Wednesday, March 4, 2020

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ကျင်းပ

Image may contain: 1 person, standing and indoor
ရန်ကုန် မတ် ၃
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာ ပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာ ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိ ဆရာတော်အဖြစ် ဆောင်ရွက်တော် မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရက အခမ်း အနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။
ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင် ကြောင်းနှင့် ကြွရောက်တော်မူလာကြ သည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်း အဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
အခမ်းအနားဖွင့်လှစ်
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသည့် ဆရာတော်များက ‘သာသနဿစ လောကဿ ဝုဍ္ဎိ ဘဝတုသဗ္ဗဒါ’ အစချီ သော နှစ်ဂါထာကို တညီတညွတ် တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်း အနားကို ဖွင့်လှစ်တော်မူကြသည်။
ယင်းနောက် အစည်းအဝေးကျင်းပ မည့် ၁၃၈၁ ခုနှစ် တပေါင်းလဆန်း (၁၀၊ ၁၁၊ ၁၂)၊ ၂၀၂၀ ပြည့်နှစ် မတ် (၃၊ ၄၊ ၅)ရက်များအတွက် အစည်းအဝေး အစီအစဉ်များကို အကြမ်းဖျင်း လျှောက်ထားပြီး အစည်းအဝေးကြီး၏ အတည်ပြုချက်ကို ရယူသည်။
ဆက်လက်၍ အခမ်းအနားမှူး ဆရာတော်က ယနေ့ ဖြန့်ဝေဆက်ကပ် ထားသော အစီအစဉ်တွင်ပါရှိသည့် အတိုင်း အစည်းအဝေးကျင်းပသွား မည်ဖြစ်ကြောင်း လျှောက်ထားပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ကြီးများ၏ ဩဝါဒကထာများကို နာယူကြသည်။
ထို့နောက် အစည်းအဝေး သဘာပတိ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒ ကထာကို မြွက်ကြားတော်မူသည်။
အထူးလိုအပ်
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထား ရာတွင် ၂၀၁၈ ခုနှစ်က ငါးနှစ်မှ ၁၀ နှစ်အထိ ကြန့်ကြာမှုခင်း ၃၁ မှု၊ ၁၀ နှစ်အထက် ကြန့်ကြာမှုခင်း သုံးမှု၊ စုစုပေါင်း ဝိနိစ္ဆယကြန့်ကြာမှုခင်း ၃၄ မှုရှိခဲ့ပြီး ယခုအခါ ငါးနှစ်မှ ၁၀ နှစ် အထိ ကြန့်ကြာမှုခင်း ၁၀ မှု၊ ၁၀ နှစ် နှင့်အထက် ကြန့်ကြာမှုခင်း ငါးမှု စုစုပေါင်း ဝိနိစ္ဆယကြန့်ကြာမှုခင်း ၁၅ မှုသာရှိသဖြင့် ယခင်နှင့်စာလျှင် ဝိနိစ္ဆယမှုခင်းများ လျော့နည်းသွားပါ ကြောင်း၊ ဝိနိစ္ဆယမှုခင်းများ ကြန့်ကြာ မှု မရှိစေရေးနှင့် မှုခင်းများလျော့နည်း ပပျောက်စေရေးအတွက် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တွင် ဓမ္မဝိနယ ကျွမ်းကျင်၍ စီမံခန့်ခွဲမှုထက်မြက်ပြီး သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း များ၌ အတွေ့အကြုံကြွယ်ဝသည့် သံဃနာယက ဆရာတော်များနှင့် ဝိနည်းဓိုရ် ဆရာတော်များ အထူး လိုအပ်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်ဖွင့်လှစ် သည့် သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းများကို ၂၀၁၇ ခုနှစ်အထိ ဗဟိုအဆင့် ခုနစ်ကြိမ်မျှ ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရှစ်ကြိမ် မြောက် ဗဟိုအဆင့်သင်တန်းကို ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ပျမ်းမျှအားဖြင့် ငါးနှစ်လျှင်တစ်ကြိမ် သံဃနာယက နှင့် ဝိနည်းဓိုရ်သင်တန်းများ ပြုလုပ် နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
သင်ကြားပို့ချပေးနိုင်ခဲ့
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တွင် သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းပေါင်း (၁၈)ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး သင်တန်းသား သံဃာတော် ၁၈၅၅ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၀ တို့အားလည်းကောင်း၊ မြို့နယ် အဆင့်တွင် မြို့နယ်ပေါင်း ၉၀ မြို့နယ် တို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းပေါင်း အကြိမ် ၉၀ ဖွင့်လှစ်ပို့ချနိုင်ခဲ့ကာ သင်တန်းသား သံဃာတော် ၇၂၃၆ ပါး၊ သီလရှင်အပါး ၂၀ နှင့် လူပုဂ္ဂိုလ် ၂၁၆ ဦးတို့အား လည်းကောင်း သင်ကြားပို့ချပေးနိုင်ခဲ့ ကြောင်း သိရှိရပါကြောင်း၊ ဤကဲ့သို့ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း များ ဖွင့်လှစ်ခြင်းအားဖြင့် သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ ညွှန်ကြားလွှာများ နှင့်အညီ သာသနာရေးရာ၊ ဝိနိစ္ဆယ ရေးရာများကို ဖြေရှင်းဆောင်ရွက် ရာတွင် အထောက်အကူပြုမည် ဖြစ်ကာ အနာဂတ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ တာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်လိမ့်မည် ဟု ယုံကြည်ပါကြောင်း။
ပရိယတ္တိ ပညာရေးရာကဏ္ဍမှာ ဆရာတော်များကိုယ်တိုင် ပရိယတ္တိ စာသင်တိုက်များတွင် နေ့စဉ်သင်ကြား ပို့ချလျက်ရှိသော ပရိယတ္တိစာပေ သင်ကြားပို့ချခြင်း လုပ်ငန်းဖြစ်၍ မြို့ရွာတိုင်းနှင့်အမျှ ကျယ်ပြန့်လှပါ ကြောင်း၊ ရှေးခေတ် ဘုန်းတော်ကြီး ကျောင်းများသည် မြန်မာလူမျိုးတို့၏ ပညာရေးကို တာဝန်ယူခဲ့သည့် အလျောက် လောကီလောကုတ္တရာ ပညာရပ်များ သင်ကြားပေးခဲ့ရာမှ နောက်ပိုင်းတွင် ပရိယတ္တိပညာရေး သည် ရဟန်းသာမဏေတို့၏ လက်ဝယ်၌ သီးခြားသဖွယ် တာဝန် ဖြစ်လာပြီးနောက် ပရိယတ္တိစာမေးပွဲ များ၏ အခန်းကဏ္ဍသည်လည်း မြင့်မားလာပါကြောင်း။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကြီးကြပ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက တာဝန်ယူကာ နှစ်စဉ် ကျင်းပပေးနေသည့် ပရိယတ္တိစာမေးပွဲ ငါးမျိုးတွင် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ ပရိယတ္တိဂုဏ်ဆောင် သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ မွေးထုတ်ပေး နေသကဲ့သို့ ပါဠိပထမပြန် ဓမ္မာစရိယ စာမေးပွဲများမှာ ပါဠိပညာရေးစနစ် အခြေခံပေါ်တွင် အဆင့်ဆင့်တာဝန်ယူ သင်ရိုးရေးဆွဲထားသဖြင့် စာသင်သား အများစုနှင့်သက်ဆိုင်သည့် စာမေးပွဲ များဖြစ်ပါကြောင်း။
ကောင်းမြတ်သင့်လျော်
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကြီးကြပ်သည့် ပညာရေးဗဟို အဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဗဟိုအဖွဲ့ခွဲများဖြင့် စနစ် တကျ ဆောင်ရွက်လျက်ရှိရာ စာမေးပွဲ များ စည်းမျဉ်းစည်းကမ်း စနစ်တကျ ရှိစေရေးအတွက် ယခုနှစ် စာမေးပွဲများ မတိုင်မီ တပေါင်းလအတွင်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများပါဝင်သည့် အဖွဲ့ခွဲ များဖြင့် စာဖြေဌာနများသို့ လှည့်လည် ၍ ဩဝါဒပေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားခြင်း၊ ဖြည့်ဆည်းပေးခြင်း တို့ကို ဆောင်ရွက်တော်မူကြရန် စီစဉ် ထားကြောင်း သိရှိရပါသဖြင့် ကောင်းမြတ်သင့်လျော်သည့် အစီ အစဉ်ဖြစ်ပါကြောင်း လျှောက်ထား အပ်ပါကြောင်း။
ဝိနည်းတရားတော်သည် သာသနာ တော်၏ အသက်ဖြစ်သကဲ့သို့ ရဟန်း သာမဏေများက ဝိနည်းသိက္ခာပုဒ်ကို သိရှိလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပရိယတ္တိပညာရေးသည် အဓိကကျလှ ပါကြောင်း၊ ဆရာတော် သံဃာတော် များ၏ ဂန္ထဓုရတာဝန်အဖြစ် ပရိယတ္တိ ပညာသင်ကြားရေးတွင် စာပေပညာ သင်ကြားပေးရင်း အခြားတစ်ဖက်မှ လည်း စာသင်သား ရဟန်းသာမဏေ တို့အား နေထိုင်ကျင့်ကြံမှုကို တစ်ပါ တည်း သင်ကြားပေးသည့် ပညာရေး စနစ်ဖြစ်သဖြင့် လောကုတ္တရာပညာ သင်ကြားရေး၏ ထူးခြားမှုတစ်ရပ်ဟု ဆိုနိုင်ပါကြောင်း၊ အကျင့်သီလ ကောင်းမွန်ခြင်း၊ ပညာဉာဏ် ထက်မြက်ခြင်း၊ သာသနာပြုစိတ် ထက်သန်ခြင်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် ဖြစ်ပေါ်တိုးတက်မှု ဖြစ်ပါသဖြင့် ပရိယတ္တိပညာရေး အခန်း ကဏ္ဍသည် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ မျှော်မှန်းတော်မူကြသည့် သာသနာ သုံးရပ် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ၏ အခြေခံကောင်းပင် ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါကြောင်း။
လျှောက်ထား
နိဂုံးချုပ်အားဖြင့် လျှောက်ထားလို သည်မှာ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်း အဝေးသို့ ကြွရောက်တော်မူလာကြ ကုန်သော ဆရာတော်ကြီးများ အဆင် ပြေချောမွေ့စွာ သီတင်းသုံးနိုင်ရေး၊ ဆွမ်းကွမ်းဝေယျာဝစ္စ ပြည့်စုံမျှတ ကောင်းမွန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လုပ်ငန်းဆောင်တာ အဖြာဖြာတို့ကို သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက် ထားပါကြောင်း၊ ဆရာတော်ကြီးများ အနေဖြင့် အစည်းအဝေးကာလ အတွင်း ကျန်းကျန်းမာမာ စိတ်ချမ်း သာစွာဖြင့် သာသနာအရေးအရာများ ကို ဆွေးနွေးဆုံးဖြတ်နိုင်ကြပါစေ၊ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာဖြင့် ခိုင်မာ တောင့်တင်းအောင် တည်ဆောက်နိုင် ကြကုန်သော အရှင်သူမြတ်များ ဖြစ်ကြပါစေ၊ ဗုဒ္ဓသာသနာတော်ကြီး ရောင်ဝါနေသို့ လင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘုရား တပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်း လျှောက်ထား သည်။
ဆက်လက်၍ တစ်နှစ်တာကာလ အတွင်း ပျံလွန်တော်မူသွားကြသည့် နိုင်ငံတော် ဩဝါဒါစရိယဆရာတော် ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂ ဉာဏ် ပွားတော်မူကြောင်း မှတ်တမ်း တင်သည်။
ယင်းနောက် အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ဘွဲ့အမည် စာရင်းကိုတင်သွင်း၍ အတည်ပြုချက် ရယူသည်။
ထို့နောက် တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင် ခံစာအကျဉ်းကို အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဘိဝံသက တင်သွင်း လျှောက်ထားပြီး နံနက်ပိုင်း အစည်း အဝေးကို ခေတ္တရပ်နားသည်။
ပထမနေ့အစည်းအဝေးရပ်နား
မွန်းလွဲ ၁ နာရီတွင် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင် ကြောင်းကြေညာ၍ အစည်းအဝေးကို ဆက်လက်ကျင်းပရာ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာတော်ကြီးများက ဖတ်ကြားတင်သွင်းကြပြီး အစီအစဉ် များအတိုင်း ဆက်လက်ဆွေးနွေးတော် မူကြကာ ပထမနေ့အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသည့် ဆရာတော်ကြီး များအား တစ်နေ့တာ ဆွမ်းအလှူရှင် အဖြစ် အမှတ် ၂၄၀၊ ကုန်ဈေးတန်း လမ်းမှ ဦးသိန်းမောင်-ဇနီး ဒေါ်ပါးပါး စန္ဒီပရဆေးမိသားစုက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment