Thursday, December 19, 2019

နိုင်ငံတော်၏ အနာဂတ်နှင့် ပြည်သူ့ညီညွတ်ရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ယနေ့ထိတိုင် ဆင်းရဲမွဲတေ နိမ့်ကျနေသည့်ဘ၀မှ တိုးတက်မြင့်မား လာရေး ကြိုးပမ်းနေရင်း၊ မြန်မာနိုင်ငံသား အချင်းချင်းကြား မတူညီမှု သဘောထားချင်းမတိုက်ဆိုင်မှုများကို အငြင်းပွားကြ၊ ဆွေးနွေးညှိနှိုင်းကြရင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ စားပွဲဝိုင်းမှာ ထိုင်ကြရင်း စစ်ကိုလုံး၀ရပ်စဲဖို့ကြိုးစားရင်း၊ ဒီမိုကရေစီစနစ်ကို ခိုင်မာအခြေကျအောင် အုတ်မြစ်ချနေရင်း၊ လူ့အခွင့်အရေး ဒီမိုကရေစီအခွင့်အရေး တိုင်းရင်းသားလူမျိုးစု တို့၏ အခွင့်အရေးများအပြည့်အဝရရှိသည့် နိုင်ငံအဖြစ်သို့ အာမခံနိုင်သည့် အခြေခံဥပဒေပေါ်ပေါက်ရေးကို ကြံစည် အားထုတ်နေကြရင်း၊ နှစ်တစ်နှစ် ကုန်ဆုံးပြန်ဦးတော့မည်။
ကိုယ့်ထီးကိုယ်နန်း ကိုယ်ပြန်ရရေးအတွက် ရုန်းကန်တော် လှန်ပြီး ကိုလိုနီဘ၀က လွတ်မြောက်သည့် မြန်မာ့လွတ်လပ်ရေး နှစ် ခုနစ်ဆယ့်နှစ်နှစ် ကာလတွင်းသို့ပင် ချင်းနင်းဝင်ရောက်လာ ခဲ့ပြန် ပြီတည်း။ အောင်မြင်မှုများရော ဆုံးရှုံးမှုများပါ မည်သို့ပင် ရောထွေးများပြား ရှိစေကာမူ မိမိတို့၏ ကိုယ်ပိုင်အလံ၊ မိမိတို့၏ ကိုယ်ပိုင် အမျိုးသားသီချင်း၊ မိမိတို့၏ ကိုယ်ပိုင်နယ်နိမိတ်ခိုင်ခိုင် မာမာဖြင့် မည်သည့်တိုင်းတစ်ပါးသားကိုမျှ အလေးပြု ဦးညွတ် နေစရာမလိုဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နိုင်ခဲ့ပြီ။
လွတ်လပ်ရေးရသည့်အတွက် ဘာတွေဘယ်လောက်များပို ကောင်းလာသနည်းဟူသည့် အငြင်းပွားမှုမျိုး လွတ်လပ်ရေး ရခါစ ကာလများက ရှိခဲ့သလို ယနေ့ကာလတွင်လည်း အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရလက်သို့ အာဏာစတင်ရရှိ လာသည်မှာ ဘာတွေ ပိုထူးခြားလာသလဲဟူသည့် မေးခွန်း မျိုးကိုလည်း ကြားရသည်။
လူတို့၏ သဘောသဘာ၀အရ မိမိတို့အယူအဆ မိမိတို့ သဘောထား အယူအဆအပေါ်တည်၍ မိမိတို့မြင်သလို၊ မိမိတို့ အကျိုးစီးပွားနှင့် ကိုက်ညီလျှင်ကိုက်ညီသလို၊ မကိုက်ညီလျှင် မကိုက်ညီသလို ကောက်ချက်ချကာ ဝေဖန်ပြစ်တင်ခြင်း၊ ချီးမွမ်း အားပေးခြင်းတို့က ရှိသည်သာ။
မည်သို့ပင်ဖြစ်စေ၊ ယနေ့အချိန်ထိ မြန်မာနိုင်ငံက စိန်ခေါ်မှု မျိုးစုံ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရဆဲ။ အပြင်းထန်ဆုံး ရင်ဆိုင် နေရခြင်းက ပြည်တွင်းမညီညွတ်မှုများပေါ်တွင် အခြေခံခဲ့သည်ဟု ဆိုရပါမည်။ နှစ်ခုနစ်ဆယ်ကျော်ကြာ လွတ်လပ်ရေးမရခင် ကာလ ကတည်းက နယ်ချဲ့တို့စတင်မီးမွှေးပေးခဲ့သည့် ပြဿနာများက လည်း ယနေ့တိုင် မငြိမ်းသေး။ ထိုစဉ်ကတည်းက နိုင်ငံရေး အယူအဆများ၊ သဘောထားများအပေါ် တည်မှီသည့် ပြည်တွင်း မညီညွတ်မှုများကလည်း ယနေ့ထိတိုင် အကွဲအပြဲများ၏ ဘောင်အတွင်းက မကင်းလွတ်နိုင်သေး။
ယနေ့အချိန်တွင် ထိုထိုသော မညီညွတ်မှုများကိုအခြေပြု၍ တောက်လောင်နေသည့် မီးတောက်မီးလျှံများက အရှိန်တညီးညီး ရှိနေဆဲ။ ထိုမီးတောက်တို့က ပြင်းထန်ပူလောင်လာသည့်ကြားတွင် နိုင်ငံပြင်ပကပါ ဝိုင်းဝန်းလေပင့်မှုများရှိလာနေပြီဟုလည်း ထင်မြင်မိပါသည်။
သည်လိုကာလမျိုးတွင် နိုင်ငံ၏ အနာဂတ်အတွက် ပြည်သူ လူထုကလည်း ဝိုင်းဝန်းစောင့်ရှောက်ကြခြင်းဖြင့် ကာကွယ် ထိန်းသိမ်းကြရမည်ဟု ထင်မြင်ပါသည်။
နိုင်ငံတွင်းက မတူညီသော လူမျိုးစုများ၊ မတူညီသော ယုံကြည်ကိုးကွယ်မှုများ၊ မတူညီသော သဘောထားများနှင့် မတူကွဲပြားမှုများကြားက စုစည်းညီညွတ်မှုများ လိုအပ်ချိန် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ကွဲပြားမှု၊ မညီညွတ်မှုတို့၏ ဒဏ်ကို ခံစားခဲ့ကြရသည်ကို အဆုံးသတ်ရန်သင့်ကြပြီဟု ယူဆပါသည်။
စုစည်းညီညွတ်မှုများဖြင့်သာ ပြည်သူလူထုတို့အတွက် အနာဂတ်အလားအလာကောင်းများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ နိုင်ငံငြိမ်းချမ်းရေးတို့ကို မျှော်လင့်နိုင်မည်ဟု ယုံကြည် ပါကြောင်း။ ။

No comments:

Post a Comment