Wednesday, November 27, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲကျင်းပ




Image may contain: one or more people and people standing
နေပြည်တော် နိုဝင်ဘာ ၂၆




၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ အတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ သင်တန်းသား၊ သင်တန်းသူများ၊ International Institute for Dem-ocracy and Electoral Assistance (International IDEA) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
စွမ်းဆောင်ရည်များ
မြင့်မားနေရန် လိုအပ်
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်းသည် တတိယ အကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါ ကြောင်း၊ ပထမအကြိမ် သင်တန်းကို သင်တန်းသား ၁၀၄ ဦး၊ ဒုတိယအကြိမ် သင်တန်းကို သင်တန်းသား ၉၃ ဦး ဖြင့် အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကိုရေးဆွဲ၍ လုပ်ငန်းစဉ်များ အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက် နေရသည့်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင် ရန်အတွက် အရည်အသွေးနှင့် စွမ်းဆောင်ရည်များ မြင့်မားနေရန် လိုအပ်ပါကြောင်း။
မျှဝေခြင်းများ ပြုလုပ်ရန်လိုအပ်
သင်တန်းတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် အဓိကကျ သောသင်ခန်းစာများကို ခေါင်းစဉ် ၁၀ ခုဖြင့် ပို့ချပေးသွားမည်ဖြစ်ပါ ကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာအနေဖြင့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုပြီးဖြစ်ပါ ကြောင်း၊ ရရှိထားပြီးဖြစ်သည့် မဲစာရင်းများကို လုပ်ငန်းစီမံချက် အတိုင်း Up to Date ဖြစ်စေရန် စိစစ် ပြင်ဆင်ဆောင်ရွက်သွားမှသာ ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိ မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်အတွက် လုပ်ငန်းများစဉ် ဆက်မပြတ်ရှိနေမည် ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ် အလိုက် လုပ်ဆောင်ရမည့်ကိစ္စရပ် များကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်နေမှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိ၍ ရွေးကောက် ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင် မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း သည် ဆရာဖြစ်သင်တန်းဖြစ်သည့် အတွက် သင်တန်းသားများအနေဖြင့် သင်တန်းက ပို့ချသည်များကို စနစ် တကျ လေ့လာသင်ယူကြရန်နှင့် မိမိတို့ကိုယ်တိုင် လက်တွေ့ဆောင် ရွက်ရသည့်အတွေ့အကြုံများ ဖလှယ် ခြင်း၊ ဗဟုသုတများ မျှဝေခြင်းများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ ဒေသများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင် များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် အခက်အခဲမရှိ ပို့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် International IDEA အဖွဲ့မှ Programme Mana-ger, Mr. Manfred Bernhard က အမှာစကားပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး သင်တန်းပထမနေ့ အစီ အစဉ်များကို ဆက်လက် ကျင်းပခဲ့ သည်။ အဆိုပါ သင်တန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် International IDEA အဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ယနေ့သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှသင်တန်းသား၊ သင်တန်း သူ ၉၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment