Tuesday, January 28, 2020

သွေးချင်းသားချင်းများ တူယှဉ်ကာနွှဲပျော်

အယ်ဒီတာ့အာဘော်
-----------------------
Image may contain: text that says 'The Mirror Daily Established in 1957'

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးနွယ်ပေါင်း တစ်ရာကျော် မှီတင်းနေထိုင်ကြသည်။ အဓိကမျိုးနွယ်စုများ ၆၀ ကျော်ရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းဓလေ့အစဉ်အလာများဖြင့် အေးချမ်းစွာနေထိုင်ကြသည်။ အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုများသည် ၎င်းတို့မွေးဖွားရှင်သန်ကြီးပြင်းရာ ဇာတိမြေတွင် အခြေချနေထိုင်လေ့ရှိပြီး အခြားတိုင်းရင်းသားလူမျိုးများနှင့်လည်း အတူတကွ စုပေါင်းနေထိုင်ကြသည်။
တိုင်းရင်းသားလူမျိုး ညီအစ်ကိုမောင်နှမအားလုံးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုဓလေ့စရိုက် များကို မြတ်နိုးတန်ဖိုးထားကြသူများဖြစ်၍ ဘိုးဘွားစဉ်ဆက်ဓလေ့ထုံးတမ်း အစဉ်အလာများကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြ သည်မှာ ဂုဏ်ယူစရာဖြစ်သည်။ တိုင်းရင်းသားလူမျိုးတစ်မျိုး၏ အမြတ်တနိုး တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို အခြားတိုင်းရင်းသားလူမျိုးတို့က သိရှိနားလည်ခြင်း၊ တန်ဖိုးထားခြင်း၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်းသည် အချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် ငြိမ်းချမ်းမှုကိုဖြစ်စေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို ရှာဖွေဖော်ထုတ် မျှဝေပေးကြရမည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ရေမြေသဘာ၀တောတောင် အလှများနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကိုပိုင်ဆိုင်ထားသည့် ပြည်ထောင်စု အတွင်း ပျံ့နှံ့တည်ရှိနေသော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအစဉ် အလာများကို ကိုယ်တွေ့မြင်သိနိုင်ရေးမှာ လွယ်ကူလှသည်မဟုတ်ပါ။ တစ်ဦးအကြောင်းကိုတစ်ဦးမသိသဖြင့် တစ်ဦးအပေါ်တစ်ဦး နားလည်နိုင်ရေး ဝေးနေသည်ဟု ဆိုရမည်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ၏ ပကတိအရှိတရားနှင့် ယဉ်ကျေးမှုထုံးစံများကို သိရှိနားလည်ထားပါမှ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဦး၏ဘဝများကို နားလည်ခံစားနိုင်ပြီး ယုံကြည်မှု၊ ချစ်ခင်မှုများ ပိုမိုရရှိလာမည်ဖြစ်သည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား သိမြင်ရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံအားကစားကွင်းတွင် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" အခမ်းအနားဖြင့် ပထမအကြိမ်ဖော်ထုတ်နိုင်ခဲ့ပြီး ဒုတိယအကြိမ် ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဖော်ထုတ် နိုင်ရန်စီစဉ်လျက်ရှိသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၌ စီးပွားရေးဖိုရမ်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မေလအတွင်း တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပရန် လျာထားလျက်ရှိသည်။
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအစဉ်အလာများနှင့် လူမှုစီးပွား ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် ဤကဲ့သို့ သွေးချင်းတို့၏ပွဲတော်များ နှစ်စဉ်ကျင်းပပေးခြင်းသည် မြန်မာနိုင်ငံတွင်တည်ဆောက်နေသည့် ငြိမ်းချမ်းရေးကို အထောက်အကူပြုခြင်း၊ တိုင်းရင်းသားပေါင်းစုံတို့ ချစ်ခင် ရင်းနှီးစွာ နေထိုင်နိုင်ခြင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံသားများကပါ သိရှိ စေခြင်းအကျိုးများကို ရရှိနိုင်သည်။
မြန်မာနိုင်ငံသည် သဘာဝအလှအပများနှင့် ပြည့်စုံကြွယ်ဝသည့် နိုင်ငံ ဖြစ်၍ သဘာဝအခြေပြုသည့် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းနှင့် တိုင်းရင်းသား ဒေသများမှ ဒေသထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဤပွဲတော်များသည် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။ ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ယင်းအပြင် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ကို ပိုမိုအလေးထား၊ ပိုမိုချစ်တတ်လာပြီး ခိုင်မာသည့်ပြည်ထောင်စုစိတ်ဓာတ် များ ရရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ သွေးချင်းတို့၏ပွဲတော်များသည် ပြည်ထောင်စုပွဲတော်ကဲ့သို့ တိုင်းရင်းသားများတွေ့ဆုံရေးအတွက်သာမက တိုင်းရင်းသားဒေသများဘက်စုံဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူပြုနိုင်သောပွဲတော်များ ဖြစ်သည့်အပြင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ သိနားလည် ရေးနှင့် တိုင်းပြည်အတွက်အထူးလိုအပ်နေသော ငြိမ်းချမ်းရေးခရီး အောင်မြင်ရေးတို့ကိုပါ ပံ့ပိုးပေးနိုင်သည်ဖြစ်၍ တိုင်းရင်းသားပွဲတော်များ နှစ်စဉ်တိုးတက်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment