Wednesday, January 1, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်)
No photo description available.
ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူများခင်ဗျား -
၂၀၂၀ ပြည့်နှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ပြည်သူတို့ရဲ့စုပေါင်းအင်အားနှင့်အတူ
မိမိတို့နိုင်ငံတော်အစိုးရအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းသာယာဝပြောတိုးတက်မှုတွေနဲ့အတူ နိုင်ငံသူ နိုင်ငံသားများရဲ့ဘဝ သာယာချမ်းမြေ့ပျော်ရွှင်အောင် ကောင်းမွန်တဲ့ရည်မှန်းချက်ပန်းတိုင်များနဲ့ လုပ်ငန်းစဉ် များကို ခိုင်ခိုင်မာမာချမှတ်ကာ ပြည်သူတို့ရဲ့စုပေါင်းအင်အားနှင့်အတူ ကြိုးပမ်းပုံဖော်နေပါတယ်။ တိုင်းရင်းသား ပြည်သူအားလုံး ကာလရှည်ကြာမျှော်လင့်တောင့်တခဲ့ရတဲ့ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် မဆုတ်မနစ် ဆက်လက်အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။
အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်
ဒီကနေ့နိုင်ငံတော်မှာ အကြောင်းကြောင်းကြောင့် တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းများ၊ စိန်ခေါ်မှုများကိုလည်း အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတို့ကို လက်ကိုင်ထားပြီး ဖြေရှင်းခြင်းအားဖြင့် အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ပူးပေါင်းပါဝင်ဆောင်ရွက်
နိုင်ငံတော်အစိုးရရဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းစဉ်များမှာ မိဘပြည်သူများအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါတယ်။
နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ၊ နိုင်ငံတစ်ဝန်း မေတ္တာတရားလွှမ်းခြုံကာ ငြိမ်းချမ်းသာယာပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment