Friday, February 21, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၈) ဒီမိုကရေစီရှင်သန်ရေး ရွေးကောက်ပွဲများကျင်းပပေး

ဆောင်းပါး
========

Image may contain: one or more people
ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲများရှိသည်။ ရွေးကောက်ပွဲများရှိနေလျှင် ဒီမိုကရေစီခေတ်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရွေးကောက်ပွဲကိုအခြေခံသည်။ ရွေးကောက်ပွဲများဖြင့် ဒီမိုကရေစီစနစ် ထူထောင် တည် ဆောက်သည်။ ရွေးကောက်ပွဲမရှိလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းရသည်။ ဒီမိုကရေစီရှင်သန်ရေးအတွက် ရွေးကောက်ပွဲများ ရှိနေရသည်။ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနှင့်ဒီမိုကရေစီ ခွဲခြား၍မရ။ ဒွန်တွဲနေသည်။ အနှစ်ချုပ်မျှဝေပါရစေ။
ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်
ယနေ့မြန်မာနိုင်ငံသည် မည်သည့်ခေတ်ကာလသို့ ရောက်ရှိနေသနည်း။ မည်သည့်စနစ်ကို ကျင့်သုံးနေ သနည်းဟု မေးမြန်းလာပါလျှင် ဒီမိုကရေစီခေတ်သို့ ရောက်ရှိနေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည် ဟု ဖြေဆိုရမည်သာ။ ဤသည်မှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုလားတောင့်တချက်အရ ဖြစ်သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ်
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇ အရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပုဒ်မ ၄၀၅ အရ နိုင်ငံရေးပါတီတစ်ရပ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်ဖြစ်သည်။ ထို့အပြင် ပုဒ်မ ၄၀၆ အရ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေ နှင့်အညီ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေ ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ သည်။ နိုင်ငံရေးပါတီပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့သည်။ ဒီမိုကရေစီရောင်ခြည်ဦး ပေါ်ထွက်လာသည်။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ လိုလားတောင့်တချက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံးတို့သည် ဒီမိုကရေစီ လင်းရောင်ခြည်ဦး အပျောက်မခံလိုကြ။ ဒီမိုကရေစီ ရောင်ခြည်အောက်တွင် မိမိတို့ပြည်ထောင်စုကြီးကို တွေ့မြင်လိုကြသည်။ ဒီမိုကရေစီစနစ်ဖြင့် မိမိတို့ ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်လိုကြသည်။
နုနယ်နေသေးသောဒီမိုကရေစီပင်ပျို
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှစတင်၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့ရာ ယနေ့အထိဆိုလျှင် ၁၀ နှစ်နီးပါးခန့် ရှိနေ ပြီဖြစ်သော်လည်း နုနယ်သေးသည့် ဒီမိုကရေစီဟု ဆိုကြ သည်။ အချို့က ဒီမိုကရေစီအပင်ပေါက်စသာရှိသေးသည် ဟုဆိုကြသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ သမိုင်းဖြစ်စဉ်နှင့်ယှဉ်၍ ပြောဆိုနေကြသည်သာ ဖြစ်ပါ သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပါပြီ။ ဒီမိုကရေစီခေတ် ဒီမိုကရေစီကာလ ဟူ၍ လွတ်လပ်ရေးစတင်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ၁၃ နှစ်ခန့်ကာလကို သတ်မှတ်ခဲ့ကြ သည်။ ယင်းကာလအတွင်း ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးများအဖြစ် ၁၉၅၁ နှင့် ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်ကာလ များအတွင်း ရွေးကောက်ပွဲများမရှိခဲ့ပါ။ ထို့ကြောင့် ထိုကာလကို ဒီမိုကရေစီခေတ်ဟူ၍ မသတ်မှတ်ခဲ့ ကြပါ။
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ပြည်သူ့လွှတ်တော် နှင့် ကောင်စီအဆင့်ဆင့် ရွေးကောက်ပွဲများရှိခဲ့ပါသည်။ သို့ရာတွင် ထိုရွေးကောက်ပွဲများတွင် ပါတီပေါင်းစုံ ဝင် ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါ။ နိုင်ငံရေးပါတီပေါင်းစုံ ဖွဲ့စည်းတည်ထောင်ခွင့် မရှိခဲ့ကြပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟူ၍ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့သည်။ ရွေးကောက်ပွဲများတွင် လမ်းစဉ်ပါတီကိုယ်စားလှယ်များ ပါဝင်အရွေးခံခဲ့သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီခေတ် ဟူ၍ သတ်မှတ်နိုင်ခြင်းမရှိဘဲ ဆိုရှယ်လစ် ဒီမိုကရေစီ စနစ်ဟူ၍သာ သုံးနှုန်းပြောဆိုခဲ့ကြသည်။
၁၉၈၈ ခုနှစ် မှ ၂၀၀၉ ခုနှစ်အတွင်း ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမှု ရှိခဲ့သည်။ နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရက ကြီးမှူး ၍ ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီပေါင်းစုံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်သည်။ သို့ရာတွင် ရွေးကောက်ပွဲရလဒ် အကောင်အထည်မဖော်နိုင်ခဲ့ပါ။
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကတစ်ကြိမ် နှစ်ကြိမ်သာ ကျင်းပ ပြီးစီးခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများအနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လစ်လပ် လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၄၅ နေရာအတွက် ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အတွင်း လစ်လပ်လွှတ်တော်မဲဆန္ဒနယ် စုစုပေါင်း ၁၉ နေရာအတွက် ၂၀၁၇ ခုနှစ်က တစ်ကြိမ်၊ လစ်လပ် လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း ၁၃ နေရာအတွက် ၂၀၁၈ ခုနှစ်က တစ်ကြိမ် စုစုပေါင်းသုံးကြိမ်သာ ကျင်းပခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် သုံးကြိမ်မြောက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲဖြစ်သည်။
မဲဆန္ဒရှင်များ၏ဆန္ဒမဲပေးမှု
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၂၉ သန်းကျော် ရှိခဲ့သည်။ လာရောက်ဆန္ဒမဲပေးသူဦးရေ ၂၂ သန်းကျော် ရှိသဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်း ခန့် ဆန္ဒမဲပေးခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၃၄ သန်းကျော် ရှိခဲ့သည်။ လာရောက် ဆန္ဒမဲပေးသူဦးရေ ၂၄ သန်းနီးပါးရှိသဖြင့် ဆန္ဒမဲပေးခွင့် ရှိသူစုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းခန့် ဆန္ဒမဲပေးခဲ့ကြ သည်။
၂၀၁၂ ခုနှစ်တွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ခြောက်သန်းကျော်အနက် လေးသန်းကျော် လာရောက်ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူစုစုပေါင်း၏ ၆၈ရာခိုင်နှုန်းခန့် ဆန္ဒမဲ ပေးခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သန်းကျော်အနက် ခုနစ်သိန်းကျော် လာရောက်ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်းခန့်လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရှစ်သိန်းကျော် အနက် လေးသိန်းခန့် လာရောက်ဆန္ဒမဲပေးကြသဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့် လည်းကောင်း ဆန္ဒမဲပေးခဲ့ကြသည်။
ဒီမိုကရေစီ ထာဝစဉ်ဖြစ်ထွန်းရေး
တိုင်းရင်းသားပြည်သူအားလုံးတို့သည် မိမိတို့လိုလားတောင့်တလာခဲ့ကြသည့် ဒီမိုကရေစီ ထာဝစဉ်ရှင်သန်နေ စေရေး မိမိတို့တစ်ဦးစီတွင် လည်းကောင်း၊ စုပေါင်း၍ လည်းကောင်း တာဝန်ရှိကြသည်။ ဒီမိုကရေစီ ထာဝစဉ် ဖြစ်ထွန်းနေစေရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်။
ဒီမိုကရေစီ ထာဝစဉ်ရှင်သန်နေစေရေး၊ ဒီမိုကရေစီ ထာဝစဉ်ဖြစ်ထွန်းနေစေရေး၊ ရွေးကောက်ပွဲများကို ဖြတ် သန်းသွားကြရပါမည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ၏ အခြေခံဖြစ်သည်။ ဒီမိုကရေစီရှင်သန်စေရေး၏ ရေသောက်မြစ်ဖြစ်သည်။ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်။ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြခြင်းဖြင့် ဒီမိုကရေစီ၏ရေသောက်မြစ် သန်မာထွားကျိုင်းစေသည်။ ဒီမိုကရေစီ၏ ပင်စည် ခိုင်မာအားကောင်းစေသည်။ ဒီမိုကရေစီရှင်သန်ရေး ရွေးကောက်ပွဲများကျင်းပပေးရပါ မည်။
ရွေးကောက်ပွဲနှင့် ဒီမိုကရေစီရှင်သန်ရေး
"ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီအစစ်မဟုတ်။ ဒီမိုကရေစီအတုအယောင်၊ ဒီမိုကရေစီ အရေခြုံများရှိ တတ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟု
ဆိုတိုင်းလည်း စစ်မှန်သော ဒီမိုကရေစီမဖြစ်တတ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်မှ ဒီမိုကရေစီသည် လည်း စစ်မှန်သော ဒီမိုကရေစီဖြစ်ပါမည်" ဟူ၍ နိုင်ငံရေး သုတေသီ၊ သမိုင်းသုတေသီများ၏ အဆိုအမိန့်များကို မှတ်သားဖူးသည်။
ယနေ့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ဒီမို ကရေစီစနစ်ကို လိုလိုလားလားရှိကြသည်။ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက် လိုကြသည်။ ဤတွင် ဒီမိုကရေစီထာဝရရှင်သန်နေစေ ရေးသည် အဓိကအကျဆုံးအချက်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူတိုင်း ဆန္ဒမဲပေးကြခြင်း ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ နုနယ်နေသေးသော ဒီမိုကရေစီမှ အားကောင်းခိုင်မာ သော ဒီမိုကရေစီဖြစ်ထွန်းရေး၊ စစ်မှန်သောဒီမိုကရေစီ ထာဝရရှင်သန်စေရေးဆီသို့ ဦးတည်လျှောက်လှမ်းနိုင်ကြ စေလိုကြောင်းပါ။
ရွေးကောက်ပွဲတိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တိုင်း ဆန္ဒမဲပေးနိုင်ကြပါစေ၊
စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ ဦးတည်နိုင်ပစေ၊
စစ်မှန်သောဒီမိုကရေစီ ထာဝစဉ်ရှင်သန်နေပါ စေ။

မောင်စာဂ

No comments:

Post a Comment