Wednesday, December 4, 2019

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
==================================================
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြား
Image may contain: 4 people, people standing and child
နေပြည်တော် ဒီဇင်ဘာ ၃
“အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံတမန်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူ များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ မသန်စွမ်းကျောင်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများက အနာဂတ်လမ်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်း ပြောကြားရာတွင် မသန်စွမ်းသူများသည် အခြားသူများနှင့်နှိုင်းယှဉ်ပါက လူမှုရေး၊ ကျန်းမာ ရေးနှင့် စီးပွားရေးအခြေအနေတို့တွင် အဆိုးရွား ဆုံးပုံစံများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းအဆိုးရွားဆုံးပုံစံများအပေါ် ကျား၊ မ ဖြစ်ခြင်းနှင့် လူနည်းစုတိုင်းရင်းသားဖြစ်ခြင်း စသည့်အချက်များ ထပ်ပေါင်းထည့်လိုက်ပါက မသန်စွမ်းသူများသည် ပိုမိုဆိုးရွားသည့် အခြေအနေတို့ကို ကြုံတွေ့နေရသည်ကို လေ့လာတွေ့ရှိရပါကြောင်း။
ထိုသို့ မသန်စွမ်းသူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် မညီမျှမှုများ လျှော့ချနိုင်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပတ်ဝန်းကျင်လက်လှမ်းမီရရှိနိုင်ရေးမှာ အလွန် အရေးကြီးပါကြောင်း၊ သို့သော် လက်ရှိအချိန် အထိ ကျေးလက်ဒေသတွင် နေထိုင်သည့် မသန်စွမ်းသူများ၊ လူနည်းစုတိုင်းရင်းသား မသန်စွမ်းသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို လက်လှမ်းမီရရှိနိုင်ရေးအတွက် အတားအဆီး များ ပိုမိုကြုံတွေ့လျက်ရှိပါကြောင်း။
ပံ့ပိုးပေး
လက်လှမ်းမီရယူသုံးစွဲနိုင်ခြင်းသည် အခြား သူများနည်းတူ သွားလာနိုင်ရေးနှင့် ပါဝင်နိုင် ရေးတို့အတွက် မသန်စွမ်းတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) နည်းပညာပိုင်းဆိုင်ရာ အထောက် အကူပြုပစ္စည်းကိရိယာနှင့် အစီအစဉ်တို့ကို ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း။
ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ်တွင် မသန်စွမ်းသူများ၏ လက်လှမ်းမီရယူသုံးစွဲနိုင် ခြင်းကို ဦးတည်ချက်ပန်းတိုင် (၃)ရပ်ဖြင့် ဖော်ပြထားပါကြောင်း၊ ယင်းတို့မှာ မသန်စွမ်း သူများကို ဦးတည်သော ပညာရေးအထောက် အပံ့အစီအစဉ်များ တိုးမြှင့်ပေးခြင်းနှင့် တည်ဆောက်ပေးခြင်း၊ မသန်စွမ်းသူများ လက်လှမ်းမီသည့် သယ်ယူပို့ဆောင်ရေးပံ့ပိုး စီစဉ်ပေးခြင်းနှင့် အများပြည်သူသုံးနေရာများ အား မသန်စွမ်းသူများ လက်လှမ်းမီနိုင်ရန် လိုအပ်ချက်များကို ပံ့ပိုးပြောင်းလဲမှုပြုပေးခြင်း တို့ပင်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင် ဆောင်ရွက်ခွင့်သေချာစေရေးအတွက် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက် တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းနောက် ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် မသန်စွမ်း သူများ၏ အခွင့်အရေးနည်းဥပဒေ(၂၀၁၇) တို့ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ယင်းဥပဒေ၊ နည်းဥပဒေ တို့ကို ထိထိရောက်ရောက် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်း ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအဆင့် ကော်မတီများကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
ချမှတ်နိုင်ခဲ့
အမျိုးသားကော်မတီအစည်းအဝေးကို ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ လေးကြိမ်ပြုလုပ် နိုင်ခဲ့ပြီး ယင်းအစည်းအဝေးများကနေ မသန် စွမ်းသူများ၏ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ လူမှုရေးနှင့် ဥပဒေပိုင်း ဆိုင်ရာ အခြေခံလိုအပ်ချက် အရင်းအမြစ်များကို ဖြည့်ဆည်းနိုင်မည့် စီမံကိန်းများ၊ လုပ်ငန်းစဉ် များအတွက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ ပါကြောင်း။
ထို့အပြင် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူဖြစ် စေရန် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များ ရေးရာ၊ နည်းပညာနှင့် လက်လှမ်းမီရရှိနိုင်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ တရားမျှတမှုရရှိပိုင်ခွင့် စသည့်ဆပ်ကော်မတီ ကိုးခုကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းမှု အမျိုးအစားအလိုက် အရေးကိစ္စတို့ကို ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများကို မျက်မမြင်စာနှင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး မျက်မမြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ Japan Heart အဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
အကြားအာရုံချို့ယွင်းမသန်စွမ်းသူများ အတွက်လည်း နားမကြားသူများသတင်း အချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး လက်သင်္ကေတပြဘာသာ စကား ကူညီပံ့ပိုးသူများ သင်တန်းတို့ကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
သင်တန်းများပို့ချပေးနေ
နည်းဥပဒေများကို မိတ်ဆက်ဖြန့်ချိနိုင် ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်း မသန်စွမ်းသူများ အတွက် မှိုစိုက်ပျိုးရေး အသိပညာပေးသင်တန်း တို့ကို ဖွင့်လှစ်ပေးခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန် စာအုပ်ပြုစုထုတ်ဝေခြင်း၊ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ကို ဖြန့်ချိ ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် Nippon Foundation နှင့်ပူးပေါင်းပြီး မသန်စွမ်းသူများအတွက် Information, Com-munication, Technology Training Center ကိုလည်း ဖွင့်လှစ်ပြီး သင်တန်းများပို့ချဆောင် ရွက်ပေးနေပါကြောင်း။
မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပေါ်ထွက်လာစေရေးအတွက်လည်း မသန်စွမ်းမှုအဆင့်ကို သတ်မှတ်ဖော်ထုတ်မည့် အသက်အရွယ်အလိုက် မေးခွန်းလွှာများကို ပြုစုထားရှိပြီးဖြစ်ပါကြောင်း။
မသန်စွမ်းသူများ အလွယ်တကူသွားလာ နိုင်ရေးနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့တွင် “Future We Want” စမ်းသပ်စီမံကိန်းနှင့် အများပြည်သူသုံး မော်တော်ယာဉ်များနှင့် လူသွားလမ်းများတွင် မသန်စွမ်းသူများ အသုံးပြု နိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနှင့် ကျွမ်းကျင် သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်တွင် မြို့မဈေးနှင့် ရေပန်းဥယျာဉ် တို့တွင် အလားတူ စမ်းသပ်စီမံကိန်း နှစ်ခုကို မသန်စွမ်းသူများအတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်က First Global Disability Summit ကို တက်ရောက်ခဲ့ပြီး မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် တရားမျှတမှုရရှိပိုင်ခွင့် (Access to Justice) သေချာစေရေးအပါအဝင် အရေးတကြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လေ့လာ သိရှိနိုင်ခဲ့ပါကြောင်း၊ ယင်းကတိကဝတ်များ၊ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်းအပြင် ဒေသတွင်းသဘောတူညီချက်များ ကိုလည်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ခိုင်မာသည့် လုပ်ငန်း စဉ်တစ်ရပ်ကို ရေရှည်ဆောင်ရွက်သွားနိုင်ရန် မျှော်မှန်းပြီး အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၅)(မူကြမ်း) ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း။
ယခုနှစ်ဆောင်ပုဒ်အရ မသန်စွမ်းသူများ အနေဖြင့် အခွင့်အရေးများကို အများနည်းတူ ရရှိခံစားနိုင်ရေးတွင် ဟန့်တားနေသည့် အတား အဆီးများကိုဖယ်ရှားပြီး အနာဂတ်တွင် အားလုံးပါဝင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် မိမိတို့အားလုံး အတူတကွ လက်တွဲဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
တာဝန်ရှိ
အနာဂတ်ကာလတွင် မသန်စွမ်းသူများ အနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို အဟန့်အတားမရှိ အလွယ်တကူသွားလာ ရောက်ရှိနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း အပြင် အလုပ်အကိုင်ရရှိမှုတို့ကို ခွဲခြားဆက်ဆံ ခံရခြင်းမရှိဘဲ ရရှိနိုင်ရေး၊ ပညာသင်ကြားခွင့် ရရှိနိုင်ရေး စသည်တို့ကို လက်လှမ်းမီရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအပါအဝင် လူသားအားလုံး လက်လှမ်းမီပါဝင်နိုင်မည့် အနာဂတ်လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာ ရေးဆောင်ရွက်ရာတွင် မိမိတို့တစ်ဦး တစ်ယောက်ချင်းစီတွင် တာဝန်ရှိပါကြောင်း၊ အားလုံးတက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မသန်စွမ်းမှုသည် လူ့အဖွဲ့အစည်းက သတ်မှတ်ထားရှိသည့် အချက်တစ်ခုသာဖြစ်ပြီး အမှန်တကယ်တွင် မသန်စွမ်းမှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေသည့်အကြောင်းအရာ တစ်ခုမဟုတ်ဘဲ မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စ တို့ကို လျစ်လျူရှုထားခြင်းနှင့် မသန်စွမ်းသူ များကို ချန်လှပ်ထားခြင်းသည်သာလျှင် လူ့အဖွဲ့ အစည်း၏ ရေရှည်တည်တံ့မှုရှိသည့် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်ကို လျှောက်လှမ်းရာတွင် ထိခိုက်နှောင့်နှေးကြန့်ကြာစေနိုင်သည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများအားလုံး တန်းတူအခွင့်အရေးရရှိစေရန် ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “အတားအဆီးကင်းရေး မျှော်မှန်းလို့ - မသန်စွမ်းလူ့အခွင့်အရေးဖော် ဆောင်စို့”ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ ၏အခွင့်အရေးတို့ကို အားလုံးပူးပေါင်းပြီး မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာကို ယူနီဆက်ဖ်(မြန်မာ)၏ ဌာနေ ကိုယ်စားလှယ် Ms. June Kunugiu က ဖတ်ကြားသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အလုပ် အကိုင်အခွင့်အလမ်းထူးချွန်ဆုနှင့် အလွတ် တန်းဆောင်းပါးပြိုင်ပွဲ (ဝန်ကြီးဌာန) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်း ကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ (ပြင်ပ) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဆိုပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပန်းချီ ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များကိုလည်းကောင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်တုရင်ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများနှင့် Global It Challenge The Good Award ရရှိကြသူများကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မသန်စွမ်းသူများ၏ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသပြီး မသန်စွမ်းအမျိုးသား၊ အမျိုးသမီးငယ်များက တေးသီချင်းများဖြင့် သရုပ်ဖော် ကပြဖျော်ဖြေ ကြသည်။
ယင်းနောက် မြန်မာနိုင်ငံမသန်စွမ်းသူ များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကားပြောကြား သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ယူနီဆက်ဖ်(မြန်မာ) ၏ ဌာနေကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေထွေ အတွင်းရေးမှူးတို့သည် ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များနှင့်လည်းကောင်း၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မသန်စွမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအား လိုက်လံ ကြည့်ရှုအားပေးကြသည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်မှစတင်ပြီး နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် (၂၆)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment