် နိုင်ငံရေးခေါင်းဆောင်များ မွေးဖွားပျိုးထောင်ပေးရာနေရာဖြစ်သည်။ ခေတ် တစ်ခေတ်ကို စတင်ပြောင်းလဲပေးနိုင်သောနေရာဖြစ်သည်။ လူမှုဘဝ အဆောက်အဦများ၊  လူမှုဘဝအတွေးအခေါ်များ  မြင့်မားတိုးတက်အောင် မျိုးစေ့ချပျိုးထောင်သောနေရာ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကြီးသည် သမိုင်းမှတ်တိုင်များကို အမြောက်အမြား ရေးထိုးနိုင်ခဲ့သည်။ ပညာလိုလားသူများ၊ အနာဂတ်ကို ပုံဖော်ထုဆစ်လိုသူများက  တက္ကသိုလ်ဂုဏ်ဒြပ်  မြင့်သထက်မြင့်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ သို့သော် ပညာရေးရော၊ နိုင်ငံရေးပါ  ရှင်သန်ထွန်းကားသော တက္ကသိုလ်ကြီးသည်  အကြောင်းအမျိုးမျိုးဖြင့်    မှေးမှိန်ခြောက်သွေ့ခဲ့ရပြန်သည်။        ပြည်သူ့ အစိုးရကာလတွင်   ရန်ကုန်တက္ကသိုလ်ကြီးမှာ   ပြန်လည်ရှင်သန်နိုးကြားလာခဲ့ သည်။ ရန်ကုန်တက္ကသိုလ်ကြီး  ပြန်လည်ရှင်သန်ချိန်တွင်  နှစ် (၁၀၀) ပြည့် ကာလနှင့်  တိုက်ဆိုင်နေ၍  တက္ကသိုလ်ကြီး၏  သမိုင်းဂုဏ်ရောင်ကို တစ်နှစ် ပတ်လုံး ထွန်းလင်းတောက်ပအောင် ဖော်ဆောင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သက်ရှိထင်ရှား ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ဟောင်းကြီးများ၊ လက်ရှိတက္ကသိုလ် ကျောင်းသား ကျောင်းသူများက သမိုင်း ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော   ရန်ကုန်တက္ကသိုလ်ကြီး၏   ဂုဏ်ဒြပ်များကို    ပြန်လည်ဖော်ထုတ်ရင်း အနာဂတ်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး ကျောင်းတော်ကြီးဖြစ်အောင်            ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။


No comments:

Post a Comment