Thursday, December 5, 2019

ဝေဖန်ရေး၏တူရူ


အယ်ဒီတာအာဘော်



မြန်မာနိုင်ငံ၌ အရပ်သားအစိုးရဖော်ဆောင်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာတောင့်တင်းအခြေကျရေးတို့အတွက် ကြိုးပမ်းအားထုတ် နေကြစဉ်မှာပင် ဝေဖန်ရေး၏ အခန်းကဏ္ဍ ကျယ်ပြန့်လာလေ၏။ နိုင်ငံ့ကဏ္ဍအသီးသီး၊ နယ်ပယ်အရပ်ရပ်တို့တွင် ထွက်ပေါ်လာ သမျှသော အကြောင်းအရာများ၊ အငြင်းပွားစရာများ၊ ဆွေးနွေး ကွဲလွဲစရာများ စသည့်ခေါင်းစဉ်များကို အကြောင်းပြု၍ အများ ပြည်သူဘက်က ရှုမြင်သုံးသပ်မှု၊ ဝေဖန်မှု အစရှိသောအသံများကို ကျယ်ကျယ်လောင်လောင် ကြားလာရသည်။
ဝေဖန်ခြင်းဆိုသည်၏ နောက်ကွယ်တွင် ထိုထိုဤဤသော နိုင်ငံနှင့်ဆိုင်သည့် အကြောင်းခြင်းရာများကို လူထုက စိတ်ဝင် စားမှုရှိသည်ဆိုသည့်အဓိပ္ပာယ်ရှိ၏။ ထို့ပြင် ဝေဖန်နိုင်သည့် အခွင့် အရေးတစ်စုံတစ်ရာကို ရရှိထား၏ဆိုသော အဓိပ္ပာယ်လည်း ပါဝင်နေသည်။ ယင်းတို့က နိုင်ငံအတွက် အပေါင်းလက္ခဏာဟု မြင်ပါသည်။
ထို့ထက်ပို၍ဆိုရပါမူ စနစ်ကျန မှန်ကန်သောဝေဖန်ရေးက အပြုသဘော ပိုမိုတိုးတက်ရေးဆီသို့ ရှေးရှုသည်။ နိုင်ငံရေးမှာ ဖြစ်စေ၊ စီးပွားရေးမှာဖြစ်စေ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ဖြစ်စေ၊ အများပြည်သူ၏ ဝေဖန်ရေးစကား၊ ဝေဖန် ရေးစာတို့ကို ပိုမိုကြားရ၊ တွေ့မြင်ရခြင်းဖြင့် ထိုကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးရန်လမ်းကြောင်း ပိုမိုကျယ်ပြောလာမည်သာ။ တစ်နည်းအားဖြင့်ဆိုလျှင် ဝေဖန်ရေးသည် ကြိုဆိုအားပေးရမည့် ကိစ္စဖြစ်လေသည်။
သည့်ပြင် ဝေဖန်ရေးက ဒီမိုကရေစီအခွင့်အရေးနှင့် တွဲလျက် ရှိသည်။ ဒီမိုကရေစီမရှိလျှင် ဝေဖန်ရေးမရှိနိုင်။ ဝေဖန်ရန် အခွင့် အရေးမရှိနိုင်။ ဒီမိုကရေစီ၏ အခြေခံအနှစ်သာရတွင် မတူညီသည့် သဘောထားတို့ကို ဆွေးနွေးပြောဆိုနိုင်ခြင်းက အရေးပါသည့် လုပ်ငန်းဖြစ်သည်။ ပွင့်လင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆိုသည့်အခွင့်အရေးက ဝေဖန်ရေးနှင့် ဆက်စပ်နေ၏။
ဒီမိုကရေစီ အတော်အသင့် ပွင့်လင်းလာမှုနှင့်အတူ ဝေဖန် ရေးဟူသည် ပြည်သူလူထု၏ လက်ထဲရောက်လာလေသည်။ ပြည်သူလူထု ၏ အသံတို့ကလည်း ပြေပြေလျလျရော၊ ပြင်းပြင်း ရှရှရော၊ ချိုချိုမြမြရော၊ ခါးခါးသက်သက်ရော အမျိုးစုံသည်ကို လည်း သတိပြုမိပါ၏။
အချို့သော ပြင်းရှခါးသက်သော ဝေဖန်မှုများက ရုန့်ရင်း ကြမ်းတမ်းသည်ထိ ရောက်လာသည်တို့လည်းရှိ၏။ သည်လို ထဲမှာ ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်လာစေသည့် ဝေဖန်မှု များကမူ အကျည်းတန်လှသည်။ မဟုတ်မမှန်မှုများ၊ လုပ်ကြံမှု များ၊ လီဆယ်မှုများ၊ တစ်စိတ်ကို တစ်အိတ်လုပ်မှုများ၊ ပုံကြီး ချဲ့မှုများ၊ အမှန်ကို အမှားရောကာ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာ စေလိုသည့် စေတနာဖြင့် ပုံဖော်လာသော ဝေဖန်ရေးများပဲ ဖြစ်ပါ သည်။
အမှားအမှန်ကို ခွဲခွဲခြားခြားမသိဘဲ ဝေဖန်မှုများနှင့်အတူ အကြောင်းအချက် မခိုင်လုံသောဝေဖန်မှုများက ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု မျက်နှာဖုံးဖြင့် ကွယ်ဝှက်လာ ကြသည်များကလည်း မနည်းလှ။
အထူးသဖြင့်မူ ဆိုရှယ်မီဒီယာ၏ နည်းပညာတိုးတက်မှုက ထိုဝေဖန်ရေးအရှိန်အဟုန်ကို ပိုမိုမြန်ဆန်ကြီးထွားလာစေလေသည်။ ပြည်သူလူထုသာမက ပြည်ပနိုင်ငံများကပါ သတင်းမှား များ မစုံလင်မပြည့်၀သော အချက်အလက်များကို အခြေပြုကာ ဝေဖန်လာမှုများကိုလည်း တွေ့လာရသည်။
ခိုင်လုံသော အထောက်အထားမရှိဘဲ ဝေဖန်ရေးလက်နက်ကို အင်အားကြီးမားအောင် ချဲ့ထွင်အသုံးပြုခြင်းက ကောင်းကျိုး တစ်စုံတစ်ရာ ဖြစ်လာရန်မရှိ။
ပြည်သူ့ဝေဖန်ရေးက နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက် အပံ့ကောင်းများ ဖြစ်လာစေမည်ဖြစ်သော်လည်း အချက်အလက် အထောက်အထားမှန်ကန်သည့် ဝေဖန်ရေး၊ စေတနာ မှန်ကန်ရိုးသားသည့် ထုတ်ဖော်ပြောဆိုမှုဖြစ်ရန်တော့ လိုမည်ဟု ယုံကြည်ပါသည်။
လွတ်လပ်စွာထုတ်ဖော်မှုဆိုရာတွင် တည်ကြည်သော သီလ၊ ခိုင်မြဲသော သမာဓိနှင့် အမှားအမှန်ကို ခွဲခြားသိမြင်သည့် ပညာတို့က အဓိကကျသော လိုအပ်ချက်များအဖြစ် ရှိနေမည် ဟု ယုံကြည်မိပါကြောင်း။ ။

No comments:

Post a Comment