Tuesday, December 3, 2019

အယ်ဒီတာ့ အာဘော်
==============
ကျန်းမာရေးအသိဖြင့် ပူးပေါင်းကာကွယ်
Image may contain: text
ယခင်က ကုရာနတ္ထိဆေးမရှိခဲ့သည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ)ကို ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်မှ လုံးဝပျောက်ကွယ်သွားအောင် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှုအားဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။
ကျန်းမာသောလူတစ်ယောက်အနေဖြင့် ရောဂါအမျိုးမျိုးတို့ကို ခုခံ ကာကွယ်နိုင်သော်လည်း ကျန်းမာရေးချွတ်ယွင်းလာလျှင်ဖြစ်စေ၊ အိပ်ချ် အိုင်ဗွီဗိုင်းရပ်(စ်)ပိုးကူးစက်ခံရလျှင်ဖြစ်စေ ခန္ဓာကိုယ် ခုခံအားစနစ် ပျက်ယွင်း သွားသည်။ လူ့ခန္ဓာကိုယ်အတွင်း ခုခံအားကျဆင်းစေသော ဗိုင်းရပ်(စ်)ပိုး ကို အိပ်ချ်အိုင်ဗွီပိုးဟုခေါ်ပြီး ကိုယ်ခံအားစနစ်ကို အိပ်ချ်အိုင်ဗွီပိုးက ဖျက်ဆီး သဖြင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပေါင်းစုံကို အေအိုင်ဒီအက်စ် ရောဂါဟုခေါ်သည်။
အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများမှာ အကြောင်းရင်းရှာမရဘဲ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာခြင်း၊ ကြာရှည်ဖျားခြင်း (အဖျား ဆက်တိုက် သို့မဟုတ် အတက်အကျရှိခြင်း၊ တစ်လထက်ပိုကြာခြင်း)၊ တစ်လထက်မကကြာအောင် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း၊ ပါးစပ်တွင် မှက္ခရု ကြာရှည်ဖြစ်ခြင်း၊ ဆင်ရေယုန်နာပေါက်ခြင်းတို့ ဖြစ်တတ်သည်။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသည်နှင့် ရောဂါလက္ခဏာချက်ချင်းမပြတတ်ပေ။ ငါးနှစ်ကျော်ကြာ၊ ၁၀ နှစ်ခန့်ကြာမှ ရောဂါလက္ခဏာပြတတ်သည်။ ရောဂါလက္ခဏာ မပြသေးသော်လည်း အခြားသူများသို့ ကူးစက်နိုင်သည်။
ရောဂါကူးစက်နိုင်သည့် နည်းလမ်းများမှာ ပိုးရှိသူနှင့် အကာအကွယ် မပါဘဲ လိင်ဆက်ဆံရာ (လိင်တူ/ လိင်ကွဲ) မှ တစ်ဆင့်ကူးစက်ခြင်း၊ ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသောဆေးထိုးအပ်၊ ဆေးထိုးကိရိယာများဖြင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ ပိုးရှိသောသွေး သွင်းမိရာမှ ရောဂါကူးစက်ခြင်း၊ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသား သို့ ကူးစက်ခြင်းတို့ဖြစ်သည်။ ကူးစက်ခံရနိုင်ခြေများသူများမှာ လိင်လုပ်သား များနှင့် လိင်ဆက်ဆံဖော်များ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးထိုးသွင်း သုံးစွဲသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုး "အသစ်ကူးစက်ခံရမှု" မှာ ၂၀၀၀ ပြည့်နှစ်တွင် လူသုံးသောင်းခန့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သောင်းကျော်အထိကျဆင်းသွားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိပ်ချ်အိုင်ဗွီရောဂါပိုးကူးစက်ခံထားရသူများမှာ ၂၀၁၅ ခုနှစ်အစတွင် ကူးစက်ခံရသူလူနာ နှစ်သိန်းကျော်အနက် ဘဝတစ်သက်တာသောက်ရမည့် အေအာတီဆေးဖြင့် ကုသပေးနိုင်သူ ၈၅၀၀၀ ကျော်ရှိရာမှ ယခုနှစ် စက်တင်ဘာလတွင် လူနာပေါင်း ၁၇၅၀၀၀ ကျော်အထိ နှစ်ဆတိုးမြှင့်ကုသ ပေးနိုင်ခဲ့သည်။
အိပ်ချ်အိုင်ဗွီရောဂါပိုးအသစ် ကူးစက်ခံရမှုမှာ တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်မားဆုံး ဖြစ်ပွားနေသဖြင့် ဖြစ်ပွားရခြင်းအကြောင်းရင်းကို ဆန်းစစ်ဖွေရှာပြီး ကာကွယ်ကုသပေးကြရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကာကွယ် ရေးနှင့် ပြုစုကုသစောင့်ရှောက်ရေးလုပ်ငန်းများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ မဟာဗျူဟာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၅ အတွက်လည်း အစီအမံများရေးဆွဲထားပြီးဖြစ်သည်။
သို့ဖြစ်ရာ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ လုံးဝပပျောက်သွားစေရန်အတွက် လူတိုင်း အသိစိတ်ဓာတ်ရှိစွာ သက်ဆိုင်ရာနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment