Thursday, January 9, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)သို့ တက်ရောက်မိန့်ခွန်းပြောကြား
Image may contain: 7 people, people sitting
နေပြည်တော် ဇန်နဝါရီ ၈
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ကျင်းပရာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင် ၊ နိုင်ငံတော် သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးတို့ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ အတွင်း ရေးမှူး စဝ်စိုင်းငင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာ၊ ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြ ရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောမိုရှေး၊ DKBA စစ်ရေးဌာနမှူး စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ နော်ကပေါ်ထူး၊ တွဲဖက်အတွင်းရေးမှူး စောကျော်ညွန့်၊ (KNU)ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ဗဟိုကော်မတီဝင် ပဒိုစော အယ်ကလူစေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာခွန်ဆာ၊ အတွင်းရေးမှူး ကျာဆော်လမွန်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးတို့ တက်ရောက်ကြသည်။
မိန့်ခွန်းပြောကြား
ညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။
(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၆၊ ၇ တွင် ဖော်ပြထားပါသည်။)
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ဒီနေ့ကျင်းပတဲ့ (၈)ကြိမ်မြောက် JICM အစည်း အဝေးဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်စဦးမှ ပထမဆုံးကျင်းပတဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြမှာဖြစ်လို့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် စိတ်ဆန္ဒပြင်းပြနေကြတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးရဲ့ မျှော်လင့်ချက်ရောင်နီဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်က ကျင်းပခဲ့တဲ့ (၇) ကြိမ် မြောက် JICM အစည်းအဝေးနောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများ ရပ်တန့်မှုကိုလည်း နိဂုံးချုပ်စေတဲ့နေ့ ဖြစ်ပါတယ်။
“ယခုလို အစည်းအဝေးမှာ တက်ရောက်လာသူများ အားလုံးအနေနဲ့လည်း နိုင်ငံသူ နိုင်ငံသားများအားလုံး လိုလားတောင့်တနေကြတဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံးရရှိရေး အတွက်ကို ဦးတည်ချက်ထားရှေးရှုပြီး တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းဆွေးနွေးသွားကြဖို့နှင့် ဆွေးနွေးချက်ရလဒ် များကို အချိန်မဆိုင်းဘဲ ဆက်လက် အကောင်အထည်ဖော် သွားနိုင်ဖို့လည်း အရေးကြီးကြောင်း သတိပြုကြစေလို ပါတယ်။
“ဒီလိုဦးတည်ချက်ထား ရှေးရှုညှိနှိုင်းဆွေးနွေး အကောင် အထည်ဖော်ဆောင်ရွက်ရာမှာလည်း အချိန်အတိုဆုံးနဲ့ အောင်မြင်တဲ့ဆွေးနွေးမှု ရလဒ်ကောင်းများရရှိဖို့လည်း အထူးပဲ လိုအပ်ပါတယ်။ ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုသလို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဆွေးနွေးနေမှုသာရှိပြီး ရလဒ်ကောင်း အဖြေမရှိခဲ့ရင်၊ မရခဲ့ရင် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး မျှော်လင့်ချက်ဟာ လည်း သဲထဲရေသွန်သလို ဖြစ်နေမှာပဲဆိုတာ ကျွန်တော်တို့ အားလုံးက သတိပြုကြဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ၂ဝ၂ဝ ပြည့်နှစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအရရော၊ ငြိမ်းချမ်းရေးအရရော အရေးကြီးတဲ့နှစ်၊ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေတဲ့နှစ်ဆိုတာလည်း သတိမမေ့ကြဘဲ ကန့်သတ်ချက်ကြားမှ စိန်ခေါ်မှုအသီးသီးကို စုပေါင်းစွမ်း အားဖြင့် အောင်မြင်စွာ ကျော်လွှားသွားကြရမှာဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူတစ်ရပ်လုံးက ရွေးချယ်ထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လျှောက်လှမ်းနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် ထပ်မံ ၍လည်း ပိုမိုပြီးပြည့်စုံနိုင်မယ့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ဖို့လည်း နိုင်ငံရေး ပိုင်းမှာရော၊ တပ်ပိုင်းဆိုင်ရာ ထာဝရငြိမ်းချမ်းရေးကိစ္စရပ် များကိုလည်း ပြင်းပြတဲ့ဆန္ဒရှိနေကြတဲ့ ပြည်သူများလိုလား ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ဆက်လက် အကောင်အထည်ဖော်သွားနိုင်ဖို့ ယခု JICM အစည်း အဝေးမှာ တိုက်တွန်းပြောကြားလိုပါတယ်။ ရလဒ်ကောင်း အဖြေ ၁ ရက်စောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံ သားများ ၁ ရက်စောပြီး စိတ်ချမ်းသာပျော်ရွှင်မှုခံစားရမှာဖြစ်တဲ့အပြင် ခေတ်မီနိုင်ငံတော်ကြီးဆီ ၁ ရက်စောရောက် အောင် အင်တိုက်အားတိုက် ယခုထက်ပိုမို စွမ်းဆောင်နိုင် ကြမှာဖြစ်လို့ EAO အသီးသီးကရော အစိုးရ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များကပါ ဆွေးနွေးညှိနှိုင်းအဖြေရှာရာမှာ အချိန်ကာလယန္တရားကို အတိုဆုံးလျှော့ချနိုင်သမျှ လျှော့ချပြီး အမြန်ဆုံးရလဒ်ကောင်းများ ပြသနိုင်ရေး ကြိုးပမ်းပေးကြဖို့လည်း ပြောကြားလိုပါတယ်။
ကြန့်ကြာမှုကို ကျော်လွှားသွား
“ဒီလိုအချိန်ကန့်သတ်ချက်ယန္တရား လျှော့ချနိုင်ဖို့ အတွက်ဆိုရင် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း အဖြေရှာရာမှာ တောင်းဆိုတဲ့ဘက်ကလည်း ဖြစ်နိုင်ခြေရှိ တာကိုသာ တောင်းဆိုဆွေးနွေးညှိနှိုင်းရင် လိုက်လျောဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆောင်ရွက်ပေးရမယ့် နိုင်ငံတော်အစိုးရ ဘက်မှာလည်း ညှိနှိုင်းအဖြေရှာရာမှာ အချိန်များစွာ ကြန့်ကြာမှုကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော်တင်ပြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး ရဲ့ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့ တာ ၂၀၁၉ ခုနှစ် အကုန်အထိဆိုရင် (၉)နှစ်ပြည့်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ (၁၀)နှစ်ခရီးကိုတောင် လျှောက်လှမ်းနေပြီဖြစ် ပါတယ်။ ဒီမိုကရေစီသက်တမ်း နုပင်နုငြားသော်လည်း လက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ်ဟာ ဒီမိုကရေစီနှင့်ပတ်သက်တဲ့ တည်ဆဲအခြေခံဥပဒေဖြစ်သည်နှင့်အညီ ပေးထားတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တူညီတဲ့ရပိုင်ခွင့်၊ တူညီတဲ့လုပ်ငန်းတာဝန်၊ တူညီတဲ့ အာဏာခွဲဝေမှုနှင့် အခွင့် အရေးများအားလုံးဟာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို မတူညီသော ဒီမိုကရေစီအခွင့်ရေး၊ ဒေသအပေါ်အခြေခံတဲ့ ဒီမိုကရေစီ၊ လူမျိုးအလိုက်ပေါ် အခြေခံတဲ့ ဒီမိုကရေစီ မဖြစ်ရလေအောင် စုပေါင်းစဉ်းစားမှု အားမှတစ်ဆင့် ရရှိလာတဲ့ရလဒ်ဖြစ်လို့ (၉)နှစ်တာကာလ အတွင်း ကြီးမားတဲ့ဒီမိုကရေစီကျင့်စဉ် ဖောက်လွှဲ ဖောက်ပြန်မှုများ၊ ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မှုများ အပါအဝင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မှုများ လုံးဝနီးပါးမဖြစ်ပေါ်သလောက် ဖြစ်စေခဲ့တာဟာလည်း တွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း ယနေ့ကမ္ဘာကြီး၏ Globalization ဖြစ်စဉ်များ၊ IT ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်ဖြစ်ရပ်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံမှာဖြစ်ပြီး (၉)နှစ်ခရီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တဲ့ အတွေ့ အကြုံများအရ ပြင်ဆင်သင့်တဲ့ အချက်အလက်အချို့လည်း ရှိကောင်း ရှိနေမှာဖြစ်ပါတယ်။ ဘယ်အရာမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိတာဟာလည်း လောကရဲ့ နိယာမတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း တည်ဆဲအခြေခံ ဥပဒေကို ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ရေးကိုလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတာ ရှိသလို တပ်မတော်မှလည်း အခန်း(၁၂)ပါ ပြင်ဆင်ရေးဥပဒေနှင့်အညီ ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။
နှစ်ဖက်ယုံကြည်မှုက အရေးကြီး
“တစ်ပိုင်းကလည်း နိုင်ငံရေးအရ UPDJC မှာ အချိန် အတိုဆုံးနဲ့ ဖြစ်နိုင်ခြေရှိသည့်အချက်များပေါ်မှ အောင်မြင် မှုရလဒ် အသီးအပွင့်များရယူရန် ဆွေးနွေးသလို ထာဝရ ငြိမ်းချမ်းရေးအတွက်လည်း တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို JMC ဘက်ကတစ်ဆင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆွေးနွေးညှိနှိုင်း ကျော်ဖြတ်ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နှစ်ဖက်ယုံကြည်မှုက အရေးကြီးသလို ယုံကြည်မှုရဲ့ ဆန့်ကျင်ဘက်ကတော့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဒီအချက် ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ဟန့်တားနှောင့်ယှက်မှုကို ဖြစ်ပေါ်စေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၇ ခုနှစ် မေ ၂၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ထည့်သွင်းမှာကြားခဲ့တဲ့အပြင် NCA ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်း၊ တပ်မတော်ရဲ့ငြိမ်းချမ်းရေး ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ NCA လမ်းကြောင်း လျှောက်လှမ်းရာမှာလည်း ခေတ်အဆက်ဆက် ငြိမ်းချမ်း ရေး ကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ အသိတရား၊ လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အရှိတရားဖြစ်တဲ့အတွက် တပ်မတော်အနေဖြင့် ငြိမ်းချမ်း ရေးမူ (၆)ရပ်နှင့်အညီ ခိုင်မာစွာရပ်တည် လုပ်ဆောင်သွား မှာဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးထားပြီးဖြစ်တဲ့ အတွက် ကျွန်တော်တို့ တပ်မတော်အပိုင်းအနေနဲ့ JICM မှာပဲဖြစ်ဖြစ် ၊ JMC မှာပဲဖြစ်ဖြစ်၊ UPDJC မှာပဲဖြစ်ဖြစ်၊ NCA လမ်းကြောင်းအတိုင်းသာ ဆက်လက်ခိုင်ခိုင်မာမာ ရပ်တည်လျက် ဆွေးနွေးညှိနှိုင်းမှုအချိန်ကာလ ယန္တရား လျှော့ချမှုအတွင်းမှ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိ အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
“လုပ်ငန်းစဉ်တစ်ခု၊ တည်ဆောက်မှုတစ်ခုကို လုပ်ဆောင်ရာမှာ အခြေခံအုတ်မြစ် foundation ဆိုတာ မရှိမဖြစ်လိုအပ်ရာ ကျွန်တော်တို့ရဲ့ JICM ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပြင်းပြတဲ့စိတ်ဆန္ဒအရ လိုလားတောင့်တ နေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေးနှင့် စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေး အတွက် အချိန်ကာလယန္တရား လျှော့ချမှုအတွင်း ညှိနှိုင်း ဆွေးနွေးကြပြီးနောက် ကောင်းမွန်တဲ့ရလဒ် အဖြေများ ရယူရာမှာ အဓိက Foundation တစ်ခုဖြစ်ပြီး ကျွန်တော်တို့ ကလည်း Founder ဖြစ်တယ်လို့ ခံယူလျက် စိတ်ဆန္ဒ ပြင်းပြစွာနဲ့ အောင်မြင်မှုအသီးအပွင့်ကို ခံစားလိုကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ အားလုံးအတွက် စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အမြန်ဆုံးရရှိအောင် ယနေ့မှစ၍ အားသွန် ခွန်စိုက် ရိုးသားမှု အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုမှု၊ အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုအပေါ် အခြေခံလျက် စိတ်ရှည်သည်းခံခြင်း၊ မလျှော့တဲ့ လုံ့လဝီရိယတို့ဖြင့် ဆက်လက် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်ကြပါ စို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု ပြောကြား သည်။
အဆင်ပြေချောမွေ့မယ်လို့ ယုံကြည်
ယင်းနောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီ အဖွဲ့ခေါင်းဆောင်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်က “ဒီအစည်းအဝေး ဖြစ်မြောက်အောင် အားတက်သရော ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များနဲ့ နှစ်ဖက်ခေါင်းဆောင်များအားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။ ဒီအစည်းအဝေးမှာ ဆွေးနွေးအတည်ပြုရမယ့် အကြောင်းအရာတွေကို နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေက နှစ်ကြိမ်တိုင်တိုင် ကြိုတင်ညှိနှိုင်း ပြင်ဆင်ပြီးဖြစ်လို့ ဆွေးနွေးအတည်ပြုတဲ့အခါမှာ အဆင်ပြေ ချောမွေ့မယ်လို့ လေးနက်စွာ ယုံကြည်ပါတယ်။
“JICM ဟာ NCA စာချုပ်ရဲ့ အမြင့်ဆုံးယန္တရားဖြစ်သည် နှင့်အညီ တစ်နှစ်ကျော်ကြာ တည်ရှိနေတဲ့ တစ်ဆို့မှုတွေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ဒီအစည်းအဝေးကနေ ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဆို့မှုကျော်လွှားရေး နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအတွက် ဆွေးနွေးညှိနှိုင်းရမယ့် အကြောင်းအရာတွေကို JICM ကနေ ချမှတ်အတည်ပြု ပေးမှာ ဖြစ်ပါတယ်။ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ တရားဝင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအတွက် လမ်းဖွင့်ပေးရမှာ ဖြစ်ပါ တယ်။ ၂၀၂၀ နှစ် လယ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပ နိုင်ရေးကို ဦးတည်ပြီး လုပ်ငန်းအစီအစဉ် အဆင့်ဆင့်ကို ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းအဖြေရှာ
“NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့ အစည်းအားလုံး ပါဝင်မှသာ ပြီးပြည့်စုံအောင်မြင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်း အဖြေရှာကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ လက်ရှိဖြစ်ပွားနေတဲ့ အဘက်ဘက်က အခြေ အနေတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပြည်သူ လူထုအကျိုး၊ ပြည်ထောင်စု ကောင်းကျိုးကို ဦးထိပ်ထားပြီး ၂၀၂၀နှစ်သစ်ကူးတဲ့ အချိန်မှာ တစ်တိုင်းပြည်လုံး မျှော်လင့် စောင့်စားနေတဲ့ ရလဒ်ကောင်းတွေကို နှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် ဒီ JICM အစည်းအဝေးကနေ ယူဆောင် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက NCA အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ NCA အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်းနှင့် NCA အခန်း(၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အကောင်အထည်ဖော်ရေး ကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်ရယူရေးကိစ္စ၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် ဆက်လက်အကောင်အထည်ဖော်မည့် အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင် အထည်ဖော်မှုများကိစ္စ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီ ချက်ကိစ္စများဖြစ်သည့် အပိုင်း (၁) NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ အပိုင်း (၂) ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း (၃) အခြေခံမူသဘောတူညီချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပနိုင်ရေးကိစ္စ၊ NCA ပါ ဝေါဟာရများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ပိုမိုပါဝင်လာရေးအတွက် NCA အပေါ် အခြေခံ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးကိစ္စ၊ UPDJC နှင့် JMC အစည်းအဝေးများ ခေါ်ယူကျင်းပရန်ကိစ္စတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေး အတည်ပြုကြသည်။
မှတ်တမ်းတင်လို
ယင်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်က ယနေ့ သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တို့အတွက် ထူးမြတ်ပြီး မင်္ဂလာရှိသည့် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်လိုပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှုကျော်လွှားရေး ဆွေးနွေးရန်အတွက် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲများကတစ်ဆင့် ရလဒ်ကောင်းမွန်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးကို ယနေ့ (၈)ကြိမ်မြောက် JICM အစည်းအဝေးက မီးစိမ်းပြပေး လိုက်ပါကြောင်း၊ ထိုသို့ ရလဒ်ကောင်းများရအောင် ကြိုတင် ပြင်ဆင်ရေး အစည်းအဝေးကျင်းပပြီး ကြိုးပမ်းပြင်ဆင်ပေးခဲ့ ကြသည့် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များနှင့် နှစ်ဖက်ခေါင်းဆောင် များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို လေးစားဂုဏ်ပြုပါ ကြောင်း။
ယနေ့ အစည်းအဝေးကတစ်ဆင့် ခေါင်းဆောင်များ အကြား တည်ရှိနေသည့် ယုံကြည်မှု၊ နားလည်မှု၊ အပြန် အလှန် အသိအမှတ်ပြုမှု၊ ချစ်ကြည်ရင်းနှီးမှုများကို ပိုမို ခိုင်မာစေခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်လျှင် အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်ကြရန်လည်း သဘောထားရှိကြပါကြောင်း၊ မိမိတို့သည် တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ဆွေးနွေးဖော် ဆွေးနွေးဖက်၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြရုံမျှမက NCA ကို ပူးတွဲပိုင်ဆိုင်သည့် သူများဖြစ်ကြသည့်အတွက် NCA နှင့်ပတ်သက်လျှင် နှစ်ဖက်စလုံးတွင် တာဝန်ကိုယ်စီရှိကြ ပါကြောင်း၊ NCA အောင်မြင်မှု အသီးအပွင့်အတွက် ဂုဏ်ပြု ခြင်း ခံရသကဲ့သို့ တစ်ဆို့နှောင့်နှေးမှုအတွက်လည်း အပြော အဆို ခံရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် NCA အကောင်အထည်ဖော်ဆောင်မှုများ ပြီးစီးအောင်မြင်အောင် လက်တွဲဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ယခု အစည်းအဝေးပြီးသည်နှင့် နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရန်ရှိပါကြောင်း၊ ညှိနှိုင်းရေးအဖွဲ့များ အနေဖြင့် ယခုအစည်းအဝေးက ချမှတ်ပေးလိုက်သည့် ဆွေးနွေးသည့် အကြောင်းအရာများနှင့် လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ညှိနှိုင်းဆွေးနွေးသည့်အခါတွင်လည်း အားလုံးအကျိုး မျှော်ကိုးပြီး အလျှော့၊ အတင်းလုပ်ရန်နှင့် လိုအပ်ပါက ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားကြစေလိုပါကြောင်း။
တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးမှုနှင့် စုပေါင်းဆွေးနွေးမှု များကို ဟန်ချက်ညီအောင် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ဆွေးနွေးမှုရလဒ်များနှင့် လုပ်ငန်းစဉ်များကို သဟဇာတဖြစ်ရန်၊ အချိတ်အဆက်မိရန် သတိထားဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးအတွက် ဆုံးဖြတ်ထားပြီးဖြစ်သည့် အတွက် ကွင်းဆင်းလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် တတ်နိုင်သမျှ ကြိုးပမ်းကြစေလိုပါကြောင်း၊ အခက်အခဲ ပြဿနာများ ကြုံတွေ့ရသည့်အခါ ဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့အစည်းအဝေးတွင် သဘောတူညီချက် (၈)ချက် ကိုလည်း အောင်မြင်စွာဖြင့် နှစ်ဖက်ပြေလည်စွာ ဆွေးနွေး ညှိနှိုင်း အတည်ပြုနိုင်ခဲ့သည့်အတွက် ထပ်လောင်းဂုဏ်ယူ ပါကြောင်း၊ JICM အစည်းအဝေး ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၈)ကြိမ်ရှိပြီဖြစ်ပြီး ယခုအကြိမ်ကဲ့သို့ အဆင် ပြေ ချောမွေ့စွာဖြင့် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်း၍ အောင်မြင်စေရန် ဆွေးနွေးအတည်ပြုနိုင်သည်မှာ များစွာ ကြည်နူးစရာ မြင်ကွင်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းမှာလည်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့အစည်း အားလုံးမှ တာဝန်ရှိသူများ၏ စွမ်းဆောင်ချက်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နောက်ကွယ်မှ ယခုကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် ဆောင်ရွက်ပေးကြသည့် အလုပ်အမှုဆောင် အဖွဲ့များ၏ စွမ်းဆောင်ချက်ဟု ပြောမည်ဆိုပါကလည်း မမှားပါကြောင်း၊ ထို့ကြောင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အတွင်းရေးမှူးအဖွဲ့များအားလုံးကိုလည်း ကျေးဇူးတင်ရှိပြီး ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း။
တစ်ဖက်နှင့်တစ်ဖက် အတိုးအလျှော့ဖြင့် ဆောင်ရွက်
ဆက်လက်၍လည်း JICM ၏ နောက်ဆက်တွဲ အကောင်အထည်ဖော် ဆွေးနွေးညှိနှိုင်းရမည့်ကိစ္စရပ်များ ကိုလည်း အတွင်းရေးမှူးအဖွဲ့များ၊ ညှိနှိုင်းဆွေးနွေးမှု အကောင်အထည်ဖော်ရေးအဖွဲ့များအနေဖြင့် တိုင်းရင်းသား ပြည်သူများအားလုံး လိုလားတောင့်တနေသည့် စစ်မှန် သည့် ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန် အတွက် ရေရှည်မြော်တွေး၍ တစ်ဖက်နှင့်တစ်ဖက် အတိုး အလျှော့ဖြင့် ဆောင်ရွက်ပေးကြပြီး ဆွေးနွေးညှိနှိုင်း ကြရန်လည်း မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် အကောင်အထည်ဖော်သည့်အချိန်တွင်လည်း အဖွင့်တွင် မိမိဆွေးနွေးတင်ပြသကဲ့သို့ အချိန်ကာလယန္တရား ကို အတတ်နိုင်ဆုံးလျှော့ချ၍ အောင်မြင်သည့် ရလဒ်အသီး အပွင့်များရရှိသည်အထိ အားလုံးဝိုင်းဝန်းကြိုးစားမှသာ လျှင် မိမိတို့လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးသို့ မလွဲ မသွေ အရောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိ၏ နိဂုံးချုပ်စကားမှာ ဝမ်းသာစကားနှင့် ကျေးဇူးတင်စကားပင်ဖြစ်ပါကြောင်း၊ ပထမဆုံးအချက်မှာ မိမိတို့ ယခုအစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ခြင်းသည် နှစ်ဦး နှစ်ဖက်ကြားထဲတွင် နားလည်မှု ပိုပြီးရှိလာခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုရှိလာသည်ဆိုသည် ကို ပြသခြင်းဖြစ်ပါကြောင်း၊ ရှေ့ပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်တို့ ပြောကြားသွားခဲ့သည့်အတိုင်း ယနေ့ကျင်းပ သည့် JICM အစည်းအဝေးသည် ပြေပြေပြစ်ပြစ် ချောချော မောမော မြန်မြန်ဆန်ဆန်ပြီးခဲ့ပါကြောင်း၊ မိမိတို့ အချင်း ချင်းနားလည်မှုယူနိုင်သည့် စွမ်းအားများသည်လည်း တိုးတက်လာပါကြောင်း၊ ယင်းမှာ မိမိတို့၏ အလုပ်အမှု ဆောင်အဖွဲ့များ၊ ရုံးအဖွဲ့များ၏ ကြိုးစားမှုများကြောင့် ဖြစ်ပါကြောင်း၊ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
အင်မတန်မှ အားတက်ရ
ဒုတိယအချက်မှာ ယခုအစည်းအဝေးနှင့် တိုက်ရိုက် မဆက်စပ်သော်လည်း မိမိပြောကြားလိုသည်မှာ မိမိတို့နိုင်ငံ အခက်အခဲနှင့် ရင်ဆိုင်နေရသည့်နေရာတွင် မိမိတို့၏ ပြည်ထောင်စုသားချင်းများ၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပြီး အားပေးထောက်ခံပေးသည့်အတွက် မိမိတို့ အင်မတန်မှ အားတက်ရပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း။
တတိယအချက်အနေဖြင့် ယနေ့အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံးတက်ရောက်ကြပါကြောင်း၊ ထိုသို့ ၁၀ ဖွဲ့လုံး တက်ရောက်နိုင်အောင် အင်မတန်မှ ကြိုးစားပမ်းစား လုပ်ခဲ့ရပါကြောင်း၊ ထိုသို့ စည်းစည်းလုံးလုံး စုစုဝေးဝေး အားလုံး စုံစုံလင်လင် တက်ရောက်သည့်အတွက် များစွာဂုဏ်ယူ ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ပြည်ထောင်စု အတွက်၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ယခုအစည်းအဝေး သည် အင်မတန်မှကောင်းသည့် နိမိတ်ဖြစ်ပါကြောင်း၊ နှစ်ဦးအစတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပထမဦးဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ပထမဆုံး အစည်း အဝေးတွင် မိမိတို့ ယခုလို အောင်မြင်မှုများ၊ ဝမ်းသာစရာများ၊ ကျေနပ်စရာများ များစွာဖြစ်ခဲ့ခြင်းသည် ကောင်းသည့် နိမိတ်ဖြစ်သည့်အတွက် ယခုမင်္ဂလာနှစ်သစ်ကူးသည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နှစ်သစ်ကူးတစ်ခုဖြစ်သည် ဟု ယုံကြည်ပါကြောင်း၊ မိမိတို့သည် ယင်းအပေါ်အခြေခံပြီး များစွာကြိုးစားပြီး အလုပ်လုပ်ရဦးမည်ဆိုသည်ကို နားလည်ပါကြောင်း၊ အစကောင်းမှ အနှောင်းသေချာဆို သည့်အတိုင်း ယခုနှစ်ကူး၊ နှစ်သစ်အစသည် အင်မတန် ကောင်းမွန်ခြင်းကြောင့် နောင်တွင်လည်း ပိုပြီးကောင်း သော၊ ပို၍ပို၍ကောင်းသော ရလဒ်များထွက်ပေါ် လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ မိမိတို့ ယုံကြည်ချက် အတိုင်း အောင်မြင်ရန်လည်း အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
အစည်းအဝေးအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး စဝ်စိုင်းငင်းတို့က ယနေ့ညှိနှိုင်းအစည်း အဝေးရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားကြသည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “JICM ကျင်းပပြု လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီတစ်ကြိမ်က အချိန် တိုတိုအတွင်း သဘောတူချက်တွေ ရယူနိုင်ခဲ့တဲ့ အစည်း အဝေးဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား တဲ့အတိုင်း ငြိမ်းချမ်းရေးအတွက် အတိတ်နိမိတ်ကောင်းကို ကောင်းမွန်စွာနဲ့ စတင်နိုင်တဲ့ အစည်းအဝေးဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒီနေ့အစည်းအဝေးမှာ သဘောတူညီချက် (၈) ချက်ရပါတယ်။ သဘောတူညီချက်တွေဟာ NCA အခန်း (၃၊၄၊၆) အဲဒါတွေနဲ့ပတ်သက်လို့လည်း ဆောင်ရွက်သွား မယ့်အပေါ်မှာ သဘောတူညီချက်ရပါတယ်။
“နောက်တစ်ခုကတော့ NCA အကောင်အထည်ဖော် တာနဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဖက်ကြားမှာ မူဘောင် သဘောတူညီချက်တွေရယူဖို့၊ ၂၀၂၀ အလွန်မှာ ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်တွေ၊ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေ ဒီအပေါ်မှာ JICM က ဒီကနေ့သဘောတူလိုက်ပါပြီ။ နောက်တစ်ခုကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ချုပ်ဆို မယ့် စာချုပ်ပုံစံကိုလည်း သဘောတူညီနိုင်ခဲ့ပါတယ်။ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ပထမလေးလ တာကာလအတွင်းမှာ ကျင်းပဖို့ကို ခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ပါတယ်။
“နောက်တစ်ချက်ကတော့ NCA အဓိပ္ပာယ်ဖွင့်ဆိုချက် တွေနဲ့ပတ်သက်လို့လည်း အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ ခေါင်းဆောင်တွေက ချမှတ်ပေးခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ဖို့ NCA အခြေခံနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်ပေါ်မှာလည်း သဘောတူညီမှုရရှိခဲ့ပါတယ်။ နောက်ဆုံးအချက်ကတော့ UPDJC နဲ့ JMC အစည်းအဝေးတွေကို (၈) ကြိမ်မြောက် JICM အစည်းအဝေးအပြီး (၂)လအတွင်းမှာ ခေါ်ယူကျင်းပ ဖို့ဆိုတဲ့အပေါ်မှာလည်း သဘောတူညီချက်တွေရပါတယ်။ အားလုံးပေါင်း(၈)ချက်သဘောတူညီချက်ရပါတယ်။ဒီနေ့အစည်းအဝေးကတော့ အောင်မြင်တဲ့အစည်းအဝေး ဖြစ်ပါ တယ်။ အချိန်တိုတိုအတွင်းမှာလည်း ပြီးမြောက်ခဲ့တဲ့အစည်း အဝေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆက်ပြီးတော့ လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကိုလည်း ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ JICM အစည်းအဝေးက ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ ပေါ်မှာ အခြေခံပြီးတော့ နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။
“ပြည်ထောင်စုသဘောတူညီချက်မှာ (၃) ပိုင်း ပါပါ တယ်။ အပိုင်း(၁)ကတော့ NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်တဲ့ မူဘောင်သဘောတူညီချက်၊ မူဘောင်သဘော တူညီချက်ဆိုတာက အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်တဲ့အပိုင်းပါ။ ဒီအရာတွေကို ဘယ်လိုဆောင်ရွက်သွားကြမလဲ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကို ဘယ်လိုသွားကြမလဲဆိုတဲ့ မူဘောင်သဘောတူညီချက် တွေ ဖြစ်ပါတယ်။ အပိုင်း(၂) ကတော့ ၂၀၂ဝ အလွန် အဆင့် အလိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်အလိုက်အကောင် အထည်ဖော်မှုတွေ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကျင်းပမယ့် ညီလာခံက အခုအစိုးရသက်တမ်းမှာ နောက်ဆုံးကျင်းပတဲ့ ညီလာခံဖြစ်မှာပါ။ ၂၀၂၀ ရွေးကောက်ပွဲတွေပြီးရင် နောက်ထပ် အစိုးရ အပြောင်းအလဲတွေဖြစ်လာမယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်လိုဆက်ပြီး သွားကြမလဲ ဆိုတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုရှိပါတယ်။ စိုးရိမ်ပူပန်မှုရှိတဲ့ အပေါ်မှာ အားလုံးက သဘောတူတဲ့ အဆင့်လိုက် အဆင့် လိုက် ဘယ်လိုသွားမလဲ၊ ဘယ်အဆင့်ပြီးရင်ဘယ်လိုသွားမလဲ ဆိုတာကို သဘောတူညီချက်ယူမယ်။ ရရှိလာတဲ့ သဘောတူ ညီချက်ကို အပိုင်း(၂)မှာ ထည့်သွင်းမှာဖြစ်ပါတယ်။ အပိုင်း (၃)ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူသဘောတူညီ ချက်တွေ ဖြစ်ပါတယ်။
အပိုင်း(၃)ပိုင်းနဲ့ပါဝင်
“ပြည်ထောင်စုသဘောတူညီချက် (၁) နဲ့ (၂) မှာ (၅၁) ချက်ရထားပြီး ဖြစ်ပါတယ်။ ရထားပြီးတဲ့ အခြေခံမူတွေက ကြားမှာ ဆွေးနွေးဖို့ရှိပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်ကလည်း ဘုံအားဖြင့် သဘောတူညီ ထားတဲ့ ဖက်ဒရယ်အခြေခံမူတွေရှိတယ်။ EAOs ဘက်မှာ လည်း ဘုံအားဖြင့် သဘောတူညီထားတဲ့ ဖက်ဒရယ်အခြေခံ မူတွေရှိပါတယ်။ ဒါတွေနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း လိုက်မယ် ဆိုရင် အားလုံးသဘောတူလက်ခံနိုင်တဲ့ ဖက်ဒရယ်မူတွေ ရနိုင်သမျှ ရနိုင်ပါတယ်။ ရလာတဲ့သဘောတူညီချက်တွေကို လည်း အပိုင်း (၃)အနေနဲ့ ထည့်ပြီးချုပ်မှာ ဖြစ်ပါတယ်။ ဒါက ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)အနေနဲ့ လာမယ့်ညီလာခံမှာချုပ်ဆိုမှာ သည်အပိုင်း(၃)ပိုင်း နဲ့ပါဝင် မှာဖြစ်ပါတယ်။
“အဓိကကတော့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါဝင်ဖို့ NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက် နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းမှာ လည်း ပါပါတယ်။ အစိုးရနဲ့ EAOs ကြားမှာအစဉ်တစိုက် ဆွေးနွေးခဲ့တဲ့ကိစ္စဖြစ်တယ်။ EAOs အနေနဲ့ညှိနှိုင်းတာ တွေရှိသလိုပဲ အစိုးရအပိုင်းမှာလည်း ညှိနှိုင်းဆောင်ရွက် နေတာတွေ ရှိပါတယ်။ ဒီလပိုင်းမှာပဲ ပြန်တွေ့ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့လမှာ တွေ့ခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့ လေးဖွဲ့နဲ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးထား တာရှိပါတယ်။ ဖြစ်ပွားနေတဲ့ အရာတွေကို အမြန်ဆုံးလျှော့ချ ဖို့ဆိုရင် နှစ်ဖက်သဘောတူညီချက်ရဖို့ လိုပါတယ်။ အဲဒါကို ကျွန်တော်တို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ တရားဝင် ဆွေးနွေးပွဲတွေလုပ်သလိုပဲ အလုပ်သဘောဆွေးနွေးပွဲတွေ လုပ်ပါတယ်။
“ဒီနေ့ JICM ကတော့ (၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးကျင်းပဖို့ ဆုံးဖြတ်လိုက်တဲ့ ကာလကိုလည်း အကြမ်း ဖျင်းသတ်မှတ်ပေးလိုက်ပါတယ်။ အစိုးရနဲ့ EAOs တို့အကြား မှာ နိုင်ငံရေးအပိုင်း၊ တပ်ပိုင်း (၂)ပိုင်းရှိတယ်။ အဲဒီ (၂) ပိုင်း မှာ အားလုံးနဲ့ဆိုင်တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်ဖို့ အခုလုပ်တဲ့ အခါမှာလည်း ယခင်လည်းဖိတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကို စာမျက်နှာ ၅ မှ
ဖိတ်မှာဖြစ်တယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း ၃ ချက်ကို သတ်မှတ်လိုက်တဲ့အတွက် ဒီမှာထည့်မယ့် သဘောတူညီချက်ရအောင် ညှိမှာဖြစ်ပါတယ်။ အဓိက ကတော့ ညီလာခံကိုကျင်းပမယ်။ ညီလာခံမှာချုပ်ဆိုမယ့် စာချုပ်ပုံစံကို သတ်မှတ်ပေးလိုက်တယ်။ အဲဒီစာချုပ်ထဲမှာ ပါမယ့် သဘောတူညီချက်တွေရအောင် အချင်းချင်းကြားမှာ ညှိရမယ်။ ပြီးရင်တော့ UPDJC နဲ့ပြန်ပြီးတော့ ညီလာခံ ပြန်သွားဖို့ရှိပါတယ်။
“ညီလာခံကိုတော့ ၂၀၂၀ နှစ်ဆန်းပိုင်း ပထမ (၄)လ တာ ကာလအတွင်းဆိုတော့ အခုကစပြီး ဇန်နဝါရီ၊ ဖေဖော် ဝါရီ၊ မတ်၊ ဧပြီ အဲဒီကာလအတွင်းမှာ ကျင်းပဖို့ ရည်မှန်းချက် ထားပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီနေ့ JICM အစည်း အဝေးမှာ အဆင်ပြေပြေဆုံးဖြတ်နိုင်အောင် သဘောတူညီ နိုင်အောင် ကျွန်တော်တို့ကြားမှာ အများကြီး ဆွေးနွေးခဲ့ရ တယ်”ဟု ပြောကြားသည်။
ထို့အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး စဝ်စိုင်းငင်းကလည်း “အားလုံး ပါဝင်ရေးဆိုတဲ့အပိုင်းက အရေးကြီးပါတယ်။ ၁ဝ ဖွဲ့ထဲနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ကျန်တဲ့အဖွဲ့လည်း ပါလာအောင် လို့ ကျွန်တော်တို့ EAOs ဘက်မှာလည်း ကြိုးစားနေတဲ့ အပိုင်းရှိတယ်။ အစိုးရဘက်ကလည်း သူ့နည်းသူ့ဟန်နဲ့ ကြိုးပမ်းနေသလို ကျွန်တော်တို့ဘက်ကလည်း ဝိုင်းဝန်းပြီး တင်ပြမယ်။ ပါ မပါတော့ တစ်ဖက်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တာမို့ ကျွန်တော်တို့ဘက်က အကောင်းဆုံးဖြစ် အောင် ဝိုင်းဝန်းကြိုးပမ်းနေတဲ့ အနေအထားရှိပါတယ်။
UPDJC ပြန်ခေါ်မယ့်အနေအထား
“JICM ကနေပြီးတော့ ဆွေးနွေးမယ့်အချက်တွေ သတ်မှတ်ပြီးတော့ အခုကျွန်တော်တို့ဘက်ကလည်း ညှိနှိုင်း မယ့် ဆွေးနွေးမယ့် အဖွဲ့ရှိတယ်။ အစိုးရဘက်ကလည်း ညှိနှိုင်းမယ့်အဖွဲ့ရှိတယ်။ ညှိကြရင်းနဲ့ အဆင်ပြေမယ်ဆိုရင် လုပ်ငန်းစဉ်အရဆို UPDJC ပြန်ခေါ်မယ့်အနေအထား ရှိတယ်”ဟု ပြောကြားသည်။
မွန်းလွဲပိုင်းတွင် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) သဘောတူဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ UPDJC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးတို့ တက်ရောက် ကြပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေး မှူး စဝ်စိုင်းငင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP) ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးဌာနမှူး စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တွဲဖက်အတွင်းရေးမှူး စောကျော်ညွန့်၊ (KNU)ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူး၊ ဗဟိုကော်မတီဝင် ပဒိုစောအယ် ကလူစေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အတွင်းရေးမှူး ကျာဆော်လမွန်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးနှင့် မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုကော်မတီဝင် နိုင်အောင် မငေးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆွေးနွေးပွဲများပြုလုပ်မည့် အချိန် ဇယား အဆိုပြုချက်၊ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ပြန်လည် တွေ့ဆုံမည့် အချိန်ကာလ စသည်တို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment