Thursday, December 19, 2019

အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: 6 people, people sitting and table
နေပြည်တော် ဒီဇင်ဘာ ၁၈



အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေး အလုပ်ရုံဆွေးနွေး ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့် လမ်းညွှန်ချက်များကို ပြဋ္ဌာန်းပြီး စနစ်တကျစီမံခန့်ခွဲခြင်း ဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းသည့် အစားအစာ များ ရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ခေတ်မီ ဇီဝနည်းပညာများ ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိ အသုံးပြုလာနိုင်မည် ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများနည်းတူ ဇီဝနည်းပညာရပ်များအား အကျိုးရှိစွာ အသုံးပြု နိုင်ရေးအတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒ များ ချမှတ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဗီဇပြုပြင်ထားသည့် မျိုးစေ့၊ စားသောက် ကုန်နှင့် ဗီဇပြုပြင်ထားသည့် ထွက်ကုန်များကို လက်ခံအသုံးပြုလာမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များ စသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုကဲ့သို့ သော စိန်ခေါ်မှုများကို အနှေးနှင့်အမြန် ကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့ နိုင်ငံ အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာ အကောင် အထည်ဖော်ရာတွင် တိုးတက်လာသည့် နည်းပညာများကို အကျိုးရှိစွာအသုံးပြု နိုင်ရေး၊ ဘေးအန္တရာယ်အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေ နှင့် လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာမူဘောင်နှင့် မူဝါဒများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က လက်ရှိရေးဆွဲပြီးစီးပြီးသော ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် ရှေ့ဆက် ဆောင်ရွက်ရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပပညာရှင်များက အမျိုး သားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ်ထွန်းရေးနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြုံပြု ဆွေးနွေးကြသည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး(UNEP) နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (GEF) တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ် တွင် စတင်ရေးဆွဲ ခဲ့ပြီး ထုတ်ပြန်နိုင်ခြင်း မရှိခဲ့သော မူကြမ်းအပေါ် တိုးတက်လာသောနည်းပညာ ရပ်များနှင့် ဆီလျော်မှုရှိစေရန် ခေတ်ကာလနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒမူကြမ်းအလုပ်ရုံ ဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID နှင့် International Service for the Acquisition of Agri-biotech Applications - ISAAAတို့၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း လေးကြိမ် ပြုလုပ်ခဲ့ကာ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပဉ္စမမူကြမ်း အတည် ပြုနိုင်ရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment