Friday, November 8, 2019

ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်း


သတင်းဆိုးတစ်ခုနှင့် သတင်းကောင်းတစ်ခုတို့ကို ကြားရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ကိုရီးယားစီးပွားရေး လုပ်ငန်း ၁၀၀ ခန့်က မြန်မာနိုင်ငံတွင် ကောင်းမွန်သော စက်မှုဇုန် ပတ်ဝန်းကျင် အားနည်းသည့်အတွက် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြောင်းရွှေ့လိုကြောင်း ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့ အစည်း၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ တစ်ဖက်နိုင်ငံမှ သတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။ ယင်းသတင်းနှင့် ဆက်စပ်၍ ကိုရီးယား ရင်းနှီးမြှုပ်နှံသူများဘက်က မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ဆက်လက် မြင့်တက်နေဆဲပင်ဖြစ်ကြောင်းနှင့် ကိုရီးယားစီးပွားရေးလုပ်ငန်း ၁၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြောင်းရွှေ့လိုသည်ဆိုသည်မှာလည်း ကောလာဟလသာဖြစ်ကြောင်းတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ကိုရီးယားစီးပွားရေးသံမှူးတို့က တုံ့ပြန်ပြောကြားခဲ့သည့် သတင်းမှာမူ သတင်းကောင်းပင်ဖြစ်သည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တွင် အရေးပါသည်။ ယနေ့ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံကြီးတစ်ခု အဖြစ် တက်လှမ်းရောက်ရှိနေပြီဖြစ်သည့် အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က အထူးစီးပွားရေး ဇုန်များ စတင်တည်ထောင်ကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခဲ့ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ အတွက် လွယ်ကူလျင်မြန်သော၊ လုံခြုံစိတ်ချရသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်မှာ လိုအပ်သည့်အလျောက် မြန်မာနိုင်ငံသည်လည်း ယင်းလိုအပ်ချက်ကို ဖော်ဆောင်ပေးလျက်ရှိသည်။ အရေးအပါဆုံး အချက်မှာ ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တင်ပြ လျှောက်ထားမှုများကို ရှင်းလင်းလွယ်ကူလာစေသည်။ ထို့အပြင် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် အာမခံချက်များ၊ အခွင့်အရေး များ၊ အကာအကွယ်များကိုလည်း ပေးထားသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆(ဃ)တွင် နိုင်ငံတော်က စီးပွားရေးလုပ်ငန်း များကို မည်သည့်အခါမျှ ပြည်သူပိုင်မသိမ်းဟု အာမခံထားခြင်း၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နေသရွေ့ ၎င်းလုပ်ငန်းအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း မပိတ်သိမ်း၊ မရပ်စေရဟု အာမခံထားခြင်း၊ ပိတ်သိမ်းရန် လိုအပ်လာပါကလည်း ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် အားလုံးကို နစ်နာမှုမရှိအောင် အမြန်ဆုံးပေးလျော်ခြင်းတို့အပြင် ကာလရှည်မြေငှားရမ်းခွင့်အပါအဝင် သက်သာခွင့်၊ ကင်းလွတ်ခွင့်များ စသည်တို့ကို ပြဋ္ဌာန်းပေးထားသည်။ တစ်ဖက်တွင်လည်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ကြိုးနီစနစ် အကြွင်းအကျန်များကို ရှင်းလင်းဖယ်ရှားရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးတို့အပါ အဝင် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရန် လိုအပ် ချက်များကို အကောင်အထည်ဖော် ဖြည့်ဆည်းလျက်ရှိသည်။


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မြှင့်တင်ရာတွင် တစ်ဖက်ကလည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြရမည့်အရေးလည်းရှိသည်။ အရေးပါဆုံးအချက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဖြစ်သည်။ ငြိမ်းချမ်းမှုမရရှိပါက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမရရှိနိုင်။ သို့နှင့် အမျှ စီးပွားရေးယိုင်နဲ့အားနည်းပြီး ဆင်းရဲတာရှည်ကာ လက်နက်ကိုင် ပဋိပက္ခများနှင့် ထာဝရမငြိမ်းချမ်းသည့် သံသရာသို့ တစ်ပတ်ပြီး တစ်ပတ်လည်နေလိမ့်ဦးမည်။ နောက်အရေးပါသည့်အချက်မှာ ကမ္ဘာ့ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေဖြစ်ပြီး နောက်ထပ်အရေးပါသည့် အချက်မှာ ဒေသတွင်းနိုင်ငံများနှင့် ပြိုင်ဆိုင်ရမည့် အခြေအနေ ဖြစ်သည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အေးချမ်းတည်ငြိမ်၍ လုပ်ရကိုင်ရလွယ်ကူသော၊ ရေမီး လမ်းပန်းဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံကောင်းမွန်သော၊ စည်းကမ်းကောင်းမွန်၍ ကုန်ထုတ်လုပ်မှုစွမ်းရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံသော၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်မည့် နေရာဒေသ နိုင်ငံများကိုသာ ရွေးချယ်ကြမည်ဖြစ်သည့်အလျောက် ယင်းအချက် များနှင့် ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများကို ဖန်တီး တည်ထောင်ကာ အကျိုးတူစီးပွားဖက် မိတ်ဆွေကောင်းတို့အား ဆက်လက်ဖိတ်ခေါ်နိုင်ပါစေကြောင်း။ ။

No comments:

Post a Comment