Tuesday, February 25, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ



Image may contain: 1 person, food
မော်လမြိုင် ဖေဖော်ဝါရီ ၂၄



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ် ဖြင့် ထွက်ခွာကြရာ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မော်လမြိုင်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ရဟတ်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာကြရာ ကော့ကရိတ်မြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ကရင် ပြည်နယ်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူးကွင်း၌ ကော့ကရိတ် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့အနေနဲ့ ကော့ကရိတ်ခရိုင်အတွင်းက ပြည်သူ လူထုနဲ့ တွေ့ဆုံပွဲပြုလုပ်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မတို့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်မတို့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုနဲ့ မျှဝေချင်လို့ပါ။ မျှဝေချင်တယ်ဆိုတာ နိုင်ငံရဲ့ အကောင်းအဆိုး၊ အကြောင်း အကျိုး အားလုံးကို ကျွန်မတို့ ပြည်သူလူထုနဲ့ မျှဝေချင်လို့ ဖြစ်ပါတယ်။ ကောင်းတယ်ဆိုရင်လည်း ကောင်းတာတွေကို မျှဝေချင်လို့ပါ။ ဆိုးတာဆိုရင်လည်း ဆိုးတာတွေကို မျှဝေပြီး အတူခံမယ်၊ အတူစံမယ်။ ဒါ နိုင်ငံသူ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ပါ။
အမြဲတစေ ထိတွေ့မှု
ကိုယ်တိုင် စံရတယ်ဆိုတာက ကိုယ့်ရဲ့ အခွင့်အရေး၊ ခံရတယ်ဆိုတာက ကိုယ့်ရဲ့ တာဝန်ပါ။ ကျွန်မတို့ တစ်တိုင်းပြည်လုံးမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာ ဒီရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ပြည်သူတွေပါဝင်ပြီး တာဝန်ယူစောင့်ရှောက်ပေးနိုင်တဲ့၊ အကာအကွယ် စောင့်ရှောက်မှုလည်းပေးနိုင်တဲ့ အစိုးရမျိုး ကို ကျွန်မတို့ ထူထောင်ချင်ပါတယ်။ ဒီလိုအစိုးရမျိုး ထူထောင်ချင်တယ်ဆိုရင် အစိုးရနဲ့ ပြည်သူကြားမှာ အမြဲတစေ ထိတွေ့မှု လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီလိုတွေ့ဆုံပွဲတွေ လုပ်တာပါ။
အဲဒီလို တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ပြည်သူတွေရဲ့ အသံကိုလည်း ကြားချင်တယ်။ ကျွန်မတို့ရဲ့ အဖြေတွေ ကိုလည်း ပြည်သူတွေက ပြန်ပြီးကြားစေချင်ပါတယ်။ ကျွန်မတို့ တစ်တိုင်းပြည်လုံးထဲကနေပြီး တချို့နေရာတွေက ပိုပြီးအရေးကြီးပါတယ်။ ဥပမာ ကော့ကရိတ်လိုနေရာမျိုးဆို ပိုပြီးအရေးကြီးတယ်လို့ ကျွန်မ တွေးမိပါတယ်။ ဘာဖြစ်လို့ ပိုပြီးအရေးကြီးတယ်လို့ သတ်မှတ်ရသလဲဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို တစ်နေရာက ပိုပြီးအရေးပါတယ်။ တစ်နေရာက ပိုပြီးအရေးမပါဘူးဆိုပြီး အဲဒီလိုခွဲခြား ဆက်ဆံဖို့ မဟုတ်ပါဘူး။
သမိုင်းကြောင်းအရ ကရင်ပြည်နယ်ဟာ ပြည်တွင်းစစ်ရဲ့ ဒဏ်တွေကို ကောင်းကောင်းခံစားခဲ့ရတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ အခုဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တွေကြောင့် တချို့နေရာတွေမှာ အေးချမ်းသွားတဲ့အခါ အရင်တုန်းက ငြိမ်းချမ်းရေး မရှိခင်တုန်းက အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးရပြီးတဲ့ အတွေ့အကြုံ နှစ်မျိုးစလုံးကို ကရင် ပြည်နယ်က ပြည်သူပြည်သားတွေ သိကြပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတယ်လို့ ပြောတာပါ။
ပြည်သူတွေပါမှ အောင်မြင်နိုင်
ပြည်တွင်းစစ်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ ကိစ္စတွေ ကိုလည်း ကျွန်မတို့ ပြန်ပြင်ဖို့လိုပါတယ်။ ပြည်သူတွေ ချမ်းသာလာဖို့နဲ့ လုံခြုံလာဖို့ ဒီဟာတွေလုပ်ဖို့ ကြိုးစားတဲ့ နေရာမှာ ပြည်သူတွေပါမှ ကျွန်မတို့လည်း အောင်မြင်နိုင် မှာပါ။ ကျွန်မစောစောကပြောသလို ငြိမ်းချမ်းရေး ရှိခြင်းနဲ့ မရှိခြင်းရဲ့ အကျိုးဆက်တွေကို ငြိမ်းချမ်းရေးရှိခြင်းကိုလည်း သိတယ်။ မရှိခြင်းကိုလည်း ခံစားခဲ့ရတဲ့ ပြည်သူတွေသာ နားလည်ပါတယ်။
ကျွန်မ ပထမဦးဆုံးအကြိမ် လူငယ်တွေနဲ့လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာဆိုရင် ကရင်ပြည်နယ်က လူငယ်တွေပြောသွားတဲ့စကားကို ကျွန်မအခုထက်ထိ မှတ်မိနေပါတယ်။ ဒီကလေးတွေဟာ နှစ်ဆယ်ကျော်ကျော် လေးတွေ၊ နှစ်ဆယ်ကျော်တွေဆိုတော့ အပစ်အခတ် ရပ်စဲရေး မရခင်တုန်းကအချိန်နဲ့ ရပြီးတဲ့အချိန်တွေကို သိပါတယ်။ ဒီတော့ ကျွန်မ မေးပါတယ် ဘယ်လိုကွာခြား သလဲ၊ ခံစားမှုရှိသလားဆိုတော့၊ ဘယ်လိုအကျိုးရှိတယ် ဆိုတာကို သူတို့က လူငယ်တွေဆိုတော့ ရိုးရိုးရှင်းရှင်းပဲ ပြောပါတယ်။ လမ်းတွေ သိပ်ကောင်းလာတယ်၊ သွားရေး လာရေး သိပ်အဆင်ပြေလာတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်မ ရှင်းပြပါတယ်။ သူတို့အတွက် သွားရေး အဆင်ပြေတယ်ဆိုတာ လမ်းကောင်းရုံတင် မဟုတ်ပါဘူး။ အလုပ်လုပ်ရတာ၊ စာသင်ရတာ၊ စီးပွားရေးလုပ်ရတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးလွယ်လာပါတယ်။ ဒါက ဒီလမ်းလေးကောင်းလာတာနဲ့ အများကြီး အကျိုးဆက်တွေ ရှိပါတယ်။ ဒီလမ်းတွေကောင်းဖို့ဆိုတာ ကျွန်မတို့က အများကြီးလုပ်ယူရပါတယ်။
ထိုနည်းလည်းကောင်းပဲ လျှပ်စစ်ဓာတ်အားမရှိတဲ့ နေရာနဲ့ ရှိတဲ့နေရာက အခြေအနေ သိပ်ကွာပါတယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေကွာလဲဆိုရင် လျှပ်စစ်ဓာတ်အား ရှိတယ်ဆိုရင် ကိုယ့်အလုပ်ကို လုပ်ချင်သလောက် လုပ်လို့ရပါတယ်။ ကိုယ်ကြိုက်သလို ကိုယ့်ရဲ့နေ့ကို ကိုယ်ကနေပြီး စီစဉ်လို့ရပါတယ်။ အဲဒီလို အကျိုးဆက်တွေ ဖြစ်ဖို့ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မှာပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်
မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ထဲမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ ဘယ်လိုမှ ခွဲခြားလို့ မရဘူးဆိုတာ သေသေချာချာ အသိအမှတ်ပြုထားပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်။ ဖွံ့ဖြိုးမှ ငြိမ်းချမ်းရေးကို ဆက်ပြီး ခိုင်မာအောင် လုပ်နိုင်မယ်။ ဒါကို ကရင်ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးက ဝိုင်းပြီး ကြိုးစားပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ နောက်ဆုံး ကိုယ့်စိတ်ထဲက စတာပါ။ မငြိမ်းချမ်းတဲ့နေရာနဲ့ ပုဂ္ဂိုလ်တွေ ဟာ စိတ်ထဲက စတာပါ။ ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ ပထမ လိုပါ တယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်ရေးလို့ ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ ယုံကြည်မှုတည်ဆောက်နိုင်မှ ငြိမ်းချမ်းနိုင်မယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ရမယ်။ ငါဟာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့လူဆိုတာကို ယုံကြည်မှု ရှိရမယ်။ ငါဟာ ငြိမ်းချမ်းရေးကို လက်ကိုင်ပြီး နိုင်ငံ ငြိမ်းချမ်းရေးကို သွားသင့်သွားထိုက်တဲ့နေရာကို သွားအောင် လို့ လုပ်နိုင်တဲ့လူမျိုးဆိုတာကို လက်ခံနိုင်ရမယ်။ ငါဟာ ငြိမ်းချမ်းရေးလက်နက်ကလွဲလို့ ဘာတခြားနည်းကိုမှ မလိုဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာရမယ်။ အဲဒီလို ယုံကြည်မှုတွေ ပြည်သူပြည်သားတွေရဲ့ ကြားထဲမှာ ကလေးဘဝကတည်းက တစ်ခါတည်း ထည့်ပေးစေချင်ပါ တယ်။ ဒီလိုစိတ်ဓာတ်တွေ ရှိရမယ်။ ကိုယ့်ရဲ့အရည်အချင်း အပေါင်းလက္ခဏာဆောင်တဲ့ အရည်အချင်းတွေ၊ မေတ္တာ စေတနာတွေကိုအခြေခံပြီး ကိုယ်လိုချင်တဲ့ပန်းတိုင် ရောက်အောင်သွားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို အားလုံးရဲ့ စိတ်ထဲမှာရှိဖို့ လိုအပ်ပါတယ်။
ပြည်သူတွေအနေနဲ့ ယုံကြည်ချက်ရှိဖို့ဆိုတာ အစိုးရ ကလည်း အများကြီး ကူညီဆောင်ရွက်ပေးရမယ်။ အစိုးရရဲ့ အဓိကဦးတည်ချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေး ဆိုတာပါ ပါတယ်။ တရားဥပဒေစိုးမိုးရေးကို တချို့က ဘယ်လိုထင်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲတွေ၊ တရားရုံးတွေနဲ့ဆိုင်တဲ့ကိစ္စလို့ မြင်ကြပါတယ်။ တရားဥပဒေစိုးမိုးရေးကို ကျဉ်းကျဉ်းလေးမြင်ကြပါတယ်။
တရားဥပဒေစိုးမိုးရေးရှိ
ကျွန်မပြောချင်တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူလူထုတွေကို လုံခြုံမှုပေးတဲ့ တရားဥပဒေစိုးမိုးရေးကို ပြောတာပါ။ လုံခြုံမှုဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ။ တရားဥပဒေစိုးမိုးရေးရှိတာကို ကျွန်မအနေနဲ့ ပြည်သူတွေကို ရိုးရိုးလေးပြောရမယ်ဆိုရင် အိပ်နိုးချမ်းသာ ပါ။ အိပ်တဲ့အခါကျရင် စိတ်ချမ်းချမ်းသာသာနဲ့ အိပ်နိုင်တယ်။ နိုးလာတဲ့အခါကျရင်လည်း စိတ်ချမ်းချမ်းသာသာနဲ့ နိုးနိုင်တယ်။ ညအိပ်တဲ့အခါမှာ ငါ့အိမ်က လုံခြုံတယ်။ ငါ့ဝင်းက လုံခြုံတယ်။ ငါဘာမှ စဉ်းစားစရာ မရှိဘူး။ လုံခြုံရေး ရှိလား/မရှိလား စဉ်းစားဖို့ မလိုပါဘူးဆိုတဲ့ စိတ်ဓာတ်၊ ပြည်သူတွေထဲမှာ ဖြစ်ပြီဆိုရင် တရားဥပဒေ စိုးမိုးရေး ရှိလို့ပါ။ ကိုယ့်ရဲ့အိမ်ထဲမှာ လုံခြုံမှုရှိတဲ့အပြင် အိမ်အပြင်ထွက်ပြီး အလုပ်လုပ်တဲ့အခါ၊ ကျောင်းသွားတဲ့ အခါ၊ ဈေးသွားတဲ့အခါ လုံခြုံတယ်ဆိုတဲ့စိတ်က တရား ဥပဒေစိုးမိုးရေး ရှိလို့ပါ။ ဒါတွေကို ကျွန်မတို့ ဦးတည်ပါတယ်။
တကယ့်ကြီးကျယ်တဲ့ စီမံကိန်းကြီး
ဒီလို ဦးတည်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုကတော့ အဓိကပါပဲ။ ဘယ်အစိုးရမှ ဘယ်လောက် ကောင်းတယ်၊ တော်တယ်ပြောပြော၊ ပြည်သူ လူထုရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ တကယ့်ကြီးကျယ်တဲ့ စီမံကိန်းကြီးတွေကို အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ အစိုးရတွေက ပြည်သူတွေ မလိုဘူး၊ ငါတို့ဘာသာငါတို့ လုပ်နိုင်တယ်ဆိုတဲ့ အစိုးရတွေဟာ ဒီမိုကရေစီအစိုးရလည်း မဟုတ်ဘူး။ ရေရှည်မှာလည်း အောင်မြင်မယ့်အစိုးရ မဟုတ်ဘူး။ ပြည်သူရဲ့ ထောက်ခံမှု မရှိဘဲနဲ့၊ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ရေတိုမှာ အောင်မြင်နိုင်မယ်၊ ရေရှည်မှာ ဘယ်တော့မှ မအောင်မြင်နိုင် ပါဘူး။
ဒါကြောင့် ပြည်သူတွေဟာ နိုင်ငံအတွက် အဓိက ကျပါတယ်။ ပြည်သူလူထုရဲ့ အရည်အချင်းဟာ နိုင်ငံရဲ့ အရည်အချင်းပါ။ ပြည်သူလူထုရဲ့ တန်ဖိုးဟာ နိုင်ငံရဲ့ တန်ဖိုးပါ။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေးကို အလေးထား တယ်ဆိုတာ ကျွန်မတို့ရဲ့ ကလေးတွေကို တန်ဖိုးရှိတဲ့ လူကြီးတွေ ဖြစ်အောင်လို့ပါ။ ကျွန်မတို့ ကလေးတွေဟာ ကျန်းမာတယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးပြည့်တာပါ။ ပညာရှိတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးပြည့်တာပါ။ ပညာရှိတယ်ဆိုတဲ့နေရာမှာ တက္ကသိုလ်ဘွဲ့ရတာတွေ ပြောနေတာ မဟုတ်ပါဘူး။ ပညာရှိတယ်ဆိုတာ ဘဝ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်း တွေကို ဆိုလိုတာပါ။ ဒါကြောင့် အသက်မွေးဝမ်းကျောင်း ပညာကို ကျွန်မ အလွန်အားပေးပါတယ်။ တစ်ကမ္ဘာလုံးကို ပြန်ကြည့်လိုက်ရင် ဖွံ့ဖြိုးတဲ့နိုင်ငံ၊ အဖွံ့ဖြိုးဆုံးနိုင်ငံတွေမှာ တက္ကသိုလ်ပညာရထားပြီး အလုပ်မရတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ ကြိုက်တဲ့အလုပ်ကို ကျေကျေနပ်နပ်နဲ့ လုပ်နိုင်တဲ့ အလုပ်မရ သူတွေရဲ့နှုန်းဟာ များများလာတယ်ဆိုတာ တွေ့ရပါတယ်။
ပြည်သူလူထု နားလည်ပြီး ပူးပေါင်း
ဒါကြောင့် တိုးတက်တဲ့နိုင်ငံတွေမှာ အသက်မွေး ဝမ်းကျောင်းပညာကို ပိုပြီးအလေးထားရမယ်ဆိုတာကို နားလည်လာပါပြီ။ ကျွန်မတို့ရဲ့နိုင်ငံက ပညာရေးအရ အနောက်မှာ ကျန်ရစ်ခဲ့တဲ့ နိုင်ငံဆိုတော့ တခြားသူတွေရဲ့ အမှားတွေနဲ့ ပြဿနာတွေကိုကြည့်ပြီး သင်ခန်းစာယူ နိုင်ပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို ထူထောင်တဲ့ အခါမှာ တက္ကသိုလ်ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း ပညာရေး နှစ်ခုစလုံးကို တန်းတူယှဉ်တွဲပြီး ကျွန်မတို့က ဖော်ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီမှာ ပြည်သူလူထု နားလည်ပြီး ကျွန်မတို့နဲ့ ပူးပေါင်းဖို့ အင်မတန် မှ အရေးကြီးပါတယ်။ ပြည်သူတွေက အခုဆိုရင် အသက် မွေးဝမ်းကျောင်းသင် ကျောင်းတွေ ဖွင့်ပေးဖို့နဲ့ ပညာ သင်ယူနိုင်အောင် အခွင့်အရေးတွေပေးဖို့ဆိုပြီး တောင်းဆို လာတာကို ကျွန်မတို့ မြင်ရပါတယ်။ ဒါတက္ကသိုလ်ပညာ သာလျှင် ပညာမဟုတ်ဘူးဆိုတာကို ပြည်သူတွေက လက်တွေ့ ကျကျ ကိုယ့်ဘဝကိုယ် ကြည့်မြင်နေပြီလို့ ပြောလို့ရပါတယ်။
ပြည်သူနဲ့ အစိုးရ နီးကပ်မှုရှိ
ဒါနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်း အကျိုးတစ်ခုပါ။ ဖွံ့ဖြိုးမှုနောက်ကျခြင်းရဲ့ ဆိုးကျိုးတွေကို အားလုံးသိကြ ပါတယ်။ ဒါပေမယ့် ကောင်းကျိုးတွေလည်း ရှိတယ်ဆိုတာကို နားလည်စေချင်ပါတယ်။ ကျွန်မ ဒီလိုလာတဲ့အခါမှာ ပြည်သူလူထုတွေဆီက မေးခွန်းတွေမေးဖို့နဲ့ ပြောချင်တဲ့ အချက်တွေကိုတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းက ပြည်သူနဲ့ အစိုးရ နီးကပ်မှုရှိအောင်လို့ပါ။ ဒါ ဒီမိုကရေစီအရ ပြည်သူကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူနဲ့ ဘယ်တော့မှ ကင်းကွာလို့ မဖြစ်ပါဘူး။
ပြည်သူလူထုရဲ့ အသံနဲ့ ကင်းကွာဖို့ဆိုတာလည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေမှာ ဘာစိုးရိမ်ကြောင့်ကြမှုတွေရှိသလဲ၊ ဘာပြဿနာတွေရှိသလဲ၊ ဘာမျှော်လင့်ချက်တွေရှိသလဲဆိုတာကို သိအောင်လုပ်ရ ပါတယ်။ ဒီစိုးရိမ်ကြောင့်ကြမှုတွေ ပျောက်ကွယ် သွားအောင် ကျွန်မတို့ ဘယ်လိုလုပ်ပေးနိုင်မလဲ၊ မျှော်လင့်ချက်တွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးနိုင်မလဲဆိုတဲ့ အဖြေကို ရှာဖို့အတွက် ကျွန်မတို့က မေးခွန်းတွေနဲ့ တင်ပြချက် တွေကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။
အင်မတန်မှ စည်းကမ်းရှိ
ဒီလိုဖိတ်ခေါ်တဲ့အခါမှာ တစ်နေရာနဲ့ တစ်နေရာ မတူဘူးဆိုတာကို ကျွန်မ သတိပြုမိပါတယ်။ တချို့ပရိသတ် တွေက အင်မတန်မှ စည်းကမ်းရှိတယ်။ ပေးထားတဲ့အခွင့် အရေးကို လေးလေးစားစား မှန်မှန်ကန်ကန် သူတို့ သုံးပါ တယ်။ ဒါဟာ နိုင်ငံက တကယ့်ကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်နိုင်တဲ့ နိုင်ငံဖြစ်နေပြီ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်တဲ့ ပြည်သူတွေ ဖြစ်နေပြီလို့ ကျွန်မ စိတ်ထဲမှာ ဖြစ်ပါတယ်။
တချို့ကတော့ တစ်ခါတလေ ပေးထားတဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်ချင်ပါတယ်။ စည်းနဲ့ ကမ်းနဲ့ မလုပ်ချင်ဘူး။ ဥပမာ မဲမပေါက်ပေမယ့်လည်း ပြောချင်တယ်ဆိုပြီး အတင်း ပြော၊ အတင်းတောင်းဆိုတာတွေကို ကျွန်မတို့ မြင်ခဲ့ရ ပါတယ်။ နောက်ပြီး ကျွန်မတို့တွေ ခဏခဏပြောပါတယ်။ အများအတွက် အကျိုးဖြစ်မယ့် မေးခွန်းတွေကို မေးပါ။ အများအတွက် အကျိုးဖြစ်မယ့် တင်ပြချက်တွေ တင်ပြ ကြတာကို ကျွန်မ အားရပါတယ်။ ဒါပေမယ့် တချို့တလေ အနည်းစုက သူတို့အတွက် ပုဂ္ဂိုလ်ရေးကိစ္စတွေ နောက်ပြီး နည်းနည်းတိုက်ချင်ခိုက်ချင်တဲ့ ကိစ္စတွေကို ဦးစားပေးပြီး မလုပ်ပါနဲ့လို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တကယ်တိုးတက်တဲ့နိုင်ငံ ဖြစ်ချင်ရင် အများအတွက် စဉ်းစားနိုင်ရမယ်လို့ ကျွန်မ ခဏခဏပြောပါတယ်။ ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံး ရှိရမယ်ဆိုတာ အတ္တဟိတဆိုတာ ကိုယ့်အတွက်၊ ပရဆိုတာ အခြားသူတွေအတွက်လည်း စဉ်းစားနိုင်ရမယ်။ အခြားသူ တွေအတွက် စဉ်းစားနိုင်ရမယ်ဆိုတာ ကလေးတွေ ငယ်ငယ်ကတည်းက ကိုယ့်အိမ်မှာ၊ ကိုယ့်ရဲ့မိသားစုထဲမှာ ကြီးလာကတည်းက နားလည်ရမယ့်ကိစ္စပါ။
မိသားစုဆိုကတည်းက တစ်ယောက်တည်းမဟုတ်ဘူး၊ တစ်ယောက်တည်းဆို မိသားစု မဟုတ်ပါဘူး။ မိသားစုဆို ကတည်းက မိဘတွေ၊ အဘိုးအဘွားတွေ၊ ညီအစ်ကို မောင်နှမတွေ၊ ဒေါ်ကြီးဘကြီးတွေနဲ့ အတူနေတာပါ။ အစကတည်းက အခြားသူတွေနဲ့နေရင် အခြားသူတွေရဲ့ အကျိုးကိုလည်း စဉ်းစားတန်ဖိုးထားတတ်ရမယ်။ ဒါကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ်အကျိုးရှိသလို တခြားသူတွေလည်း အကျိုးရှိရမယ်။ အခြားသူတွေရဲ့ အကျိုးရှိမှလည်း ကိုယ့်အကျိုးကို အောင်မြင်နိုင်မယ်ဆိုတာကို မိဘတွေက သင်ပေးရမယ့် အပြင် ကိုယ်တိုင်လည်း လုပ်ပြစေချင်ပါတယ်။
ကိုယ်ကိုယ်တိုင် ဖြောင့်မတ်ပါ
ကျွန်မရဲ့ အတွေ့အကြုံအရ မိဘတွေအနေနဲ့ ကလေး တွေကို သင်ပြပေးရင် “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုပြီး” ပြောလို့မရပါဘူး။ ကိုယ်တိုင်က လုပ်ပုံ၊ ကိုင်ပုံ မမှန်လို့ရှိရင် ကလေးတွေက သွန်သင်ဆုံးမလို့ရမှာ မဟုတ်ဘူး။ ကိုယ်ကနေပြီး ကလေးတွေကို ဖြောင့်မတ် စေချင်ရင် ကိုယ်ကိုယ်တိုင် ဖြောင့်မတ်ပါ။ ကိုယ့်ကလေးတွေ ကို ကြိုးစားစေချင်ရင် ကိုယ်ကိုယ်တိုင်ကြိုးစားပါ။ ကိုယ်က ကလေးတွေကို ယဉ်ကျေးစေချင်တယ်ဆိုရင် ကိုယ်ကိုယ် တိုင် ယဉ်ကျေးပါ။ အဲဒီလိုနည်းနဲ့ ကလေးတွေကို သင်ပေး တာ အထိရောက်ဆုံးပဲလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။
အခု ကျွန်မတို့ကို တင်ပြကြတဲ့မေးခွန်းတွေကို ပထမ ကျွန်မ ဖြေပါမယ်။ ဒါလည်း ကျွန်မ ခဏခဏပြောတဲ့ကိစ္စပါ။ မေးခွန်းတွေ မေးတဲ့သူတွေက တိုတိုနဲ့ လိုရင်းမေးဖို့ လိုသလို ဖြေတဲ့ အစိုးရဘက်က ပုဂ္ဂိုလ်တွေကလည်း တိုတိုနဲ့လိုရင်း ဖြေဖို့လိုပါတယ်။
တိုတိုနဲ့လိုရင်းပဲ ရှင်းပြသွားစေချင်
ကျွန်မတို့ အစိုးရအဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ မေးခွန်းတစ်ခု မေးတယ်ဆိုတာ အဖြေတစ်ခု လိုချင်လို့ပါ။ အဲဒီတော့ အဖြေကို ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ဖြေစေချင်ပါတယ်။ အစိုးရအဖွဲ့တွေကို မေတ္တာရပ်ခံချင် ပါတယ်။ လုပ်ပေးနိုင်တယ်ဆိုရင် လုပ်ပေးနိုင်တယ်လို့ ပြောပါ။ ဘယ်လောက်အချိန်အတွင်းမှာ လုပ်ပေးနိုင်တယ် လို့ပြောပါ။ မလုပ်ပေးနိုင်ဘူးဆိုရင် ဘာဖြစ်လို့ မလုပ်ပေး နိုင်ဘူးလို့ပြောပါ။ အခုမလုပ်ပေးနိုင်ဘူး နောက်ကြာမှ လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကြာမှ လုပ်ပေးနိုင်မယ်၊ ဘယ်လိုအခြေအနေမှာ လုပ်ပေးနိုင်မယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောစေချင်ပါတယ်။ တစ်ဆက်တည်းမှာ ပြည်သူလူထု နားလည်သင့်၊ နားလည်ထိုက်တဲ့ အစိုးရရဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တိုတိုနဲ့လိုရင်းပဲ ရှင်းပြသွားစေချင်ပါတယ်။ အခုထုံးစံအတိုင်းပဲ ပထမဦးဆုံး ရေးပြီးတင်ထားတဲ့ မေးခွန်းတွေကို ကျွန်မတို့ ဖြေပါမယ်။ ဖြေပြီးမှ မဲနှိုက်ပြီး မဲပေါက်တဲ့သူတွေရဲ့ မေးခွန်းတွေနဲ့ တင်ပြချက်တွေကို ကျွန်မတို့ ဖိတ်ခေါ်ပါမယ်။ ကျေးဇူးတင် ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်း ထားသည့် ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်မှ ဦးမောင်မာ၏ အမှတ် (၇) ရပ်ကွက် နတ်စင်မြောင်းမကြီးအား အုတ်စီရေမြောင်း ပြုလုပ်ပေးရေး၊ ထီဟူးသံကျေးရွာမှ ဦးစောကျော်လွင်၏ ထီဟူးသံ-မိခွမ်းကျေးရွာ လမ်းအား ကတ္တရာလမ်းခင်းပေးနိုင်ရေး၊ ခရင်းကျေးရွာမှ ဦစောလေး မင်း၏ ဝင်းက-ပီကုန်း-မူးဝါ-ဝင်သလွှဲ-အုန်းနှစ်ပင်-လှိုင်သ မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန်၊ ကော့ပေါက်ကျေးရွာမှ ဦးတင်အေးထွန်း၏ ကော့ဘိန်း တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာအတွက် လျှပ်စစ်မီး ရရှိရေးအတွက် ဓာတ်အားခွဲရုံတည်ဆောက်ပေးရေး၊ ကော့ပေါက်ကျေးရွာမှ ဦးကျော်စိုး၏ ကျုံဒိုး-ကမ်းနီမြစ်ကူး တံတားတည်ဆောက်ပေးရေး၊ ကော့ပေါက်ကျေးရွာမှ ဦးမောင်မောင်၏ ကော့ဘိန်းတိုက်နယ် ဆေးရုံတွင် ဓာတ်မှန် ဆောင်နှင့် ဒစ်ဂျစ်တယ်ဓာတ်မှန်စက် ဆောင်ရွက်ပေးရေး၊ နဘူးကျေးရွာမှ ဦးသက်ဦး၏ နဘူးနှစ်ခြားကျေးရွာ လျှပ်စစ် မီးရရှိရေး၊ တံတားကျိုး-မြပတိုင်၊ နဘူး-ညောင်ကုန်း ကတ္တရာလမ်းအား လမ်းတိုးချဲ့ပေးရေး နှင့် ကော့ကရိတ်-နဘူး-ပိုင်ကျိုးလမ်းပေါ်ရှိ နဘူတံတားအား ကွန်ကရစ် တံတားတည်ဆောက်ပေးရေး၊ အမှတ် (၁) ရပ်ကွက်မှ ဦးစောမြတ်လေး၏ ကော့ကရိတ်အမှတ် (၁)ရပ်ကွက် လမ်းဆုံ၌ အချက်ပြမီးတပ်ဆင်ပေးရေး၊ အမှတ်(၂)ရပ်ကွက် မှ ဦးထွန်းညွန့်၏ ကော့ကရိတ်ပြည်သူ့ဆေးရုံကြီး၌ အထူး ဆရာဝန်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးရုံသုံးပစ္စည်းများ ပြည့်ဝစွာရရှိရေးနှင့် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများ ဖွဲ့စည်းပုံ အပြည့်ခန့်ထားပေးနိုင်ရေး မေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများထဲမှ မေးခွန်း မေးမြန်းလိုသူ (၂၉) ဦး အနက် မဲပေါက်သူ (၇) ဦးဖြစ် သည့် အမှတ် (၂) ရပ်ကွက်မှ ဒေါ်ခင်ထွေးမော်၏ အမှတ် (၂) ရပ်ကွက်ရှိ ပိတ်သိမ်းထားသော သင်္ချိုင်းမြေအား ပြန်လည် ခွင့်ပြုပေးရန်၊ ခရာအတွင်းကျေးရွာမှ ဦးငွေလှိုင်၏ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေး၊ ဇာသပြင် ကျေးရွာမှ ဦးတင်လှ၏ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးစောကျော်ဝင်း၏ ကရင်စာပေနှင့် ယဉ်ကျေးမှု ခန်းမဆောင်ရွက်ပေးနိုင်ရေး၊ အမှတ် (၃)ရပ်ကွက်မှ ဒေါ်ချိုချိုထိုက်၏ သိမ်းဆည်းခံလယ်ယာမြေ များပြန်လည်ရရှိရေး၊ ကော့ကရိတ်မြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သန်း၏ ကော့ကရိတ်မြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့အတွက် ရုံးမြေနေရာ၊ အဆောက်အဦနှင့် မော်တော်ယာဉ် လိုအပ်ချက်အား ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး၊ ကျုံဖဲကျေးရွာ မှ ဦးရဲထွန်း၏ ကျုံဖဲကျေးရွာအား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ပေးနိုင်ရေးမေးခွန်းများကိုလည်းကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက် ပေးရမည့် အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
မှန်မှန်ကန်ကန် အသုံးချ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲတွင် မေးမြန်းတင်ပြကြသူများအနေဖြင့် တိတိကျကျ မေးမြန်းတင်ပြခဲ့သည့်အတွက် ကျေးဇူးတင် ပါကြောင်း၊ တွေ့ဆုံပွဲတွင် ကိစ္စ သုံးခုတင်ပြခဲ့ကြပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လယ်ယာ မြေကိစ္စတို့ဖြစ်ပါကြောင်း၊ လယ်ယာမြေကိစ္စနှင့် ပတ်သက် ပြီး လွှတ်တော်က ဥပဒေများပြဋ္ဌာန်းပြီးနောက်ပိုင်း ပိုင်ဆိုင်မှုကိစ္စများ ထပ်တလဲလဲ တစ်နိုင်ငံလုံးတွင် ဖြစ်နေ ပါကြောင်း၊ ယင်းကိစ္စမှာ အမွေဆိုးများဖြစ်ပါကြောင်း၊ အမွေဆက်ခံရာတွင် အကောင်းသာယူပြီး အဆိုးကို ဖယ်ထား၍မရပါကြောင်း၊ မိမိတို့ရွေးချယ်ပိုင်ခွင့်မရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် နားလည်ပေးစေလို ကြောင်း၊ တစ်နိုင်ငံလုံး၌ မိမိတို့ ပြည်သူများအနေဖြင့် ညီညွတ်ကြပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ ဒေသ အတွက်၊ နိုင်ငံအတွက် ဆောင်ရွက်နိုင်သည်ဆိုသည့် စိတ်ဓာတ်ကို မွေးမြူကြစေလိုကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မိမိတို့တာဝန်ကို ကျေပွန်ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့် ရွေးချယ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချစေလိုကြောင်း၊ ထို့ပြင် မိမိအတွက်သာမက အခြားသူများအတွက်ပါ ရွေးချယ်ကြစေလိုကြောင်း၊ ပြည်သူများကို ယခုလိုတွေ့ဆုံသည်မှာ မိမိ၏အသိ၊ ခံစားချက်များကို မျှဝေလို၍ဖြစ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကော့ကရိတ်မြို့မှ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိကြရာ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည်။
သောင်းသောင်းဖြဖြကြိုဆို
ထို့ပြင် ကြာအင်းဆိပ်ကြီးမြို့တွင်း လမ်းမတစ်လျှောက် ၌ ဒေသခံတိုင်းရင်းသား ပြည်သူများက သောင်းသောင်း ဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြာအင်းဆိပ်ကြီးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်သူတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ခြင်းက ပြည်သူတွေရဲ့ အသံတွေကို ကြားချင်လို့ပါ။ ကျွန်မတို့ရဲ့ အမြင်တွေ ကိုလည်း သိစေချင်လို့ပါ။ စောစောတုန်းက ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး မေးချင်တဲ့ မေးခွန်းတွေရှိတယ်။ မမေးဖို့ ပြောရမလားလို့ မေးပါတယ်။ ကျွန်မက မမေးဖို့ မပြော ပါနဲ့လို့ ပြန်ပြောလိုက်ပါတယ်။ ပြည်သူတွေအနေနဲ့ မေးပိုင်ခွင့်၊ သိပိုင်ခွင့်လည်း ရှိပါတယ်။ ဘာတွေကို သိချင် တာလဲဆိုတော့ အဓိကလွှတ်တော်တွေထဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းပါတဲ့ကိစ္စနဲ့ ၅၉ (စ) ကိစ္စ ကို သိချင်ပါတယ်လို့ ပြောပါတယ်။ ဒါတွေကို ကျွန်မတို့ ပြန်ဖြေပါ့မယ်။ ဒါဟာ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါ တယ်။
ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်ကို လက်ခံ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ တခြား ဘယ်တွေ့ဆုံပွဲမှာမှ ဒီလိုမျိုး မမေးပါဘူး။ ပြည်သူလူထုတွေအကြား ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတာ ကြိုက်ပါ တယ်။ မေးချင်တာကို ကျွန်မ သဘောကျပါတယ်။ ဒီလို ပြည်သူတွေက ကိုယ့်ရဲ့နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ စိတ်ဝင်စားပြီးသိချင်မှ ကျွန်မတို့ နိုင်ငံဟာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အားလုံးသိတဲ့ အတိုင်း နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ နိုင်ငံ ဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်မယ်ဆိုတာ အဓိက ဆုံးဖြတ်တာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ် ရေးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီး ရယူခဲ့ပါတယ်။ အဲဒီကတည်းက ကျွန်မတို့ရဲ့ လွတ်လပ်ရေး ခေါင်းဆောင် ကြီးတွေဟာ ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်ကို လက်ခံ ထားပါတယ်။ ပြည်ထောင်စု နိုင်ငံတစ်ခုကို လိုလား တောင့်တပြီး တန်ဖိုးထားတယ်ဆိုတာ အင်မတန်မှ ရှင်းပါတယ်။
ပြည်ထောင်စုစိတ်ဓာတ်ဟာ အရေးကြီး
ကျွန်မတို့ နိုင်ငံက ပြည်ထောင်စုဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ပြည်ထောင်စုသားချင်းတွေ ဖြစ်တယ်ဆိုတာကို နှလုံးသွင်းပါဆိုပြီး ကျွန်မ ခဏခဏ သတိပေးပါတယ်။ ဘာဖြစ်လို့ အဲဒီလိုပြောရသလဲဆိုရင် ကျွန်မတို့ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်း ထားတဲ့ နိုင်ငံပါ။ ဒီလိုနိုင်ငံတစ်ခု တည်တံ့ခိုင်မြဲဖို့၊ တိုးတက် ဖို့၊ အေးချမ်းဖို့ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်ဟာ အင်မတန် မှ အရေးကြီးပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ကျွန်မတို့ နိုင်ငံဟာ တကယ်ကို တောင့်တင်းခိုင်မာမှာပါ။
ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ညီညွတ်တဲ့စိတ်ဓာတ် ပါ။ ညီညွတ်ချင်း၊ သွေးစည်းချင်းဆိုတာ တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရယ်လို့ အားလုံးက မဟုတ်ပါဘူး။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် မဟုတ်ပါဘူး။ သွေးစည်းတယ်၊ ညီညွတ် တယ်ဆိုတာ မတူတဲ့သဘောထားတွေ ညှိနှိုင်းနိုင်တဲ့ အရည် အချင်းတွေအပေါ်မှာ အခြေခံပါတယ်။ ကျွန်မတို့ အားလုံး ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ သဘောထားတွေ ရှိတယ်။ ဒီမတူတဲ့ သဘောထားတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရန်ပြုနေမယ်၊ သတ်ဖြတ်နေမယ်ဆိုရင် နိုင်ငံ ဟာ ဘယ်တော့မှ မအေးချမ်းနိုင်ပါဘူး။
မတူတဲ့သဘောထားတွေကို ညှိနှိုင်းနိုင်တဲ့ အရည် အချင်းရှိဖို့က ပြည်ထောင်စုသား အားလုံးရဲ့ လိုအပ်ချက် တစ်ခုပါ။ ဒါကို ကြီးငယ်မရွေး သဘောပေါက်စေချင်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ မတူတဲ့စိတ်ဓာတ်တွေကို ညှိနှိုင်းတာ၊ ဘယ်သူကမှ ငါလိုချင်တာကို တစ်ရာရာခိုင်နှုန်း ရမှဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို မကိုင်စွဲထားပါနဲ့။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ငါလိုချင်တာကိုပဲ တစ်ရာရာခိုင်နှုန်း ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားရင် ကျွန်မတို့နိုင်ငံ ဘယ်တော့မှ တည်ငြိမ်နိုင်မှာ၊ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ ဒီခန်းမထဲမှာ အားလုံးက ရှေ့တန်းကနေထိုင်ရမှ ကျေနပ်မယ်ဆိုရင် ကျွန်မတို့ ဘယ်အခမ်းအနားကိုမှ ပြုလုပ်နိုင်မှာ၊ ကျင်းပနိုင်မှာ မဟုတ် ပါဘူး။ ဒါကြောင့် အပေးအယူဆိုတာ ရှိရပါတယ်။ ညှိယူ ရပါတယ်။ ကလေးတွေကို ရှေ့မှာထားတာက ကျွန်မတို့ တွေ့ဆုံပွဲတွေမှာ အစဉ်အလာလို ဖြစ်လာပါတယ်။
တချို့နေရာတွေမှာဆိုရင် ကလေးတွေကလည်း ပါချင်တယ်။ နေရာကလည်း မရှိတဲ့အခါ ကလေးတွေကို ရှေ့မှာခေါ်ပြီး ဒီလိုပဲ ထိုင်ခိုင်းပါတယ်။ တချို့က ထင်ကြ ပါတယ်။ ကလေးတွေက ဘာမှလည်း စိတ်ဝင်စားတာ မဟုတ်ဘူး။ နားလည်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မအနေနဲ့ ငယ်ငယ်ကတည်းက ကလေးတွေကို နိုင်ငံရေးကို စိတ်ဝင်စားအောင်လို့ လုပ်ပေးရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကလေးတွေရဲ့ ပါဝင်မှုကို အားပေးတာ ဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးက ပြည်သူတွေကနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ သိချင်တာကို ကျွန်မ သဘောကျ ကြိုဆိုပါတယ်။ ပြည်သူတွေသိချင်တဲ့ အချက် နှစ်ချက်ကို ကျွန်မ ပြောပါ့မယ်။ ပထမတစ်ချက်က လွှတ်တော်တွေထဲမှာ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ် ပါတဲ့ကိစ္စပါ။ ဒုတိယကိစ္စက ၅၉(စ)ကိစ္စပါ။ ဒီနှစ်ခုမှာ ကျွန်မတို့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ လုပ်ဆောင် နေတယ်ဆိုတာကို တချို့သိရင်လည်း သိမယ်။ မသိရင် လည်း မသိဘူး။ သိတဲ့သူတွေကလည်း ဒီဟာကို လေ့လာပြီး ဘာတွေဖြစ်နေသလဲ၊ ဘာတွေပြောနေသလဲဆိုတာကို သေချာသတင်းစာထဲမှာ ဖတ်ထားလို့ဖြစ်မှာပါ။
ကတိကဝတ်တစ်ခုဖြစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ ကျွန်မတို့အစိုးရက လုပ်နေသလဲဆိုရင် လွယ်လွယ်ပြောရရင် ပြည်သူတွေကို ပေးခဲ့တဲ့ ကတိကဝတ် ပါ။ ကျွန်မတို့ ရွေးကောက်ပွဲဝင်ပြိုင်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်ဆိုတာ ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။ အလွယ်ဖြေလိုက်တာ မဟုတ်ပါဘူး။ ဘာ့ကြောင့် ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းချင်တာလဲဆိုတာက ပိုပြီးအရေးကြီး ပါတယ်။ ဒါကို ပြည်သူတွေ နားလည်ဖို့ လိုအပ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ နားလည်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ၅၉ (စ) ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ကရင်ပြည်နယ် ကို လာခဲ့တဲ့အခါတုန်းက ကျွန်မတို့ အံ့အားသင့်ရလောက် အောင် ရွာက ကလေးတွေကပါ ဒီကိစ္စကို စိတ်ဝင်စားပြီး ထောက်ခံကြတာကို တွေ့ခဲ့ရပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ဖြစ်စေချင်
ကရင်ပြည်နယ်ဘက်မှာ သာမန်ရွာသူရွာသားတွေက နိုင်ငံ့ရဲ့ အရေးကို စိတ်ဝင်စားတယ်ဆိုတာကို ပြတာပါ။ ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ချင်တယ်ဆိုတာ ရည်ရွယ်ချက်မရှိဘဲ လုပ်တာမဟုတ်ပါဘူး။ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ဖြစ်စေချင်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲချင်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံဖြစ်ဖို့ လိုတဲ့အချက်အလက် တွေကို ကျွန်မတို့က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင် စေချင်တာ ဖြစ်ပါတယ်။
ဒီလိုလုပ်နေတဲ့အချိန်မှာ မမေ့ဘဲ ဦးတည်ဆောင်ရွက် နေတာက အမျိုးသားရင်ကြားစေ့ရေး ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး။ ဒါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်ကတည်းက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီး ကျွန်မတို့ ပြောထားတာပါ။ အဲဒီတုန်းက အမျိုးသားရင်ကြားစေ့ရေး ဆိုပြီးပြောတာက ဘာကိုပြောတာလဲဆိုရင် ဒီမိုကရေစီကို ယုံကြည်တဲ့ အသိုင်းအဝိုင်းတွေနဲ့ ဒီမိုကရေစီကို မယုံကြည် တဲ့ အသိုင်းအဝိုင်းတွေကြားထဲမှာ ရင်ကြားစေ့ရေးကို ကျွန်မတို့ အဓိက ပြောခဲ့တာပါ။
ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကနေ ပေါက်ဖွားလာတာပါ။ အဲဒီတုန်းကတည်းက ကျွန်မတို့ဟာ ဒီမိုကရေစီကို ယုံကြည်တယ်။ ဒီမိုကရေစီကို ယုံကြည်ရတဲ့ အကြောင်းကလည်း ရိုးရိုးလေးပါ။ ဒီမိုကရေစီဆိုတာကို အားလုံးသိတယ်လို့ ကျွန်မထင်ပါတယ်။
ဒီမိုကရေစီဆိုတာ ပြည်သူရဲ့ အုပ်ချုပ်ရေးလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ပြည်သူရဲ့ အုပ်ချုပ်ရေးဆိုပြီး အဓိပ္ပာယ် သက်ရောက်တဲ့အတွက် ပြည်သူတွေကနေ တကယ်ပဲ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်မှာလားဆိုတာ လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုပြီး ပြည်သူတွေကနေ ရွေးချယ်တင်မြှောက် လိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အစိုးရဖွဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီမှာ အားနည်းချက်ရှိ
လူသားတွေဟာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ် ပါဘူး။ လူသားတွေဟာ အပြစ်အနာအဆာတွေ ရှိပါတယ်။ ဒီတော့ လူသားတွေ ဖန်တီးတဲ့ စနစ်တစ်ခုဟာလည်း အပြစ် အနာအဆာတွေ ရှိမှာဖြစ်ပါတယ်။ ဘယ်လိုမှ ချောချော မွေ့မွေ့နဲ့ အပြစ်အနာအဆာကင်းတယ်ဆိုတာ မဖြစ်နိုင် ဘူး။ ဒါပေမယ့် ကမ္ဘာကျော် နိုင်ငံရေးသုခမိန်ကြီး တစ်ဦး ပြောခဲ့သလို ဒီမိုကရေစီဟာ အပြစ်အနာအဆာရှိပေမယ့်၊ လူတွေထွင်ခဲ့တဲ့ စနစ်တွေထဲမှာ အခုထိ အကောင်းဆုံးပါ။ လူတွေထွင်ခဲ့တဲ့ နိုင်ငံရေးစနစ်တွေထဲမှာ ဒီမိုကရေစီက အကောင်းဆုံးဆိုပေမယ့်၊ အပြစ်မဲ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကို ကျွန်မ လက်ခံပါတယ်။ အပြစ်မဲ့ မဟုတ် ပါဘူး၊ ဒီမိုကရေစီမှာ အားနည်းချက်ရှိပါတယ်။
ဒါပေမယ့် လူသားတွေထွင်ခဲ့တဲ့ နိုင်ငံရေးစနစ်တွေ အားလုံးထဲမှာ ဒီမိုကရေစီစနစ်က အကောင်းဆုံးပါ။ ဘာဖြစ်လို့ အကောင်းဆုံးဆိုပြီး ကျွန်မပြောရသလဲဆိုရင် ပြည်သူကို လေးစားတန်ဖိုးထားရတဲ့စနစ်မို့ပါ။ ပြည်သူကို တန်ဖိုးထားတယ်၊ ပြည်သူကို လေးစားတယ် ဆိုတာကို ရှင်းရှင်းလေးပြောရရင် အများကို လေးစားတယ်၊ အများကို တန်ဖိုးထားတယ်ဆိုတာပါ။ ဒီမိုကရေစီစနစ်ကို ပိုပြီး အနှစ်သာရရှိအောင် ဘယ်လိုထည့်ပြောသလဲဆိုရင် အများရဲ့ ဆန္ဒအရ ဖြစ်ရမယ်၊ အနည်းစုရဲ့ အခွင့်အရေးတွေ ကိုလည်း ကာကွယ်ရမယ် ဒါ ဒီမိုကရေစီပါ။ ရှင်းရှင်းလေး ပြောရရင် ဘာလို့ကျွန်မတို့ ဒီစနစ်ကို လိုချင်သလဲ။ အများရဲ့ ဆန္ဒအရ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့စနစ်ဖြစ်ပြီး လူနည်းစုရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ စနစ် လည်း ဖြစ်ပါတယ်။ ဒါအခုအထိ လူသားတွေ ထွင်ခဲ့တဲ့စနစ် တွေထဲမှာ အကောင်းဆုံးစနစ်ဆိုပြီး ကျွန်မတို့ ယူဆလို့ ဒီမိုကရေစီကို ထောက်ခံတာပါ။
တိုင်းတစ်ပါးက ပေါက်ဖွားလာတဲ့ စနစ်ဖြစ်
ဒီမိုကရေစီကို မထောက်ခံတဲ့လူတွေနဲ့ အားမပေးတဲ့ လူတွေ ရှိပါတယ်။ ဒီမိုကရေစီဆိုတာ ဒီနိုင်ငံက ပေါက်ဖွား လာတာ မဟုတ်ပါဘူး။ တိုင်းတစ်ပါးက ပေါက်ဖွားလာတဲ့ စနစ် ဖြစ်တယ်ဆိုပြီး မြင်တဲ့သူတွေရှိပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး နောက်ပိုင်းကို တိုတိုနဲ့ ပြောရမယ်၊ ရှင်းအောင်ပြောရမယ်ဆိုရင် ဒီမိုကရေစီကို ယုံကြည်တဲ့သူတွေနဲ့ ဒီမိုကရေစီကို မယုံကြည်တဲ့သူတွေ ဆိုပြီး အဲဒီလို အင်အားစုနှစ်ခုက ကျွန်မတို့ရဲ့ နိုင်ငံအတွင်း မှာ ပေါ်နေပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေး ဆိုပြီး အဲဒီတုန်းက ကျွန်မတို့ ပြောတာက ဒီမိုကရေစီကို မလိုလားတဲ့အင်အားစုနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အင်အားစုတွေကြားမှာ ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ အားလုံးက ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေပါ။
ပြည်ထောင်စုဖွားသားချင်းတွေ အားလုံးကြားထဲမှာ ရင်ကြားစေ့ရေးကို ဦးတည်မယ်ဆိုပြီး ကျွန်မတို့ မူအဖြစ်နဲ့ ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း အမျိုးသားရင်ကြား စေ့ရေးဆိုတာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့လည်း ဆက်စပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးပြင်မယ်ဆိုရင် ၅၉ (စ)နဲ့ ပတ်သက်ပြီး ဒီကိုလာပြီး စည်းရုံးရေးဆင်းတဲ့ အချိန်ကာလတုန်းက ပြောထားတဲ့ အတိုင်း ကျွန်မပြောပါမယ်။ ၅၉ (စ)ဆိုတာ ကိုယ့်ရဲ့ ခင်ပွန်း ဖြစ်ဖြစ်၊ သားသမီးတွေဖြစ်ဖြစ် တခြားနိုင်ငံသားအဖြစ် ခံယူထားလို့ရှိရင် ဒုသမ္မတတို့၊ သမ္မတတို့ အဆင့်ကို မလုပ် နိုင်ပါဘူး။ ခပ်တိုတိုပဲပြောရရင် အများက ကျွန်မကို ရည်ရွယ်ပြီး ထည့်ထားတယ်ဆိုတာ သဘောပေါက်မှာပါ။ ကျွန်မလည်း အဲဒီလို နည်းနည်း သဘောပေါက်ပါတယ်။
သူ့ရဲ့ ကံကြမ္မာအတွက် သူက တာဝန်ယူရ
၅၉ (စ)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကန့်ကွက်ခဲ့တာက ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘူး ဒီမိုကရေစီ မူအရပါ။ ဒီမိုကရေစီမူအရဆိုတာ လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ရပိုင်ခွင့်တန်ဖိုးနဲ့ အခွင့်အရေးတွေကို ကျွန်မတို့ အလေးထားရမယ်၊ တန်းတူ ညီမျှထားရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ အခြေခံဥပဒေတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ ကျင့်သုံးနေတဲ့ တည်ဆဲ ဥပဒေထဲမှာ လူတစ်ယောက်ဟာ အသက် ၁၈ နှစ်ကျော် သွားရင် လူလားမြောက်ပါပြီ။ လူလားမြောက်သွားလို့ရှိရင် သူ့ရဲ့ ကံကြမ္မာအတွက် သူက တာဝန်ယူရပါမယ်။
အခြေခံဒီမိုကရေစီမူနဲ့ မကိုက်ညီ
အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်လုပ်တဲ့ ကိစ္စကို မိဘတွေက တာဝန်ယူရပါမယ် တာဝန်ရှိပါတယ်။ ဒါပေမယ့် သူဟာ အသက်ပြည့်သွားလို့ရှိရင် မိဘတွေက တာဝန် မရှိတော့ပါဘူး။ မိဘတွေအနေနဲ့ ဒီကလေးတွေရဲ့ လုပ်ရပ်အတွက်ကို တာဝန်ယူစရာလည်း မလိုပါဘူး။ အဲဒီ ကလေးက ပြဿနာဖြစ်လို့ရှိရင် မိဘတွေကို ဒီကလေးတွေ ကြောင့်ဆိုပြီး အပြစ်ပေးလို့လည်း မရပါဘူး။ ဒါကိုရှင်းရှင်း ပြောရမယ်ဆိုရင် လူလားမြောက်လာတဲ့ ကလေးတွေရဲ့ ဘဝနဲ့ မိဘရဲ့ဘဝနဲ့ ဒွန်တွဲပြီး ဥပဒေတစ်ခုလုပ်တယ် ဆိုတာက အခြေခံ စံနှုန်းစံထားတွေနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် အခြေခံဒီမိုကရေစီမူနဲ့ မကိုက်ညီဘူးဆိုပြီး ကျွန်မ တို့က ကန့်ကွက်တာဖြစ်ပါတယ်။ ကျွန်မကို ဦးတည်လို့ မဟုတ်ပါဘူး။
ဒုတိယကိစ္စဖြစ်တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွေထဲမှာ ရှိတယ် ဆိုတာကို ကျွန်မတို့က တပ်မတော်ရယ်လို့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကို တကယ်ကျင့်သုံးတဲ့နိုင်ငံမှာ ပြည်သူ လူထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ် မဟုတ်တဲ့ ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကလာလာ လွှတ်တော်ကို လွှမ်းမိုးနိုင်ခွင့် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဆိုတာ ပြည်သူကနေပြီး အုပ်ချုပ်တဲ့စနစ် ပြည်သူ ရွေးချယ် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကသာ စိုးမိုးရမယ်၊ ဩဇာရှိရမယ်။ ပြည်သူ ရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ မပါဘူးလားဆိုတော့ ပါနိုင်ပါတယ်။
သို့သော် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက အကန့်အသတ် နဲ့ပါ။ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလို လိုအပ် တဲ့ အကန့်အသတ်တွေ မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စကို ပြောင်းရမယ်လို့ ကျွန်မတို့ ပြောတာပါ။ ကျွန်မတို့က တပ်မတော်ကို ရည်ရွယ်တာ မဟုတ်ပါဘူး။ တခြား အဖွဲ့ အစည်းတွေကိုလည်း ဒီလိုအခွင့်အရေးပေးရင် ကျွန်မတို့ ကန့်ကွက်မှာပါ။ ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ယုံကြည်လို့ရှိရင် ဒီမိုကရေစီမူတွေနဲ့ မကိုက်ညီတဲ့ အခွင့် အရေးတွေကို မယူသင့်ပါဘူး။ ဒါတွေကို ကျွန်မတို့ ကန့်ကွက်မှာ ဖြစ်ပါတယ်။
ပြောင်းလဲချင်တဲ့ အချက်အနေနဲ့ တင်ပြခဲ့
ဒါကို ၂၀၁၅ ခုနှစ် မတိုင်ခင် ၂၀၁၄ ခုနှစ်ကဆိုရင် ကျွန်မတို့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်လို့ အချေအတင်ပြောတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စကို ပြောင်းလဲ ချင်တဲ့ အချက်အနေနဲ့ တင်ပြခဲ့ပါတယ်။ ဒါကို ကျွန်မတို့ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တာမဟုတ်ဘူး။ အားလုံးကို အသိပေးပြီး ကျွန်မတို့ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ လက်ရှိအချိန်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ လွှတ်တော် ထဲမှာ တင်ပြလိုတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
တစ်ဆင့်ပြီး တစ်ဆင့် လျှော့ဖို့ အဆိုပြုတာပဲရှိ
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြဖို့ ကျွန်မ ဝန်မလေးပါဘူး။ ဒါကို ကျွန်မတို့က တပ်မတော်ကို ကပ်ချင်တဲ့ စိတ်၊ ရန်လို ချင်တဲ့ စိတ်နဲ့လုပ်တာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ခုနဲ့ ကိုက်ညီအောင် ပြောင်းလဲရမယ် ဆိုပြီး ကျွန်မတို့ အဲဒီလိုခံယူချက်နဲ့ လုပ်တာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အထဲမှာ ကျွန်မတို့က နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားမယ်ဆိုပြီး လုပ်တာပါ။ လက်ရှိမှာ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး တစ်ဆင့်ပြီး တစ်ဆင့် လျှော့ဖို့ ကျွန်မတို့အနေနဲ့ အဆိုပြုတာပဲ ရှိပါတယ်။ ကျွန်မတို့ ဒီမိုကရေစီနိုင်ငံရေးလုပ်တယ်ဆိုရင် အလျော့အတင်း ဆိုတာ ရှိရမယ်။
နိုင်ငံတည်ငြိမ်ရေးအတွက်၊ ပြည်သူတွေ အေးချမ်းဖို့ အတွက် ကျွန်မတို့ရဲ့ နိုင်ငံလွတ်လပ်ရေးနဲ့ ညီညွတ်ရေး အတွက် အလျော့အတင်းဆိုတာ လုပ်ရပါတယ်။ ငါလိုချင် တာရမှ၊ ငါ့အဖွဲ့လိုချင်တာရမှ အဲဒီလိုမျိုး စိတ်တွေနဲ့ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံဟာ ဘယ်လိုမှ အေးချမ်းနိုင်မှာ မဟုတ် ပါဘူး။ မအေးချမ်းရင် မတိုးတက်ဘူး၊ မတိုးတက်ရင် မအေးချမ်းပါဘူး၊ ဒီသံသရာမှာ ကျွန်မတို့ ဆက်လည်နေမှာ ပါ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ရင် ဒီနှစ်ချက်ကို ကြာအင်းဆိပ်ကြီးက ပြည်သူတွေက သိချင် တာ၊ စိတ်ဝင်စားတာကို ကျွန်မ သဘောကျပါတယ်။
ကျွန်မတို့ရဲ့ နိုင်ငံဟာ ဘယ်အခြေအနေမှာ ရောက်နေ သလဲ၊ ဘယ်ခရီးတွေသွားနေသလဲဆိုတာကို စိတ်ဝင်စား ကြပါ။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးကြပါ။ ကိုယ်ဖြစ်စေချင်တာတွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို တတ်နိုင်သမျှ ဝန်းရံကြပါ။ တချို့က အစိုးရအားလုံး လုပ်ပါစေ၊ အစိုးရက ဟိုဟာမလုပ်ဘူးလား၊ ဒီဟာမလုပ် ဘူးလားဆိုပြီး ပြောကြပါတယ်။ အစိုးရလုပ်ငန်းတွေ အောင်မြင်အောင်လို့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုက အရေးကြီး တယ်ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုးကို လျှော့မတွက်ပါနဲ့၊ လူတစ်ဦးချင်းစီမှာ တန်ဖိုးရှိတယ်ဆိုတာ ကို ကျွန်မ မမေ့စေချင်ပါဘူး။
ဒါကို နောက်ဆုံး ဘာနဲ့ပြလဲဆိုရင် ရွေးကောက်ပွဲနဲ့ ပြရပါမယ်။ ရွေးကောက်ပွဲမှာ ပြည်သူ တစ်ယောက်ချင်းစီက မဲတစ်ပြားစီ ရပါတယ်။ ဒါက တစ်ယောက်ချင်း တစ်ယောက် ချင်းမှာ တန်ဖိုးရှိတယ်ဆိုတာကို ပြတာပါ။ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတကလည်း မဲ တစ်ပြားပဲရပါတယ်။ တခြား သာမန် မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေကလည်း မဲတစ်ပြားပဲ ရပါတယ်။ နောက်ဆုံးကျတော့ ကိုယ့်တန်ဖိုးဟာ အဲဒီ နေရာမှာ ကြည့်လိုက်လို့ရှိရင် နိုင်ငံတော် အထွတ်အထိပ် ရဲ့တန်ဖိုးနဲ့ အတူတူ ဖြစ်သွားပါတယ်။
ဒါကြောင့် ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတိုင်း၊ ပြည်သူတိုင်းက တန်ဖိုးရှိပါတယ်။ ကိုယ့်တန်ဖိုးကို မှန်မှန်ကန်ကန်သုံးပါ၊ ကိုယ့်အတွက်လည်းသုံးပါ၊ ကိုယ့် နိုင်ငံအတွက်လည်း သုံးပါ၊ ကိုယ့်ရဲ့ပြည်နယ်အတွက် လည်း သုံးပါ။ ဒီလိုစိတ်တွေနဲ့လုပ်မယ်ဆိုရင် အများကြီး တိုးတက်မှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် လိုအပ်ချက် တွေ အများကြီးရှိသေးတယ်ဆိုတာကို ကျွန်မတို့ သိပါ တယ်။ အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် လည်း ဝိုင်းဝန်းပြီး အားလုံးက ကူညီကြပါ။ ကျွန်မတို့ဘက် ကလည်း ကြိုးစားမယ်၊ ပြည်သူတွေဘက်ကလည်း ကြိုးစားပါ။ တိုးတက်တဲ့ ဘယ်နိုင်ငံမဆို ပြည်သူတော်လို့ တိုးတက်တာပါ။ အစိုးရတော်လို့ တိုးတက်တယ်ဆိုတာ မရှိပါဘူး။
အရှုံးအနိုင်ဆိုတာ တစ်ခဏပါ
အစိုးရဘယ်လောက်တော်တော် ပြည်သူက မပါလို့ ရှိရင် မတိုးတက်နိုင်ပါဘူး။ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း မှာ ထိပ်ဆုံးထိ တိုးတက်သွားတဲ့ နိုင်ငံတွေရှိပါတယ်။ စစ်ရှုံးတဲ့ နိုင်ငံတွေလည်းပါတယ်။ စစ်နိုင်တဲ့ နိုင်ငံတွေ လည်းပါတယ်။ နောက်ဆုံးအရှုံးအနိုင်ဆိုတာ တစ်ခဏပါ။ ဒီအရှုံးအနိုင်ကို ရေရှည်မှာပြန်ပြီး ကိုယ့်ရဲ့ တိုးတက်မှု တစ်ခု၊ အောင်မြင်မှုတစ်ခုဖြစ်အောင်လုပ်ဖို့ဆိုတာ ပြည်သူ တွေရဲ့ အရည်အချင်းပါ။
ပြည်သူတွေ အရည်အချင်းရှိရင် ဘယ်နှခါ ရှုံးရှုံး ပြန်ပြီးနိုင်မှာပါ။ နောက်ဆုံး အရှုံးထက် အနိုင်ကများပြီး အောင်မြင်မှုကို ရမှာပါ။ ဒါကြောင့် ကျွန်မအနေနဲ့ ကြာအင်း ဆိပ်ကြီးကို ခင်မင်ရတာက အရင်တုန်းက ခက်ခက်ခဲခဲနဲ့ လာခဲ့ရတဲ့ ဒေသဖြစ်တဲ့အတွက် သံယောဇဉ်ရှိနေတာ ပါပါတယ်။ နိုင်ငံတိုးတက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ ရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထား သည့် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်မှ ဦးသိန်းဇော်ဦး၏ ကြာအင်းဆိပ်ကြီးမြို့ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ဇမိမြစ်ရေတင်စီမံကိန်းအား အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး၊ အမှတ်(၆)ရပ်ကွက်မှ ဦးမောင်မောင်ညွန့်၏ ကူးတို့ဆိပ်ကျေးရွာသို့ ဆက်သွယ် မည့် ဇမိမြစ်ကူးတံတားဆောင်ရွက်ပေးရေး၊ နတ်ချောင်း ကျေးရွာမှ ဦးလှဝင်း၏ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ တံတားဦးချောင်းကူး သစ်သားတံတား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးအောင်သွင် လှိုင်၏ ချောင်း၀ချောင်းကူးတံတားနှင့် ချဉ်းကပ်လမ်း အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၄) ရပ်ကွက်မှ ဦးထိန်လင်း ၏ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ ကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးငြိမ်းမင်း ၏ ကြာအင်းဆိပ်ကြီးမြို့ စားသုံးသူ ရေးရာဦးစီးဌာနပိုင် မြေမှာ လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရန်နေရာအဖြစ် ဆောင်ရွက်ခွင့်ပြုရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးဟိန်းမိုးဦး၏ ကြာအင်းဆိပ်ကြီး ခုတင် ၅ဝ ဆံ့ဆေးရုံအား ခုတင် ၁၀ဝ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးသန်းစိုးမြင့်၏ ကြာအင်းဆိပ်ကြီး- မဲသရော လမ်း (ကြာအင်းဆိပ်ကြီးမြို့အဝိုင်းအပိုင်း) အား အဆင့် မြှင့်တင်ပေးရေး၊ ကော့ကသောင်ကျေးရွာမှ ဦးလှရွှေ၏ ကော့ကသောင်ကျေးရွာနှင့် ဝင်ကကျေးရွာချင်းဆက်လမ်း အား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၆)ရပ်ကွက်မှ ဦးစောညွန့်၏ ကျိုက်ဒုံမြို့ တောင်ကလေးကျေးရွာအုပ်စုရှိ လျာထားမြေနေရာ၌ ခနောက်စိမ်း သတ္တုရိုင်း အသေးစား ဓာတ်သတ္တုစမ်းသပ် တိုင်းတာခွင့်လုပ်ငန်းလိုင်စင်ချထား ပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးသောင်းတင်၏ ဘုရား သုံးဆူ-သံဖြူဇရပ်လမ်းပိုင်းအနက် ၂၅ မိုင် ၅ ဖာလုံအား အဆင့်မြှင့်တင်ပေးရေး၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာ-ထိုင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ် ပေးရေး၊ ကရင်စုရပ်ကွက်မှ ဦးစောသိန်းမြိုင်၏ ဘုရား သုံးဆူမြို့အား လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးရေး၊ အမှတ်(၁)ရပ်ကွက်မှ ဦးကျော်ခိုင်ထွေး၏ ဘုရားသုံးဆူမြို့ ဆေးရုံ၌ ဆရာဝန်တစ်ဦး ထပ်မံခန့်ထားပေးရေး၊ အမှတ် (၆)ရပ်ကွက်မှ ဒေါ်ကြည်စိန်၏ ကျိုက်ဒုံမြို့အဝင် ဟောင်သရောမြစ်ကူးတံတားအား ကွန်ကရစ်တံတား တည်ဆောက်ပေးရေး၊ အမှတ်(၄)ရပ်ကွက်မှ ဦးအောင် ကျော်ဆန်း၏ ကျိုက်ဒုံမြို့အား လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးရေး၊ အဇင်းကျေးရွာမှ ဦးစိုးနိုင်၏ ကျိုက်ဒုံ- အဇင်း- ဂျိုးဖြူ-တောင်ကလေးလမ်းပိုင်း ကျန် ၁၅ မိုင်အား ကတ္တရာခင်းပေးနိုင်ရေးနှင့် KPF/BGF ကြီးကြပ်ကွပ်ကဲ ရေးအဖွဲ့မှ စောဒေါဒေါက ကျိုက်ဒုံ- ကော့ကရိတ် လမ်းအရှည် ၄၃ မိုင် ၁ ဖာလုံအနက် ၂၃ မိုင် ၁ ဖာလုံအား ကွန်ကရစ်လမ်း ဆောင်ရွက်ပေးနိုင်ရေး မေးခွန်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။
မေးခွန်းမေးမြန်း
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများထဲမှ မေးခွန်း မေးမြန်းလိုသူ ၁၁ ဦးအနက် မဲပေါက်သူ ၅ ဦးဖြစ်သည့် ကြာအင်းဆိပ်ကြီး အမှတ်(၆)ရပ်ကွက်မှ ဒေါ်သန်းအေး၏ လွှတ်တော်များတွင် ပါဝင်နေသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအားလျှော့ချလိုခြင်းကိစ္စ၊ အမှတ်(၆)ရပ်ကွက်မှ ဒေါ်သီတာလွင်၏ တိုင်းရင်းသား ဒေသများအတွက် ဖက်ဒရယ်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၆၁)အား ပြင်ဆင်ရန် မည်သည့်အတွက် ကြောင့် ကြန့်ကြာနေခြင်းကိစ္စ၊ အမှတ်(၄) ရပ်ကွက်မှ ဒေါ်သီတာချို၏ ဘုရားသုံးဆူမြို့ လမ်းများပြုပြင်ပေး နိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေး၊ ထိမံထိုးကျေးရွာမှ ဦးစောလှမိုး၏ ထိမံထိုး-ထိဖိုးနိုင်းလမ်းအား အဆင့်မြှင့် တင်ပေးနိုင်ရေး၊ အမှတ်(၆)ရပ်ကွက်မှ ဒေါ်ရီရီဝင်း၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ) အား မည်သည့် အတွက်ကြောင့် ပြင်ဆင်လိုခြင်းကိစ္စမေးခွန်းတို့ကိုလည်း ကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေ များ၊ ရေရှည်ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ စိစစ် ဆောင်ရွက်ပေးသွားရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ လက်ထက်တွင် နောင်လာနောက်သားများအတွက် ကောင်းမွန်သည့်အမွေများကို ချထားပေးခဲ့လိုပါကြောင်း၊ ထို့အတွက် မိမိတို့ပြည်သူများအနေဖြင့် နောင်လာ နောက်သားများအတွက် တန်ဖိုးရှိသည့်အမွေများကို သေချာထိန်းသိမ်းပြီး အလေးထားရမည့် အမွေများကို ထားခဲ့နိုင်အောင် ဝိုင်းဝန်းကူညီကြစေလိုကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသားလူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျောင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဝင်စားသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကာ ကျောင်းသား များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာကြည့်တိုက်၊ သင်တန်းကျောင်းသား အိပ်ဆောင်နှင့် စားရိပ်သာတို့ကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ကြည့်ရှုအားပေး
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ Strand Walking Street သို့ ရောက်ရှိပြီး ဈေးဆိုင်ခန်းများ ရောင်းချနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး Culture Show ၌ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးသည်။ သတင်းစဉ်

No comments:

Post a Comment