Thursday, December 19, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၁၈



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိကြီးများအား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်များ ဖြစ်သည့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း၊ ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ ရဲဦးစီးအရာရှိ ချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ နိုင်ငံ ဖြတ်ကျော်မှုခင်းဌာန ကြီးမှူး၊ ရဲရာထူးခန့်ချုပ်၊ ရဲလေ့ကျင့်ရေး အရာရှိချုပ်၊ လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့များမှ ကွပ်ကဲရေးမှူးများ၊ ရဲတပ်ဖွဲ့ အသီးသီးမှ ရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲလေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ နောက်ခံသမိုင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်များနှင့် လုပ်ငန်းတာဝန်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။
အထူးအရေးကြီး
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်အမှာ စကားပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တွေ့ရသည့် အကြောင်းရင်းမှာ ယခုအချိန်တွင် ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ဆိုသည်မှာ ခွဲခြား၍ရသည့် အခြေ အနေမရှိတော့ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွှယ်နေ သောကြောင့် အထူးအရေးကြီးပါ ကြောင်း။
ကိုယ့်အလုပ်ကို ဂုဏ်ယူ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယခင်က အခေါ်အဝေါ် Police ( ပုလိစ် ) ( ပုလိပ် ) ဆိုသည်မှာ ထိန်းချုပ်သည့် သဘော၊ စောင့်ကြည့်သည့်သဘော ဖြစ်ပါကြောင်း၊ ပြည်သူ့ရဲအဖြစ် ပြောင်းခဲ့သည်က ပြည်သူ့အတွက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ဆောင်ပေးစေ လိုသည့်သဘောဟု ထင်ပါကြောင်း၊ ယခု မြန်မာနိုင်ငံရဲဆိုသည်မှာ မြန်မာ နိုင်ငံ၏ မြန်မာနိုင်ငံပြည်သူများနှင့် နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ခြင်း သဘောဟု ယူဆပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ပါကြောင်း၊ ကိုယ့် အလုပ်ကို တာဝန်ကျေကျေ ဆောင်ရွက်စေချင်ပါကြောင်း။
တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နှင့် အေးချမ်းသာယာရေးသည် ခွဲခြား၍မရပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ နိုင်ငံအတွင်းမလုံခြုံနိုင် ပါကြောင်း၊ နိုင်ငံအတွင်းမှီတင်း နေထိုင်သည့် တစ်ဦးချင်း၏ လုံခြုံရေး သည် တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင် မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုး မှုရှိမှသာ ရပ်ရွာအေးချမ်းသာယာမှု ရှိမည်ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည် မှာ လူများက စိတ်ခံစားချက်အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းက မျှမျှတတလုပ်နိုင်အောင် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ တရားရုံးများသည်လည်း လူ့သဘာဝ အခြေအနေနှင့် ကိုက်ညီအောင် ဥပဒေကို စီမံခန့်ခွဲရခြင်းပင်ဖြစ်ပါ ကြောင်း။
စိတ်ချလုံခြုံမှု ပေးနိုင်
တရားမျှတခြင်းကို အကြင်နာ တရားနှင့် ထိန်းကျောင်းရမည် ဖြစ်ကြောင်း၊ မေတ္တာတရားမရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ဖြိုး တိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များဆိုလျှင် ၎င်းတို့၏ပြည်သူ များက ယုံကြည်စိတ်ချအားကိုး ကြသည့် ရဲတပ်ဖွဲ့များ ဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်း ရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင် ဘူးဆိုသည်အထိ စိတ်ချလုံခြုံမှု ပေးနိုင်သည့် နိုင်ငံများသည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ များဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
မိမိတို့ရဲတပ်ဖွဲ့ အတွင်းတွင်ရှိ သည့် စိတ်နေစိတ်ထားများသည် မိမိတို့ လူ့အသိုင်းအဝိုင်း၏ စိတ်နေ စိတ်ထားများကို ရောင်ပြန်ဟပ်ပါ ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဦးဆောင် ပြီး စိတ်ဓာတ်များကို ပြုပြင်ပေးရမည် ဖြစ်ပါကြောင်း၊ ကိုယ်ကစပြီး ပြုပြင် ရမည်ဖြစ်ပါကြောင်း၊ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏ လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင် တန်ဖိုးထားကြမည်ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက် ပေးရန်အရေးကြီးပါကြောင်း။
လုပ်ငန်းတာဝန်များ ဆောင်ရွက် သည့်အခါ လိုအပ်သည့်အင်အားကိုပဲ သုံးပြီး ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်း သည် တစ်ကမ္ဘာလုံးက လက်ခံထား သည့် စံနှုန်းတစ်ခုဖြစ်ပါကြောင်း၊ လိုအပ်သည်ထက် ပိုသည့်အင်အား သုံးခဲ့ပါက ပြဿနာရှိပါကြောင်း၊ ပြည်သူလူထု၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ပါကြောင်း၊ နောက်တစ်ခုမှာ မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးသည် လူသားများ၏ အကျင့် စာရိတ္တကို ပျက်စီးစေပါကြောင်း၊ မူးယစ်ဆေးဝါးသည် ရာဇဝတ်မှုများ နှင့်လည်း ဆက်နွှယ်နေပါကြောင်း။
အရှေ့တိုင်း စကားတစ်ခုရှိပါ ကြောင်း၊ အဆိုးဆုံးအစိုးရသည် ပြည်သူက မုန်းတီးသည့်အစိုးရ၊ နည်းနည်းဆိုးသည့် အစိုးရက ပြည်သူ ကကြောက်သည့်အစိုးရ၊ နည်းနည်း ကောင်းသည်က ပြည်သူက ချီးမွမ်း သည့် အစိုးရ၊ အကောင်းဆုံးအစိုးရ ဆိုသည်မှာ ပြည်သူလူထုက ရှိမှန်း တောင်မသိသည့် အစိုးရပင်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုဘဝ အေးချမ်း သာယာလုံခြုံအောင်၊ ပြည်သူကို အနှောင့်အယှက် မပေးဘဲ နောက်ကွယ်ကနေ ပြည်သူလူထု လုံခြုံချောမွေ့အောင် လုပ်ဆောင်ပေး သွားခြင်းမျိုး ဖြစ်ပါကြောင်း။
စွမ်းဆောင်ရည် ကောင်းမွန်လာ
ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လည်း ဒါကိုသတိပြုမိရန်လိုပါ ကြောင်း၊ ကမ္ဘာကသတ်မှတ်ထားသည့် စံနှုန်းသည် ရဲတစ်ဦးသည် ပြည်သူ လူထု လူ ( ၄၅၀ ) ခန့်ကို စောင့်ရှောက် နိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တွင် ရဲတစ်ဦးကို လူ ( ၁၀၀၀ ) ကျော် အထိ စောင့်ရှောက်နေရသည့် အခြေ အနေဖြစ်ပါကြောင်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အပြည့်အဝမထား နိုင်သည့် ပြဿနာရှိပါကြောင်း၊ ထို့ကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ပိုမိုစိုက် ထုတ်လုပ်ကိုင်နေရမည် ဖြစ်ပါ ကြောင်း၊ ဒီကြားထဲတွင် ရခိုင် ပြည်နယ်ကို ပိုပြီးလုံခြုံရေး လိုအပ် ချက်အရ ပို့ထားရပါကြောင်း၊ လုံခြုံ ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာသည်ဆိုသည့် အမြင် ပြောင်းလာသည်အထိ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပြည်ပအန္တရာယ်နှင့် ပတ်သက်ပြီး လုံခြုံရေး၏ ပထမဆုံးခံစစ်စည်းမှာ သံတမန်ရေးရာ ဖြစ်ပါကြောင်း၊ သံတမန်ရေးရာနှင့် ကာကွယ်ခြင်း သည် မည်သူ့ကိုမှ ပျက်စီးထိခိုက်မှု မရှိပါကြောင်း၊ ဒုတိယခံစစ်စည်းမှာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါကြောင်း၊ နောက်ဆုံးတစ်ပိုင်းက စစ်ရေးစစ်ရာ ဖြစ်ပါကြောင်း၊ စစ်ရေးစစ်ရာအထိ ရောက်လာပါက နှစ်ဖက်အထိအခိုက် အပျက်အစီးရှိမည်ဖြစ်ပါကြောင်း။
ပိုမိုခွန်အားစိုက်
ထို့ကြောင့် ဒုတိယခံစစ်စည်း ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုတံတိုင်း မခိုင်လုံသရွေ့ လုံခြုံရေးရဲတပ်ဖွဲ့များ သည် သာမန်ထက်ပိုပြီး အားစိုက် ဆောင်ရွက်နေရမည်ပင် ဖြစ်ပါကြောင်း၊ လိုအပ်သည့်အချိန်တွင် နိုင်ငံကို ပံ့ပိုး ပေးရခြင်းသည် အခွင့်အရေးတစ်ခုပဲ ဖြစ်ပါကြောင်း၊ နောင်တစ်ခေတ်တွင် ပြည်သူများ ရုန်းကန်စရာမလိုဘဲ မိမိတို့က ပိုမိုခွန်အားစိုက်ပြီး ဖြည့်ဆည်းပေးခဲ့ရမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကုသိုလ်ပြုနိုင်သည့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းက ဂုဏ်ယူ စရာဖြစ်ပါ ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အထူး ကြိုးစားရမည် ဖြစ်ပါကြောင်း၊
ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘော သဘာဝ မတူပါကြောင်း၊ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့် နေရာတွင် နိစ္စဓူဝ ပြည်သူ့၏ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရ မည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပင်ဖြစ် ပါကြောင်း၊ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံး သွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုပါကြောင်း။
အောင်မြင်ခြင်းတရား (၄) ပါး ဖြစ်သည့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့နှင့် ညီညွတ်အောင် အထူး ကြိုးစားဆောင်ရွက် စေလိုပါကြောင်း၊ အထူးသဖြင့် နိုင်ငံအေးချမ်းသာယာ ရေးအတွက် နေ့စဉ်ဆောင်ရွက်ရသည့် ရဲတပ်ဖွဲ့ဝင်များသည် ဝီရိယ (၄) ပါး ဖြစ်သည့် စတင်လုပ်ဆောင်မည်ဟု ဆုံးဖြတ်ခြင်း၊ အမှန်တကယ် လုပ်ဆောင်ခြင်း၊ အခက်အခဲများ တွေ့ကြုံနေရသော်လည်း ဆက်လက် လုပ်ဆောင်ခြင်းတို့အပြင် အမြင့်ဆုံး ဝီရိယဖြစ်သည့် ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ရသော်လည်း ရှုံးနိမ့်မှုများ ကို ကျော်လွှားပြီး အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ခြင်းဆိုသည့် ဝီရိယများနှင့် ကြိုးပမ်းဆောင်ရွက်စေ လိုပါကြောင်း။
ထိုက်ထိုက်တန်တန်သုံးစွဲ
ယနေ့ခေတ်နည်းပညာ မြင့်မား ရန် အလွန်လိုအပ်ပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ နည်းပညာတိုးတက် လာရန်အရေးကြီးပါကြောင်း၊ ယင်း အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ကို ပံ့ပိုးပေးနေပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်၊ ပြည်သူ၏ လိုအပ်ချက်အတွက် နိုင်ငံတော်ဘဏ္ဍာ ငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ကို ပေးပါ ကြောင်း၊ အမှန်တကယ်လိုအပ်ချက် နှင့် မလုံလောက်သော်လည်း တတ်နိုင် သမျှပေးပါကြောင်း၊ နောက်လည်း ထပ်ပေးသွားရန် ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေ ဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေဖြစ်ခြင်းကြောင့် ခွဲဝေရရှိ သည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက်ထိုက်တန်တန်သုံးစွဲရန် လိုအပ် ပါကြောင်း။
ဩဇာလွှမ်းမိုး သက်ရောက်မှုရှိ
လုံခြုံရေးတပ်ဖွဲ့များသည် အခြား ဝန်ထမ်း အဖွဲ့အစည်းများထက် ပြည်သူအပေါ် ဩဇာလွှမ်းမိုး သက်ရောက်မှုရှိပါကြောင်း၊ သို့သော် လည်း ပြည်သူသည် ရဲများကို ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုးတန်ဖိုးထားခြင်းမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြုံခြုံနေနိုင်အောင်၊ ရပ်ရွာ တည်ငြိမ်အေးချမ်း သာယာရေး အတွက် လုပ်ဆောင်နေသည်ဟု ပြည်သူက မြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း။
အစိုးရဘက်မှ တတ်နိုင်သမျှ ပံ့ပိုး ပေးရန်အတွက် ရဲတပ်ဖွဲ့၏ အခက် အခဲကို သိရန်လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး မရှိသည့်နေရာများတွင်၊ ရခိုင်ဘက် တွင် ရဲတပ်ဖွဲ့ဝင်များကျဆုံးမှု၊ ထိခိုက် မှုများရှိပါကြောင်း၊ ယခုလိုကျဆုံး ထိခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုလည်း ပံ့ပိုးတာဝန် ယူပေးရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျန်ရစ်သူ မိသားစုများကို နိုင်ငံတော်က စောင့်ရှောက်ခြင်း အားဖြင့် နိုင်ငံအတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း အသက်ကိုယ်ခန္ဓာ စွန့်လွှတ်ခဲ့တာကို တန်ဖိုးထား အသိ အမှတ်ပြုရာရောက်ပါကြောင်း။
ရဲတပ်ဖွဲ့ဝင်များ ရွေးချယ်သည့် နေရာတွင် စိတ်ပိုင်းဆိုင်ရာစိစစ်သည် ဟု သိရပါကြောင်း၊ ထိုသို့ စိတ်ပိုင်း ဆိုင်ရာ စိစစ်ရာတွင် ဩဇာအာဏာ ရှိသည့်လူတစ်ယောက်၊ ဖြစ်သင့်သည့် စိတ်ဓာတ်ဟုတ်လား၊ ဩဇာရှိသည့် အတွက်၊ လုပ်ပိုင်ခွင့်ရှိသည့်အတွက် အလွဲစဉ်းစားလုပ်မည့် လူမျိုးလား ဆိုသည်ကို စိစစ်ရန်အဓိက ဖြစ်ပါ ကြောင်း၊ စိတ်ဓာတ်ခိုင်မာရန်အတွက် အန္တရာယ်များရင်ဆိုင်ရာတွင် ခံနိုင် ရည်ရှိ/မရှိ စိစစ်ရန်ဖြစ်ပါကြောင်း၊ ခံနိုင်ရည်ဆိုသည်မှာ ဆင်းရဲဒဏ် ခံနိုင်သည့် အရည်အချင်းအပြင် ချမ်းသာဒဏ်ခံနိုင်သည့် အရည်အချင်း ရှိရဲ့လား၊ ချမ်းသာဒဏ်ဆိုသည်မှာ လာဘ်ပေးလာဘ်ယူတင်မက ၎င်း၏ ရာထူး၊ ၎င်း၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း၊ ရာထူး အပေါ် မွေ့လျော်သွားခြင်းသည်လည်း ချမ်းသာဒဏ် မခံနိုင်ခြင်းဘဲဖြစ်ပါ ကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီး များ ဆိုသည်မှာ လက်ရှိရာထူးကို ထမ်းဆောင်နေစဉ်မှာပဲ လုပ်ပိုင်ခွင့် ရှိပါကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန်ကြောင့် ပေးထားသည့် အခွင့် အရေး၊ မိမိ၏ရာထူးဖြစ်ပါကြောင်း၊ တစ်သက်တာ ပေးထားခြင်းမဟုတ်ပါ ကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းများ ဆင်းရဲ၊ ချမ်းသာ ဒဏ်နှစ်ခုကိုခံနိုင်ရန် အထူးအရေးကြီး ပါကြောင်း။
ယနေ့ခေတ်တွင် လုပ်ဆောင် ချက်များသည် နောင်ခေတ်အဆက် ဆက်အတွက် အမွေအနှစ်အဖြစ် ကျန်ခဲ့မည်ဖြစ်ပါကြောင်း၊ လူမျိုး တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ကိုယ့်သမိုင်းတွင် ဂုဏ်ယူစရာအချက် များရှိခဲ့လျှင် ပိုပြီးအင်အားရှိပါ ကြောင်း၊ နောင်လာနောက်သားများ အတွက် ပိုပြီးတန်ဖိုးရှိသည့် အမွေ အနှစ်များ ထားပစ်ခဲ့ရန် အရေးကြီးပါ ကြောင်း၊ နောက်တစ်ခုမှာ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ရဲတပ်ဖွဲ့ဝင်များ အသိဆုံးပဲဖြစ်ပါကြောင်း၊ အစိုးရက မည်သည့်အရာများ ပံ့ပိုးပေးရမည် ဆိုသည်ကို တင်ပြစေလိုချင်ပါကြောင်း၊ ယခုတွေ့ဆုံပွဲကို တက်ရောက်လာ ကြသူများသည် ရဲတပ်ဖွဲ့မှ ရာထူး တာဝန် အကြီးမားဆုံးပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် လက်အောက်က ကိုယ့်ကို မှန်မှန်ကန်ကန် တင်ပြ ရဲအောင် ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သား တည်းရှိနေစေလိုပါကြောင်း။
နိုင်ငံအပေါ် သစ္စာစောင့်သိ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံအပေါ် သစ္စာစောင့်သိရာတွင် ပြည်သူ၊ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ၊ မိမိ၏ အဖွဲ့အစည်းတို့ကို သစ္စာစောင့်သိခြင်း တို့ဖြင့် မိမိတို့တာဝန်များကို ကျေပွန် ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်း စဉ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များကို ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ဝန်ကြီးများသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာအတူ သုံးဆောင်ကြသည်။ သတင်းစဉ်

No comments:

Post a Comment