Sunday, February 23, 2020

လူမှုစီးပွားဖွံ့ဖြိုးရေး နိုင်ငံသားတိုင်းပူးပေါင်းပါဝင်

အယ်ဒီတာ့အာဘော်
==============


မိုဘိုင်းဖုန်းစစ်တမ်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုဘိုင်းဖုန်း အသုံးပြုနေကြသည်။ အသက်အရွယ်အားဖြင့်ဆိုလျှင် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသုံးပြုမှုပိုမိုများပြားပြီး ထိုထက်မကပင် ပိုမိုနိုင် သည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဖုန်းအော်ပရေတာများသည် ပြည်သူ လူထုအား မိုဘိုင်းဖုန်းဆင်းမ်ကတ် သန်း ၅၀ နီးပါးရောင်းချပြီးဖြစ်ရာ အသုံးပြုသူ လူတစ်ဦးလျှင် ဆင်းမ်ကတ်တစ်ခုမက ကိုင်ဆောင်ထားသည့် အနေအထားရှိသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအားအကောင်းဆုံးလုပ်ငန်းတစ်ခုမှာ မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး စမတ်ဖုန်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများက ခေတ်နှင့်အညီ တီထွင်ဆန်းသစ်၍ ဆက်သွယ် ရေးနည်းပညာများကို အဆင့်မြင့်မြင့် ဖန်တီးထုတ်လုပ်ဖြန့်ဝေလာသော ကြောင့် လူတိုင်းလူတိုင်းဖုန်းမကိုင်ရလျှင် မနေနိုင်သည့်အနေအထားမျိုး သို့ပင် ရောက်လာသည်။ သို့သော် မိုဘိုင်းဖုန်းကို တရားဝင်မှတ်ပုံတင်ကာ အသုံးပြုရေးကို အလေးထားရန် အများအားဖြင့် မေ့လျော့နေကြသည်။

မိုဘိုင်းဖုန်းမှတ်ပုံတင်ခြင်းသည် အရေးပါသောကိစ္စတစ်ခုဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုခြင်းသည် ကောင်းကျိုးရော၊ ဆိုးကျိုးပါရှိသည်ကို လူတိုင်းသိရှိကြသည်။ ကောင်းကျိုးမှာ တစ်ဦးနှင့်တစ်ဦး နေရာမရွေး၊ အချိန် မရွေး ပြောဆိုဆက်သွယ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးဘက်တွင် များစွာအကျိုး ပြုသည်။ လူမှုကွန်ရက်စာမျက်နှာမှ အကျိုးပြုသတင်းအချက်အလက်များ ရရှိပြီး ထိရောက်သည့်တုံ့ပြန်မှုများ ရရှိဖြစ်ထွန်းနေသည်ကို တွေ့ရမည် ဖြစ်သည်။

ဆိုးကျိုးမှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပေါ်ထွက်လာသည့် လွဲမှားသောအချက်အလက်များ၊ မမှန်မကန်ဆောင်ရွက်ချက်များကြောင့် နောက်ဆက်တွဲပြဿနာများရှိနေသည်ကို မြင်တွေ့ကြားသိကြမည် ဖြစ်သည်။ မိုဘိုင်းဖုန်းမှ လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ လူတစ်ဦးချင်းအလိုက် ပုဂ္ဂိုလ်ရေးထိခိုက်မှုဖြစ်အောင် ပြုလုပ်နိုင်သည့်အပြင် အဖွဲ့အစည်းများသာမက နိုင်ငံအတွက်ပါ ထိခိုက်နစ်နာမှုဖြစ်စေမည့် မမှန်ကန်သောအချက်အလက်များ ဖြန့်ဝေမှုများပြုလုပ်နိုင်သည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် အသိအမြင်နှင့်တာဝန်ခံမှုရှိသည့် တာဝန်သိသော ပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များတွင် စိတ်ပါလက်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်ရေးသည် စည်းမျဉ်း၊ စည်းကမ်းလိုက်နာနိုင်ပြီး ကောင်းမွန်စွာ နေထိုင်လုပ်ကိုင်ကြသော ပြည်သူများအနေဖြင့် အပန်းကြီးစရာ၊ ဝန်လေး စရာ အလုပ်တစ်ခု မဟုတ်ပေ။ မရိုးသား၊ မမှန်မကန် လုပ်ကိုင်ကြသော သူများသာ မှတ်ပုံတင်ခြင်းကို ရှောင်ဖယ်ကြမည်ဖြစ်သည်။

ဆင်းမ်ကတ်များမှတ်ပုံတင်ခြင်းသည် ဥပဒေကြောင်းအရ ပြဋ္ဌာန်း ထားသောသတ်မှတ်ချက်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနက မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မှတ်ပုံတင်ကြရန် ညွှန်ကြားထားပြီးဖြစ်သည်။ အော်ပရေတာများအနေဖြင့်လည်း မှတ်ပုံတင်ရေးကို တိုက်တွန်းနှိုးဆော် လျက်ရှိသည်။ မိုဘိုင်းဖုန်းကို မှန်မှန်ကန်ကန် အသုံးပြုလိုသူများအနေဖြင့် မှတ်ပုံတင်နိုင်ရန် ဝန်လေးနေမည် မဟုတ်ပေ။ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းကို ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရှေ့အဖို့တွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားများသိသင့်သည့် အချက်အလက်များ၊ အကျိုးရှိစေမည့် အချက်အလက်များကို မျှဝေထုတ်ပြန် ပေးသည့်စနစ်၊ အီလက်ထရွန်နစ် သက်သေခံလက်မှတ်စနစ်၊ မြန်မာနိုင်ငံ အတွင်းနေထိုင်သူများအဖြစ် မှတ်ပုံတင်ခြင်းစနစ်တို့ကို အကောင်အထည် ဖော်တော့မည်ဖြစ်ရာ ခေတ်မီတိုးတက်သောစနစ်များဖြင့် မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး အတွက် ဆင်းမ်ကတ်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်မည်ဖြစ်သည်။


သို့ဖြစ်ရာ အလျင်အမြန်တိုးတက်ပြောင်းလဲလာသော နည်းပညာ ခေတ်တွင် မိမိ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံအေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်း အသုံးပြုသော နိုင်ငံသားတိုင်း မိမိတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်း ဖြင့် ပူးပေါင်းပါဝင်ကူညီကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment