မြန်မာ့အလင်းအယ်ဒီတာအာဘော်
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သော ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားကူးစက်မှု ကမ္ဘာအနှံ့အပြားဆီသို့ ရောက်ရှိလာသည့်အခါ နိုင်ငံတကာတွင် အရေးပေါ်အချက်ပေးခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟည်း သွားလေသည်။ ရောဂါပိုးကူးစက်မှုပျံ့နှံ့သည်မှာ မြန်ဆန်ခြင်း၊ လူလူချင်း ကူးစက်နိုင်ခြင်း၊ ရောဂါ၏ ထိုးနှက်မှုက ပြင်းထန်ခြင်း၊ သေကျေပျက်စီး ရသည်အထိ ဖြစ်လာခြင်းတို့က နိုင်ငံအသီးသီးကို ချက်ချင်းဆိုသလို နိုးကြားသွားစေ၏။
ကာကွယ်ရန်နည်းလမ်းတို့ကို အလျင်အမြန်ဆိုသလို နိုင်ငံသားတို့ သိစေရန် ထုတ်ပြန်ကြေညာ၏။ ကာကွယ်နိုင်မှု နည်းလမ်းမျိုးစုံကို အားထုတ်ကြိုးပမ်းရှာဖွေကြ၏။ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်းမျိုးစုံကို အင်တိုက်အားတိုက် ရှာဖွေကြ၏။ နိုင်ငံအချင်းချင်းလည်း သတင်းဖလှယ်ကြ၏။
သည်အနေအထားတစ်ခုလုံးက လူသားအားလုံးနှင့် သက်ဆိုင်နေ သည့် ကိစ္စဖြစ်၏။ နိုင်ငံတစ်ခု၏ သီးခြားပြဿနာတစ်ခုအနေဖြင့် မဟုတ်တော့ပြီ။ ရောဂါပြန့်ပွားမှုနှုန်းနှင့် အန္တရာယ်က ကမ္ဘာ့နိုင်ငံများ အကြားတွင် ရန်သူမိတ်ဆွေမခွဲခြားဘဲ အားလုံးကို အကျပ်အတည်း တွင်းထဲသို့ပို့ရန် ဦးတည်နေပြီဖြစ်၏။ တရုတ်နိုင်ငံအတွင်းမှာ မြို့ တော်တော်များများကို ပိတ်ထားပြီ။ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်း များမှလွဲလျှင် စက်ရုံတို့ကိုလည်း ပိတ်ထားပြီ။ ဆေးရုံများမှလွဲလျှင် အလုပ်ရုံတော်တော်များများကို ပိတ်ထားရပြီ။ ကျောင်းများ၊ ဈေးများ ကို ပိတ်ထားပြီ။
တရုတ်နိုင်ငံ၏ စီးပွားရေးထိခိုက်ရသလို တရုတ်နိုင်ငံနှင့် ဆက်စပ် ပတ်သက် အလုပ်လုပ်နေရသည့် ကမ္ဘာ့နိုင်ငံအများအပြား၏ စီးပွားရေး သည်လည်း သည်သို့ပင်ဖြစ်ချေမည်။ ကုန်စည်ကူးသန်းလုပ်ငန်းများမှအစ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတို့နှင့် ဆက်စပ်နေသည့် လုပ်ငန်း အရပ်ရပ်တို့သည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် လျော့နည်းကျဆင်း သွားဖို့ ဖြစ်နိုင်ချေများပြီ။ အတိုချုံးပြောရလျှင် တစ်ကမ္ဘာလုံး၏ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေကဏ္ဍအသီးသီးတွင် ကျဆင်းသွားလိမ့်မည် ဆိုသည်ကို အလွယ်တကူခန့်မှန်းလို့ရသည်။ နိုင်ငံတို့တွင် စီးပွားရေး ကမောက်ကမဖြစ်သည်ဆိုသည်နှင့် ရာဇဝတ်မှု၊ ဥပဒေစိုးမိုးရေး၊ နိုင်ငံရေး မတည်ငြိမ်မှု စသည်တို့က နောက်ဆက်တွဲပါလာတတ်သည့် ပြဿနာများ ဖြစ်ပေသည်။
စသည်တို့က ယနေ့ကမ္ဘာ၏ လက်ငင်းအနေအထားဖြစ်၏။
ဤသည်မှာ ယနေ့ကမ္ဘာ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ လည်းဖြစ်၏။ သည်လိုအခြေအနေတွင် နိုင်ငံတကာက ချက်ချင်းဆိုသလို အရေးယူဆောင်ရွက်မှုမျိုးစုံကို ကြံဆဆောင်ရွက်ကြ၏။ နိုင်ငံအလိုက်၊ အစိုးရအလိုက်သာမက လူတစ်ဦးချင်းစီကပါ ဘယ်လိုနေရာမှ ပါဝင် ဆောင်ရွက်ရမလဲဆိုသည်ကို ချင့်ချိန်ကြ၊ ဝိုင်းဝန်းကြ၏။
ယခုကဲ့သို့သော ကျန်းမာရေးဆိုင်ရာပြဿနာ ဖြစ်ပွားသည်ဆိုသော သတင်းထွက်ပေါ်လာသည်နှင့် တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြိုင်ဘက်များဖြစ်ကြသော နိုင်ငံကြီးများကလည်း ချက်ချင်းဆိုသလို အကူအညီမျိုးစုံပေးရန် ကမ်းလှမ်းကြ၏။ ဆေးပညာရပ်ဆိုင်ရာ သုတေ သနပြုမှုမျိုး၊ ဆေးဝါးသစ်ရှာဖွေဖော်ထုတ်ခြင်းမျိုးအစရှိသည့် အတူ ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းမျိုးစုံကို ရှာဖွေကာကူညီကြ၏။
‘တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ပိုးမွှားပြဿနာကို ဝိုင်းဝန်းကူညီကြဖို့ ကမ္ဘာ နှင့်အဝန်း ညီညွတ်စို့’ဟူ၍ နိုင်ငံတကာက ကြွေးကြော်စိုင်းပြင်းနေကြ ၏။ ဥရောပသမဂ္ဂ၊ ကမ္ဘောဒီးယား၊ ဩစတြေးလျ၊ အမေရိကန်၊ စင်ကာပူ၊ တောင်အာဖရိက စသည့်နိုင်ငံများက အကူအညီပေးမည့် ကမ်းလှမ်းကြေညာ ချက်များ ထွက်ပေါ်လာ၏။
မိုက္ကရိုဆော့ဖ်၊ ဒဲလ်၊ လာအိုရီးယယ်၊ ကာဂရေးလ်အစရှိသည့် အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့မှ ထင်ရှားသောလုပ်ငန်းကြီးများက တရုတ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးတာဝန်ခံဌာနနှင့် တရုတ် ကြက်ခြေနီအဖွဲ့အစည်းတို့သို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ သန်း လှူဒါန်းလိုက်သည်။ ကုသရေးနှင့် ကာကွယ်ရေးဆိုင်ရာတို့ကို ဆောင်ရွက် နေသော နိုင်ငံတကာအဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ငါးသန်းအပါအဝင် လက်ငင်းလိုအပ်နေသော တရုတ်နှင့်အာဖရိကနိုင်ငံ များသို့ ဘီလ်ဂိတ်နှင့် မယ်လင်ဒါဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ဆယ်သန်းပေးလှူမည်ဟု ကြေညာလိုက်၏။ ဂျပန်နိုင်ငံအခြေစိုက် အီလက်ထရွန်နစ်လုပ်ငန်းကြီးဖြစ်သည့် အင်နာဂိုရာကုမ္ပဏီကလည်း ဝူဟန်မြို့နှင့် ဟူပေပြည်နယ် ပြည်သူလူထုထံသို့ နှာခေါင်းစည်းများ ကုန်သင်္ဘောဖြင့် ပေးပို့လှူဒါန်းလိုက်၏။ နှစ်ပေါင်းလေးဆယ်ကျော် ညီအစ်မမြို့များအဖြစ် ရပ်တည်ခဲ့သော ဂျပန်နိုင်ငံ အိုအိတာမြို့က လည်း နှာခေါင်းစည်းများနှင့်အတူ ‘အားတင်းထားပါ ဝူဟန်’ ဟူသော စာတမ်းများရိုက်နှိပ်ထားသည့် အရေးပေါ်ကယ်ဆယ်ရေးသေတ္တာများကို ပေးပို့လှူဒါန်း၏။
ဤသည်တို့မှာ နိုင်ငံတကာမှ တရုတ်နိုင်ငံသို့ စာနာကူညီမှုအချို့ကို ကောက်နုတ်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ များစွာသော နိုင်ငံတကာ ပြည်သူတို့က နည်းလမ်းအဖုံဖုံဖြင့် ကူညီနေကြသည် ဖြစ်၏။ လူသား တို့တွင်ရှိသည့် ယဉ်ကျေးမှု၊ လူသားချင်းစာနာတတ်မှု၊ ဓမ္မကိုအခြေခံ သည့် လူပီသမှု၊ အမှန်တရားပေါ်တွင် ယုံကြည်ခြင်းအပြည့်ဖြင့် ရပ်တည် လုပ်ဆောင်တတ်သည့် ကိုယ်ကျင့်သီလတို့သည် သာမန်အချိန်များမှာ ထက် အရေးကြုံလာသောအခါများတွင် ထင်ထင်ရှားရှား ပေါ်ပေါက် တွေ့မြင်ရလေသည်။ တစ်နည်းအားဖြင့် အန္တရာယ်နှင့် လက်ငင်းကြုံတွေ့ နေရသူကို ကူညီခြင်းဖြင့် မိမိတို့ကိုယ်ကိုယ်လည်း ကူညီရာရောက် သည်သာပဲ ဖြစ်ပေသည်။
အများနှင့်ယှဉ်၍ အခက်အခဲအကျပ်အတည်းများ ပေါ်ပေါက်လာ သည့်အခါ မိမိအတွက် ကိုယ်ကျိုးရှာမှုသက်သက်ထက် အများနှင့် စပ်လျဉ်းစဉ်းစားတတ်သည့် လေးနက်မှုဖြင့် မေတ္တာတရားတို့ကသာ မိမိနှင့်တကွသော လောကကောင်းကျိုးကို ဖော်ဆောင်နိုင်မည့် အမြော်အမြင်ကြီးမားမှု ဖြစ်ပေမည်။ ။
No comments:
Post a Comment