Tuesday, February 18, 2020

ဒါရိုက်တာမောင်ခင်ဇော် (ကေသီပန်) နှင့် ရုပ်ရှင်စကားဝိုင်း

Image may contain: 1 person, text

တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း
ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့်ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ဆရာဦးခင်ဇော်လို့ ကျွန်တော်တို့ ခေါ်ဆိုပါ တယ်။ ဆရာဦးခင်ဇော်ဟာ နာမည်ကျော် လူငယ် ဒါရိုက်တာ မိုက်တီးရဲ့ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ဆရာ့ရဲ့ ဖြတ်သန်းလာရ တဲ့ဘဝက ကျွန်တော်တို့ မမွေးခင်ကတည်းက ရုပ်ရှင်လောကကို ဝင်ရောက်ပြီးတော့ ရုပ်ရှင်လုပ်ငန်းတွေလည်း လုပ်လာတယ်။ လုပ်လာပြီးတဲ့နောက်မှာ ဆရာက ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကိုလည်း တစ်ပိုင်းကနေ ဆောင်ရွက်ပေးခဲ့တာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
(၃၁.၁.၂၀၂၀ ရက်နေ့မှ အဆက်)
ကြည်စိုးထွန်း။ ။ ကြည်ကြည်ဌေး၊
မြင့်မြင့်ဌေး ကလည်း
အဲဒီကပဲ လာတာပဲထင်တယ်။
ဦးခင်ဇော်။ ။ကြည်ကြည်ဌေး က ဇာတ်စင်က လာတာ၊
မြင့်မြင့်ဌေးကတော့ အပြင်က ဒါပေမယ့် ပြဇာတ်ထဲကျတော့ သူပါလာတယ်။ သူက လုံးကြီးပေါက်လှလေ။ ရုပ်ရှင်ကားရိုက်တော့ တောင်မှ ဂေါ်ပါမောက္ခဆိုတဲ့ ကားတစ်ကား ရိုက်တယ်။ အဲဒီတုန်းက ဘောလုံးကန်တော့ အမျိုးသမီးဘောလုံးပွဲတွေလေ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ရုပ်ရှင်နဲ့ ပြဇာတ် အစည်းအရုံး
ကြီး ကျွန်တော်တို့ဖြစ်လာပြီပေါ့ ဆရာ။ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးကြီးမှာ ဖြစ်ခဲ့ တဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေ ဆရာ သိသလောက် ပြောပြပါဦး။
ဦးခင်ဇော်။ ။ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးရဲ့
ဦးစီးအဖွဲ့မှာ နာယက သုံးယောက် ထားထား တယ်။ နာယကသုံးယောက်က လန်ဒန်အတ် ဦးအုန်းမောင်၊ ဦးညွန့် (ဗြိတိသျှဘားမား)။
ကြည်စိုးထွန်း။ ။ ရုပ်ရှင်နဲ့ပြဇာတ်အစည်း အရုံးမှာလည်း သူတို့
ပဲလား ဆရာ။
ဦးခင်ဇော်။ ။ ဟုတ်တယ်။ နေရာလေး တွေသာ ပြောင်းသွား
တယ်ပေါ့။ ဒါပဲရှိတယ်လေ လူက။ ကျွန်တော် တို့က စလုပ်တော့ လူတွေက မရှိတော့ဘူး။
ကြည်စိုးထွန်း။ ။ အဲဒီတုန်းက ဥက္ကဋ္ဌက။
ဦးခင်ဇော်။ ။ဥက္ကဋ္ဌက များသော အားဖြင့် အေဝမ်းက
ဦးတင်နွယ်ဖြစ်လိုက် ဦးချန်ထွန်းဖြစ်လိုက်ပါပဲ။
ကြည်စိုးထွန်း။ ။အဲဒီနောက် ကျွန်တော် သိသလောက် ဆရာ
ရွှေဒုံးဘီအောင်လည်း ဖြစ်ဖူးတယ်နော် ဆရာ။ ဦးတင်မောင်လည်း ဥက္ကဋ္ဌဖြစ်ဖူးတယ်။
ဦးခင်ဇော်။ ။ ဦးတင်မောင်က ကျွန် တော်တို့ ဒီဘက်ခေတ်
အထိ ဥက္ကဋ္ဌလုပ်လာခဲ့တာ။
ကြည်စိုးထွန်း။ ။နောက်ကျတော့ ဦးချင်း စိန် ဆရာလည်း အဲဒီ
မှာ တောက်လျှောက်ပဲနော် ဆရာ။
ဦးခင်ဇော်။ ။ ဦးညီပု လက်ထက်မှာ များတာပေါ့။ ဦးညီပု
ပထမလေးနှစ်မှာတော့ ကျွန်တော် အတွင်း ရေးမှူး လုပ်ခဲ့ရပါတယ်။
ကြည်စိုးထွန်း။ ။ ရုပ်ရှင်အစည်းအရုံးမှာ ဆရာက အတွင်းရေးမှူး
လည်း လုပ်ခဲ့ရတယ်၊ ဥက္ကဋ္ဌလည်း လုပ်ခဲ့ ရတယ်။ အဲဒီတော့ တော်တော်များများ ရုပ်ရှင် အစည်းအရုံးမှာ ကျင်လည်ခဲ့ရတာကိုး။ ကျင်လည်ရတော့ အဲဒီက အကြောင်းလေး တွေ နောက်တစ်ခါ ဆရာ့ဘဝဇာတ်ကြောင်း လေးလည်း သိချင်ပါတယ်။ ရုပ်ရှင်လောက ကို ဘယ်လိုရောက်လာတယ်။ ဘယ်နှ ခုနှစ်မှာ ရောက်လာတယ်။ ဘယ်ကုမ္ပဏီ ကနေ ရောက်လာတယ်ပေါ့ ဆရာ။ တချို့ လည်း ဟိုနေ့က ဆရာကြီးတွေ ပြောသလိုဆို တစ်ခါတည်း မက္ကင်းနစ်ကနေပြီးတော့ ဒါရိုက်တာဖြစ်တဲ့လူလည်း ရှိတာပေါ့။ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင်ထဲဝင်လာတဲ့ အခါမှာ ကျောင်းတော့နေသေးတာပေါ့ ဆရာ။ ဘွဲ့ရပြီးတော့မှ ရုပ်ရှင်ထဲ ဝင်တာကိုး။ အသက် သုံးဆယ်လောက်ပေါ့။ အဲဒီက ဝင်တဲ့အခါ ကျတော့ တစ်ခါတည်း တန်းဝင်လို့မရဘူးဆရာ။ အောက်ခြေသိမ်းက ဝင်ရတာကိုး။ ရှုတင် မန်နေဂျာ ဘဝကနေပြီးတော့ အောက်ခြေသိမ်း ကနေ ဝင်ရတာ။ ဆရာတို့လည်း အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်။ တစ်ခါတည်း ရုပ်ရှင်ရဲ့ အခြေခံကျတဲ့ နေရာလေးတွေကမှ ဝင်လာ ပြီးတော့မှ တဖြည်းဖြည်းတိုးတက်လာတဲ့ ဟာပေါ့။ အဲဒါလေးတွေ ပြောပြပါဦး။
ဦးခင်ဇော်။ ။အဲဒီတော့ ကျွန်တော် ဝင်တာလည်း တော်တော်
ခက်ခက်ခဲခဲ ဝင်တာပါ။ ကျွန်တော့်မိဘက ကျောင်းထားတယ်။ ကျောင်းထားတော့ ကျွန်တော် ကျောင်းလာတက်တယ်ပေါ့လေ။ ရန်ကုန်မှာ ကျောင်းလာတက်တယ်။ ကျွန်တော် ၁၉၅၃ ခုနှစ်မှာ ဆယ်တန်းအောင် တယ်။ ကျောင်းတက်နေရင်းကနေ ပြီးတော့ ကျွန်တော် သိပ်ဝါသနာပါတာက ကင်မရာတို့ ဘာတို့ဆိုတော့ အဲဒါနဲ့ သူတို့ကို လိုက်ရိုက် ပေးတယ်။ ရုပ်ရှင်ကို အလကား လိုက်ရိုက်ပေး တာ။ အဲဒီကနေပြီးတော့မှ ကျွန်တော် နောက် တစ်ခါ တစ်ဆင့်ပေါ့လေ။ ဆလိုက်တွေ ဘာတွေ အရင်တုန်းက ဆလိုက်ထိုးရတယ်။
ကြည်စိုးထွန်း။ ။ ခုလည်း ရှိသေးတယ် ဆရာ ရုပ်ရှင်ရုံတွေမှာ။
ဦးခင်ဇော်။ ။ အဲဒီဟာလေးတွေလည်း ကျွန်တော် အလကား
လုပ်ပေးတယ်။ ဆေးခြယ်တာ။
ကြည်စိုးထွန်း။ ။ ဪ ဝါသနာပါတာကိုး။
ဦးခင်ဇော်။ ။ အဲဒီဟာတွေ လုပ်ပေးရင်း နဲ့ပေါ့လေ။ ရုပ်ရှင်လော
ကထဲ ဝင်တာ။ ဒါပေမယ့် ချက်ချင်းဝင်လို့ မရဘူး။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့ ဆရာ။
ဦးခင်ဇော်။ ။ ကျွန်တော်က အင်တာ အထိ သင်ခဲ့ဖူးတာကိုး။
အဲဒီတော့ ကျွန်တော် ဆရာလုပ်ချင်စိတ်လေး လည်းရှိတယ်။
ကြည်စိုးထွန်း။ ။ အဲဒီကနေပြီးတော့ ဆရာ ရုပ်ရှင်ထဲ ဘယ်လို
ရောက်လဲ။
ဦးခင်ဇော်။ ။အဲဒီကတည်းကိုက ရုပ်ရှင် ထဲကို ကျွန်တော်
လိုက်ရိုက်နေပြီ။ နောက်ဆုံးကျတော့ ကျွန်တော် ကျောင်းကိုလည်း မလွှတ်နိုင်တော့ဘူး။ ကျောင်းကို ခေါ်တဲ့အချိန်က ဆရာ ရွှေဒုံး ဘီအောင်။ ကျောင်းမှာ ဆရာလုပ်ပြီး ကောင်းနေတဲ့အချိန်ကျတော့။
ကြည်စိုးထွန်း။ ။ ဪ ဘယ်ကျောင်းမှာ လဲ ဆရာ။
ဦးခင်ဇော်။ ။ အနုပညာကျောင်းတွေ အဲဒီတုန်းက အပြိုင်
အဆိုင်လေ။
ကြည်စိုးထွန်း။ ။ ကျူရှင်ဆရာပေါ့။
ဦးခင်ဇော်။ ။ အနုပညာသင်ကျောင်း သူက သူငယ်တန်းကနေ
ပြီးတော့ ဆယ်တန်းအထိ ရှိတယ်။ နောက်ပြီး တော့ အခု ဦးလှသိန်း ဓမ္မဗိမာန်လုပ်ထားတဲ့ နေရာမှာ ဒေါ်ကြည်ကြည်အလွတ်သင်ကျောင်း ဆိုတာ ရှိတယ်။ ဒီအင်းလျားတစ်ဝိုက်က မိန်းကလေးတွေတိုင်းက အဲဒီကျောင်းမှာချည်း ပဲ။ ကျွန်တော်ကလည်း အဲဒီကျောင်းမှာ ဆရာ။
ကြည်စိုးထွန်း။ ။ဪ ဒါလုပ်ရင်းနဲ့ ကလည်း Still ကလည်း
လိုက်ရိုက်နေတယ်။ နောက်ကျတော့ အဲဒီ ကျောင်းဆရာဘဝကို ဘယ်လိုလုပ်ခွာခဲ့သလဲ။ဆရာရွှေဒုံးဘီအောင်က ဘယ်ကားမှာ ခေါ်ခဲ့ တာလဲ ဆရာ။
ဦးခင်ဇော်။ ။ဤလူ့ဘောင်တွင် ဇာတ် ကားမှာပဲ။
ကြည်စိုးထွန်း။ ။ ဪ ဤလူ့ဘောင်တွင် က သိပ်ကောင်းတဲ့
ကားဆရာ။ ၁၉၅၈ ခုနှစ်လောက် ဖြစ်မလား မသိဘူး။
ဦးခင်ဇော်။ ။ ရွှေဒုံးဘီအောင် ခေါ်တယ် ဆိုတော့ ကျွန်တော်က
အံ့အားသင့်သွားတယ်။ ဒီမတိုင်ခင်က ကျွန်တော်က ဇာတ်ညွှန်းရေးတာကို ဆရာ ဦးချင်းစိန်နဲ့ သင်တယ်။
ကြည်စိုးထွန်း။ ။ ဦးချင်းစိန်၊ ရွှေညာမောင် ပေါ့။
ဦးခင်ဇော်။ ။ ဟုတ်တယ် ရုပ်ရှင် အစည်းအရုံးကနေပြီး
တော့ ဇာတ်ညွှန်းသင်တန်းသင်တော့ အဖြေလွှာတွေကို သူ့ကိုပေးတယ်။ သူက ကျွန်တော့်ကို ပြန်စစ်ခိုင်းတယ်။
ကြည်စိုးထွန်း။ ။ ဆရာ ပဲရော့မှာ လုပ်ဖူး သေးတယ် မဟုတ်
လား။ အဲဒီအရင်ကျတာပေါ့နော်။
ဦးခင်ဇော်။ ။ အဲဒီအရင်ပေါ့ ပဲရော့ ဖလင်က။ ပဲရော့ဖလင်
က ကျောင်းနေရင်းနဲ့။
ကြည်စိုးထွန်း။ ။ ကျောင်း နေရင်းနဲ့ ကျောင်းဆရာ မဖြစ်
သေးခင်မှာကို ပဲရော့မှာ အဆက်အသွယ် ဖြစ်နေပြီ။ အဲဒီတော့ ဦးဆန်နီရှိသေးလား ဆရာ။
ဦးခင်ဇော်။ ။ မရှိတော့ဘူး။
ကြည်စိုးထွန်း။ ။ ဒါတော့ ဦးဖေကြိုင်ပေါ့။ ဦးဖေကြိုင် လက်ထက်
မှာပေါ့နော် ဆရာ။
ကြည်စိုးထွန်း။ ။ အဲဒီမှာလည်း ဆရာက ရုပ်ရှင် အတွေ့အကြုံ
တွေရခဲ့တာပေါ့။ အဲဒီကမှ ဆရာ ကျောင်းဆရာ လုပ်ရင်းနဲ့ ဆရာရွှေဒုံးဘီအောင်က ခေါ်တော့ တစ်ခါတည်း ဒီဘက်ကိုစွန့်ပစ်ခဲ့ပြီလား။
ဦးခင်ဇော်။ ။ မစွန့်ပစ်ဘူး။ ကျွန်တော် က သူတို့ဆီက
ခွင့်တောင်းတယ်။ ကျောင်းသားတွေဆီက။ ငါ နှစ်နဲ့ချီ ပြီးတော့ လုပ်လာခဲ့တဲ့ပညာ။ ရှာလာခဲ့တဲ့ပညာ။ အဲဒီဟာ အခွင့်အရေး ကြုံခိုက်လေး ငါ့ကိုခွင့်ပြုပါ။ သိတဲ့အတိုင်း ပဲလေ။ ဟိုတုန်းက ဆရာတွေကို သူတို့က ပုဂ္ဂိုလ်စွဲ သိပ်ဖြစ်တာ။ သံယောဇဉ် တအား ကြီးတယ်။ ကျွန်တော်ကလည်း ကြီးတယ်။ အဲဒီမှာ ဆရာ့ဆီ ကျွန်တော်လိုက်သွားတယ်။
ကြည်စိုးထွန်း။ ။ အဲဒါက မန္တလေးမှာ ရိုက်တာနော်။
ဦးခင်ဇော်။ ။ မန္တလေးရယ်၊ ပတ်ဝန်း ကျင် တွေရယ်
လျှောက်ရိုက်တယ်ပေါ့။
ကြည်စိုးထွန်း။ ။ ဆရာ နောက်ဆုံး ဒေါ်မြင့်မြင့်ခင်က မော်
တော်ကားလေးနဲ့ ဆင်းလာတာက။
ဦးခင်ဇော်။ ။ မေမြို့သွားရိုက်တာ။
ကြည်စိုးထွန်း။ ။ ဪ မေမြို့လမ်း လေးလား။
ဦးခင်ဇော်။ ။ အဝင်လေးတင်ပဲ ရှိတဲ့ တောင်ကမ်းပါးယံလေး
တင်။
ကြည်စိုးထွန်း။ ။ ဆရာ သူဟိုက ပေးလိုက် တဲ့ ပဝါလေးကျသွားတာ ထင်တယ်နော် ဆရာ။ ဪ မောင်မောင်တာ က နောက်ဆုံးမှာ
ကျသွားတဲ့ အခန်းလေး ကောင်းတယ် ဆရာ။ မြင်ကွင်းကျယ် ကြည့်ရတာ အဲဒီတုန်း က မန္တလေးရုပ်ရှင်က ထွက်တာ။
ဦးခင်ဇော်။ ။ မြင်ကွင်းကျယ် ပထမ ဦးဆုံးလေ။
ကြည်စိုးထွန်း။ ။ ဆရာရွှေဒုံးနဲ့ ဒါက ဆရာ့ရဲ့ ဆရာပေါ့နော်။
တကယ်ဆရာရွှေဒုံးဆီမှာ အလုပ်လုပ်တဲ့ အချိန် မှာ ဆရာရွှေဒုံးရဲ့ စိတ်နေသဘောထား တွေလည်း ကျွန်တော် သိရပါတယ်။ ဆရာ ရွှေဒုံးနဲ့ ဆရာနဲ့ Editing နဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ဟာလေး ပြောပါဦးဆရာ။
ဦးခင်ဇော်။ ။ Editing နဲ့ပတ်သက် ပြီးတော့ တစ်နေ့ကျ
ကျွန်တော်က ကားဆက်လိုက်တယ်။ ကားဆက်ပြီး ပြီးသွားပြီ သူလည်းကြည့်ပြီးပြီ။ နောက်ကျတော့ ရှမ်းပြည်က စော်ဘွားတွေ လာကြည့်ကြတယ်။ ဗမာပြည်ကို ပထမဆုံး ရောက်လာတဲ့ စတင်းဘတ်က သူတို့ဆီမယ် ပေါ့။ စီနီမာစကုပ်ကလည်း ပထမဦးဆုံးကား၊ အဲဒီမှာကျတော့ ပြလည်းပြရော တစ်နေရာ လည်းကျရော မင်းဖျက်ပစ်တယ်တဲ့၊ အဲဒါ မဖျက်ဘူး ဆရာလို့။ ဟာ..မင်းဖျက်ပစ်တယ် ကွာတဲ့။ မင်းက ငါ့ကားကို ပျက်စီးအောင် လုပ်တယ်တဲ့။ ဘာမှမဟုတ်ဘူး ဆရာက ဆိုတော့ ကျွန်တော်က မျက်ရည်ကျတယ် တစ်ခါတည်း၊ ဒီလောက်ကြီး လုပ်ပေးခဲ့ ပြီးတော့မှဆိုပြီး ကျွန်တော်ပြန်သွားတယ်၊ တည်းတဲ့အိမ်ရောက်တယ်။ တည်းတဲ့အိမ် ရောက်တော့ အိပ်ရာတွေ ဘာတွေလိပ်နေပြီ ကျွန်တော်။ ဟေ့ကောင် တပည့်လာ လာထိုင် ဆိုပြီးတော့ သူ့ခုတင် ဘေးမှာ ထိုင်ခိုင်းတယ်။ တပည့်က ဆရာ့ရဲ့ ညာဘက်လက်ကွတဲ့။ မင်းသွားလို့ရှိရင် ငါ လက်ပြုတ်သွားမှာပေါ့တဲ့။ အလုပ်လုပ်လို့ မရတော့ဘူး မသွားနဲ့တဲ့။
ကြည်စိုးထွန်း။ ။ ဪ ပြန်တားတယ်။
ဦးခင်ဇော်။ ။နောက်ကျတော့ သူ ဘာမှမဟုတ်ဘူး။ ဒါမျိုး
ကျွန်တော် နောက်ထပ်ကြုံတယ်။ ကိုအောင် လွင်ကြီးလေ အဲဒီလိုပဲ ကိုအောင်လွင် ဖြစ် တယ်။ ကျွန်တော်အားပေးတယ် သူ့ကို။ ဟာ...ခင်ဗျား အားမပျက်နဲ့။ ကျွန်တော့်တုန်း က အဲလိုဖြစ်ခဲ့ဖူးတယ်။ ဘာမှမဟုတ်ဘူး ခင်ဗျား၊ မနက်ကျကြည့် ကောင်းသွားလိမ့်မယ်။
ကြည်စိုးထွန်း။ ။ သူက ခေါင်းရှုပ်နေတာ ပေါ့နော်။ ခေါင်းရှုပ်တော့
ဆန်ရင်း နာနာဖွပ်တာပေါ့။ တပည့်ရင်းတွေပဲ ဆူမှာပေါ့လေ ဆရာ။ ဆရာရွှေဒုံးက တကယ့်ကို သွက်လက်ပြီးတော့ စကားပြောရင် ရိုးရိုး စင်းစင်း ဆရာ။ သူ့မှာ ကျွန်တော်သိသလောက် တော့ ဟန်မရှိဘူး။ ဘွင်းဘွင်းလင်းလင်းကြီး နဲ့လေ။ လူက တကယ့်ခင်မင်စရာကောင်းတဲ့ လူကြီးပေါ့နော် ဆရာကြီးပဲ။ ပြောတာဆိုတာ နားထောင်ရတာပေါ့နော်။
ဦးခင်ဇော်။ ။ သူ မကောင်းတာ လုပ်ခဲ့ တာတွေလည်း
ပြောတယ်။
ကြည်စိုးထွန်း။ ။ ပွင့်ပွင့် လင်းလင်းပဲ။ ဘွင်းဘွင်းကြီးပေါ့ ဆရာ
ဟန်မဆောင်ဘူး။ ကောင်းတယ်ဆရာနော်။
ဦးခင်ဇော်။ ။ဟာ ငါဒီလိုလုပ်ခဲ့တယ် ကွာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။ အဲဒီ ကနေ ဟိုဘက်
ကျွန်တော်တို့ ဆက်ကြရအောင် ဆရာ။ ရုပ်ရှင်အစည်းအရုံးဘက်နဲ့ နောက်တစ်ခါ ကျတော့ ရွှေရတုဘက်ပေါ့ဆရာ။ နောက် ၁၉၄၅ ခုနှစ်မှာ ငွေရတုကို စက်မှုပြပွဲနဲ့ တွဲပြီးတော့ ၁၉၄၇ ခုနှစ်ကျမှ ကျွန်တော်တို့က လုပ်နိုင်တာ။ နောက် ၁၉၇၀ ပြည့်နှစ်ကျတော့ ရုပ်ရှင်ရွှေရတု ရောက်ပြန်ပြီဆရာ။ အဲဒီခေတ် ရောက်တဲ့အခါကျတော့ မင်းသား မင်းသမီး တွေလည်း ကျွန်တော်တို့သိလာပြီပေါ့ ဆရာ။ အသံထွက်လည်းဖြစ်လာပြီ အဲဒီအချိန်မှာ။ မြင်ကွင်းကျယ်တွေလည်း ကြည့်လာရပြီ ဆိုတော့ အဲဒီအချိန်မှာ ဆရာတို့က ရုပ်ရှင် အစည်းအရုံးမှာလည်း ထဲထဲဝင်ဝင်ဖြစ် ပြီးတော့ ရွှေရတုမှာလည်း ဆရာတို့ကပဲ ဦးစီးပြီးတော့ လုပ်သွားတဲ့အပိုင်းကို ကျွန်တော်မြင်ပါတယ်။ အဲဒီအကြောင်းလေး တွေ ပြောပါဦးဆရာ။
ဦးခင်ဇော်။ ။ သူကလုပ်မယ် မလုပ် ဘူး၊ လုပ်မယ် မလုပ်
ဘူး နဲ့ အတော်ကို တစ်လစ်ကလေးဖြစ်နေတာ၊ အနားနီးတော့မှ ကပ်ပြီးတော့မှ လုပ်မယ် ဆိုပြီးတော့။
ကြည်စိုးထွန်း။ ။ အဲဒါမှာလည်း ဆရာတို့ ရုပ်ရှင် အစည်းအရုံး
ကပဲ ဆုံးဖြတ်ပြီးလုပ်လိုက်တာလား။ နိုင်ငံ တော်ပိုင်းက ပါသေးလားဆရာ။
ဦးခင်ဇော်။ ။ မပါပါဘူး။
ကြည်စိုးထွန်း။ ။ ဪ နိုင်ငံတော်ပိုင်း က မပါဘူး။ ရုပ်ရှင်
လောကသားသက်သက်ပဲ လုပ်ကြတာပေါ့ ဆရာ။
ဦးခင်ဇော်။ ။ အဲဒီမှာလည်း ကျွန်တော် တို့ချည်းပဲ လုပ်ရတယ်
ဆိုပေမယ့်လို့ တော်တော်စည်စည်ကားကား ဖြစ်သွားတယ်။ ကျွန်တော် ဥပမာပြောရရင် ဆရာကြီးဦးညီပုပေါ့။ သူကထုတ်လုပ်မှု အခြေခံအဖွဲ့မှာ သူက ဥက္ကဋ္ဌ။ ကျွန်တော်က အတွင်းရေးမှူး ရုပ်ရှင်အစည်းအရုံးမှာ သူက ဥက္ကဋ္ဌ ကျွန်တော်က အတွင်းရေးမှူး။ အဲဒီလို ဖြစ်နေတယ်။ ကျွန်တော်တို့ နှစ်ယောက် စလုံးက ဆရာကြီးဦးညီပုဆိုလို့ရှိရင် သူ့ကို ကျွန်တော် အပင်ပန်းမခံခိုင်းဘူး။ သူလုပ် ရမယ့်ဟာတွေမှန်သမျှ ဘယ်ကလာတယ်။ ဘာလုပ်ပေးပါဆိုရင် ကျွန်တော်စာရေးတယ်။ ကျွန်တော်က ရေးပြီးတော့ အဲဒါထား လိုက်တယ်။ ပြီးတော့ ဟိုကလာတယ်။ လိုက်ရေး ဒီနေ့ ဆရာ ဆရာကြီး ကျွန်တော်တို့ ဘယ်သူလာတယ်။ ဘာညာ အဲဒီအတွက်ကို ကျွန်တော်ဒီစာရေးထားတယ်။ ပြလိုက်တာ ဖတ်ကြည့်တော့။
ကြည်စိုးထွန်း။ ။ တကယ့် အတွင်းရေးမှူး အစစ်ပဲ ဟုတ်လား။
ဦးခင်ဇော်။ ။ အဲဒီလိုကို လုပ်တာ။ အဲဒီလိုလုပ်တော့ သူက
လည်း ကိုယ့်ကိုတအားခင်တယ်။ ငွေသုံးတဲ့ စာရင်း လုံးဝမရှိဘူး။ ဘာဖြစ်လို့ မရှိလဲဆိုတော့ တစ်ခါတည်း ရှင်းသွားတာ။ ကျွန်တော်တို့ ဒီနေ့ဘာပွဲရှိတယ်။ ဦးဟန်သိန်း ရွှေဟင်္သာ ရုပ်ရှင်က ဦးဟန်သိန်းတာဝန်ယူပါ။ သူ့ပိုက်ဆံ စိုက်သွား။
ကြည်စိုးထွန်း။ ။ ဪ ဒါပြီးရော စာရင်းက ရှင်းစရာ
မလိုတော့ဘူး သူ့ဟာနဲ့သူဆိုတော့။
ဦးခင်ဇော်။ ။ အဲဒီတုန်းက စံပြရုပ်ရှင် က ဦးကျင်စိန်။
ဒါတာဝန်ယူပါ။ ပြီးသွားရော။ ကျွန်တော်တို့က အဲဒီလိုလုပ်ခဲ့တယ်။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ဆရာ ရွှေရတု ကို လုပ်ခဲ့ပုံလေး
ပြောပါဦး။
ဦးခင်ဇော်။ ။ အဲ ရွှေရတုကို အဲဒီကြား ထဲကနေ ဖြစ်အောင်
လုပ်ပေးခဲ့တယ်။ ဖြစ်အောင်လုပ်တယ် ဆိုတော့ အကုန်လုံးဖိတ်တယ်။
ဖိတ်ပြီးတော့ လာပါ။ ဒါတွေလုပ်ပေးပါ ကျွန်တော်တို့မှာ ရက်က ရက်ပိုင်းလောက်ကလေးရှိတယ် ဆိုပြီးတော့ လုပ်ပေးပါဆိုပြီးတော့ ကျွန်တော် တို့ လွယ်အိတ်တွေမှာ မင်းသား မင်းသမီး ပုံတွေရိုက်ပြီး အဲဒီလွယ်အိတ်ရောင်းတယ်။ နောက်ပြီးတာ့ ဂျာစီအင်္ကျီတွေ ရိုက်ပြီးတော့ ရောင်းတယ်။ နောက် တံဆိပ်ကလေးတွေ ရောင်းတယ်။ အဲဒီရောင်းတဲ့ဟာတွေကကို မနည်းတော့ဘူး။
ကြည်စိုးထွန်း။ ။ ရန်ပုံငွေ ရလာပြီပေါ့။
ဦးခင်ဇော်။ ။ ရန်ပုံငွေ ရတယ်။ နောက်ပြီးတော့ စည်
လည်း စည်ကားတယ်။
ကြည်စိုးထွန်း။ ။ နေဦးဆရာ။ အဲဒီအချိန် တုန်းက ကျွန်တော်တို့
အသံတိတ်ကားတွေကို ရုပ်ရှင်ရုံမှာပြပြီးတော့ တစ်ခါတည်း ကိုဝင်းဦးတို့ပေါ့နော်။ အဲဒီမှာ ဝင်ပြီးတော့ တီးဝိုင်းနဲ့ ဘာနဲ့ ဆိုကြ၊ တီးကြ တာတွေလည်း ရှိတယ်ထင်တယ် ဆရာ။ တော်တော်စည်စည်ကားကားပဲ ဆရာ။
ဦးခင်ဇော်။ ။ ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီဟာ ပြောရင်တော့
နည်းနည်းတော့ အစပျိုးလိုက်ဦးမယ် ကျွန်တော်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် တို့က အသံထွက်ကို ကူးတဲ့နေရာမှာ သံစုံသွင်းဆိုတာလေး ကျန်သေးတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်တာပေါ့ ဆရာ။ ကြားခံရှိတယ်။
ဦးခင်ဇော်။ ။ အဲဒီ သံစုံသွင်းကိုလည်း ကိုဝင်းဦး ရောက်လာ
ပြီးတော့ အဲဒီ သူလုပ်တဲ့ဟာမှန်သမျှကို ရုပ်ရှင်အစည်းအရုံးက တာဝန်မယူပါဘူး။ သူအကုန်ယူသွားတာ၊ တီးဝိုင်းသမားတွေ လည်း သူကျွေးသွားတယ်။ အကုန်လုံး သူ့ဟာသူ လုပ်သွားတာ။
ကြည်စိုးထွန်း။ ။ တော်တာပဲ ဆရာ။ သူလည်း တကယ်
အနုပညာစိတ်ရှိတာပဲ။
ဦးခင်ဇော်။ ။ ကျွန်တော် တို့လည်း အဲဒီလိုပဲ ကိုယ့်ဟာ
ကိုယ် လုပ်တယ်ပေါ့လေ။
ကြည်စိုးထွန်း။ ။ အင်းလျားကန် ဟိုတယ် မှာ ဆရာတို့။
ဦးခင်ဇော်။ ။ ဪ အဲဒီဟာလေး ပြောရင်တော့ ရပါ
တယ်။ ကျွန်တော်တို့ နှစ်ပိုင်းခွဲလုပ်တယ်။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီဆရာ အထက် မြန်မာပြည်
သွားတာတွေလည်း ကျွန်တော်တို့ ဓာတ်ပုံ တွေ တွေ့ဖူးတယ်ဆရာ။
ဦးခင်ဇော်။ ။ အဲဒီမှာ ဆရာ ဦးသုခ၊ ဆရာ ဦးမောင်မောင်
အေး၊ ဒေါ်ခင်မေလေး၊ ဒေါ်တင်တင်နွဲ့၊ ကိုစိုးရွှေ။
ကြည်စိုးထွန်း။ ။ ဟိုမှာက ဒေါ်မေရှင် ရှိတယ်။
ဦးခင်ဇော်။ ။ ဒေါ်မေရှင် ရှိတယ်။ ဒေါ်သိန်းရင်တို့ ဘာတို့
ရှိတယ်။ ဆရာဦးဘရှင်ကြီးရှိတယ်။
ကြည်စိုးထွန်း။ ။ဪ ဦးဘရှင်ကြီး ဟုတ်ကဲ့ဆရာ။
ဦးခင်ဇော်။ ။ အဲဒီတော့ သူတို့နဲ့ ဟိုမှာ လုပ်တယ်။ ဘယ်မှာ
လုပ်သလဲဆိုတော့ ဝင်းလိုက်ရုံမယ်။
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment