Sunday, January 19, 2020

မြန်မာ-တရုတ်ချစ်ကြည်ရေး နှစ် (၇၀) ခိုင်မြဲ

အယ်ဒီတာ့အာဘော်
----------------------
Image may contain: text that says 'The Mirror Daily Established in 1957'

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်း အနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော် တွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနှစ်နှစ်အကြာ ၁၉၅၀ ပြည့်နှစ်မှစတင်၍ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးကို အစောဆုံး ထူထောင်ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖော်ဆောင်နိုင်ခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်အခါသမယတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီးကိုယ်တိုင် တက်ရောက်သဖြင့် ထူးခြားလေးနက် သော အခါသမယဟု ဆိုရမည်ဖြစ်သည်။
သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်တွင် မြန်မာ - တရုတ် ယဉ်ကျေးမှု နှင့် ခရီသွားလာရေးနှစ် စတင်ခြင်းကိုပါ အကောင်အထည်ဖော်နိုင်၍ မြန်မာ - တရုတ် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ဖော်ဆောင်နိုင်မည်ဖြစ် သည်။ မြန်မာ - တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးသမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ ထန်မင်းဆက်လက်ထက်၊ မြန်မာနိုင်ငံ ပျူခေတ်ကာလကတည်းက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ ကူးလူး ဆက်ဆံမှုရှိခဲ့သည့် သမိုင်းအထောက်အထားများရှိသည်။
မြန်မာနိုင်ငံမှ ပျူမင်းသားဦးဆောင်သည့် အနုပညာသည်များက မိုင်ပေါင်းထောင်ချီဝေးကွာသည့် တရုတ်နိုင်ငံ ချန်အန်းမြို့သို့ သွားရောက်ကာ ယဉ်ကျေးမှုဖလှယ်ခဲ့ခြင်းသည် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာမှု အစပြုခြင်းဟု ဆိုရမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ နာမည်ကျော်ကဗျာ ဆရာကြီး ပိုင်ကျွီးယီက ထင်ရှားကျော်ကြားသည့် "ပျူတေးသံ" ကဗျာကို ရေးစပ်သီကုံးဂုဏ်ပြုခဲ့သည်။ တရုတ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့် မာရှယ်ချိန်ယိက "ကျွန်ုပ်က မြစ်ညာမှာနေ၍၊ အဆွေက မြစ်အကြေမှာနေကာ တစ်ရေတည်းကို သောက်ကြတဲ့" ဟူသည့် ကဗျာကို ကိုယ်တိုင်ရေးစပ် သီကုံးခဲ့သည်။
သမိုင်းကြောင်းရှည်လျားစွာ ချစ်ကြည်ရင်းနှီးမှု သမိုင်းမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့် မြန်မာ - တရုတ် ဆက်ဆံရေးသည် သမ္မတကြီး ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်သည့်အချိန်အထိ နှစ်နိုင်ငံဆက်ဆံမှုနှင့် တိုးတက် ဖွံ့ဖြိုးမှုများကို တစ်ဆင့်ပြီးတစ်ဆင့်မြင့်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ပြီးနောက် ပထမဆုံးအသိအမှတ်ပြုသောနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်သည်မှာ သမိုင်းကြောင်းကောင်းသည့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံနိုင်မှုများကြောင့် ဖြစ်သည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ထူးခြားသည့် ဝိသေသ လက္ခဏာများကို ထပ်လောင်းဖော်ပြနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ခေါင်းဆောင်များနှင့် အစိုးရကိုယ်စားလှယ်များသည် တရုတ်နိုင်ငံသို့ အကြိမ် ကြိမ်သွားရောက်ခဲ့ကြသည်။ မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ပြီးသည်မှစ၍ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ကိုးကြိမ်လာရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် တရုတ်သမ္မတ လျူရှောက်ချီ၊ ၁၉၈၅ ခုနှစ်တွင် တရုတ်သမ္မတ လီရှန်းနန်၊ ၂၀၀၁ ခုနှစ်တွင် တရုတ်သမ္မတ ကျန်ဇီမင်းနှင့် ယခု တရုတ်သမ္မတရှီကျင့်ဖျင်တို့ လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းအဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။
သို့ဖြစ်ရာ သမိုင်းကြောင်းရှည်လျားစွာ ဆွေမျိုးပေါက်ဖော် ဆက်ဆံ လာခဲ့ကြသော မြန်မာ - တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များသည် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မှသည် နှစ်ပေါင်းထောင်ချီ ခိုင်မြဲနေမည်ဖြစ်ပြီး နှစ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် စတင်နိုင် ခြင်းသည် နှစ်နိုင်ငံပြည်သူအချင်းချင်း ဆက်ဆံမှုများ ဆက်လက်တိုးမြှင့် ဖော်ဆောင်နိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment