Friday, November 29, 2019

အယ်ဒီတာ့ အာဘော်
=============

ဂန္ထဝင်မြောက် ယဉ်ကျေးမှုအစဉ်အလာ

==========================

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် စစ်အတွင်းကာလ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန စသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း အမှုဆောင် အဖွဲ့နှင့် စာပေဆိုင်ရာပညာရှင်တို့က ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

စာဆိုတော်နေ့ကို စာရေးဆရာအသင်းဖွဲ့စည်းပြီးနောက် လေးနှစ်ကြာမှ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာ အသင်းဟူ၍ မရှိသေးဘဲ စာရေးဆရာအချို့နှင့် ဖွဲ့စည်းထားသော ကလောင် အဖွဲ့လေးတစ်ခုသာရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီးအိပ်၊ ဂျီ၊ ဝဲ မြန်မာနိုင်ငံသို့လာရောက်သည့်အခါ စာရေးဆရာများ စုပေါင်းဧည့်ခံ သောပွဲနှင့် စာရေးဆရာကြီးပီမိုးနင်းကွယ်လွန်သည်ကို အကြောင်းပြု၍ စာရေးဆရာများစုစည်းမိကြရာမှ ဒီးဒုတ်ဦးဘချိုခေါင်းဆောင်၍ စာရေးဆရာအသင်းကို ဖွဲ့စည်းဖြစ်သည်။
စာရေးဆရာအသင်းက ကြီးမှူးသည့် ပထမဆုံးစာဆိုတော်နေ့တွင် သက်ကြီးဝါကြီး စာရေးဆရာကြီးများအား ကန်တော့ခြင်း၊ စာပေပြိုင်ပွဲ၊ ဟောပြောပွဲများကို ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်တွင် ပထမဆုံးကျင်းပ ပြုလုပ်လာကြရာ ယခုအခါ နှစ်ပေါင်း ၇၅ နှစ် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘာသာသာသနာ၊ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး၊ စာပေယဉ်ကျေးမှု အသိပညာအဖြာဖြာ တိုးတက်ဖွံ့ဖြိုးအောင် ခေတ်အဆက်ဆက် ကလောင် ကိုင်စွဲပြီး ပါဝင်ကြိုးပမ်းခဲ့ကြသည့် စာပေပညာရှင်စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးများကို ဂုဏ်ပြုအသိအမှတ်ပြုရမည်ဖြစ်သည်။

ယင်းအစဉ်အလာသည် ဂန္ထဝင်မြောက် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ တစ်ရပ်အဖြစ် တည်ရှိနေသည်။ ၂၀၁၉ ခုနှစ် စာဆိုတော်နေ့သည် ထူးခြားမှု အသွင်ဆောင်ပေသည်။ ၂၀၁၈ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားစာပေဆုရရှိကြသူများ၊ စာပေဗိမာန်စာမူဆုရရှိကြသူများအား နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှောက်ခဲ့ကြပေသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက-

"စာကောင်းပေမွန်များသည် ရတနာထက် ပိုမိုတန်ဖိုးရှိပြီး ပညာ ဗဟုသုတနှင့် ဉာဏ်အမြော်အမြင်တို့၏ ပင်မအရင်းအမြစ်ဖြစ်သလို ယင်း အကြားအမြင်ဗဟုသုတတို့သည်ပင်လျှင် ဘဝအတွက် ခွန်အားများဖြစ်ပါ ကြောင်း၊ ဘဝခရီးတွင် အကြားအမြင်ဗဟုသုတမရှိဘဲ လုံ့လစိုက်ထုတ်နေ ခြင်းသည် အလင်းရောင်မပါဘဲ လျှောက်လှမ်းနေခြင်းသာဖြစ်ပါကြောင်း၊ စာဖတ်ခြင်းသည်လည်း ဘဝအတွက် အတွေ့အကြုံများ၊ သင်ခန်းစာများကို လေ့လာသင်ယူနေခြင်းပင်ဖြစ်ပါကြောင်း၊ ယင်းအတွေ့အကြုံများ၊ သင်ခန်းစာ များကို ရယူကျင့်သုံးတတ်ပါက စာဖတ်သူများအတွက် ဘဝ၏ လမ်းပြမြေပုံ ကောင်းတစ်ခုဖြစ်ပါကြောင်း" ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောကြားသကဲ့သို့ စာဖတ်ခြင်းသည် အသိပညာ ရစေပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းသည် အတတ်ပညာကို ဖြစ်စေပါ သည်။ ထိုအသိပညာနှင့် အတတ်ပညာတို့ကို ဟန်ချက်ညီစွာ အသုံးပြုပြီး မိမိတို့၏ဘဝခရီးကို မယိုင်မလဲ ခိုင်မြဲအောင် လျှောက်လှမ်းနိုင်ပါသည်။ စာဖတ်ခြင်း၏အကျိုးရလဒ်သည် ကြီးမားလှသည်ဖြစ်သော်လည်း ပြောင်းလဲတိုးတက်လာသော ခေတ်ကာလအခြေအနေအရ စာဖတ်သည့် အလေ့အထ အားနည်းလာသည်ကို တွေ့ရသည်။ စာမဖတ်ခြင်းဖြင့် ဦးနှောက်အာဟာရချို့တဲ့စေပါသည်။ ကမ္ဘာလောက၊ လူမှုပတ်ဝန်းကျင်နှင့် အဆက်ပြတ်စေပါသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း စာကောင်းပေမွန် များကို ဖတ်ရှုလာသည်နှင့်အမျှ မြန်မာ့လူ့အဖွဲ့အစည်း၏တန်ဖိုး မြင့်မား တိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်ရာ ရှေးမြန်မာစာဆိုအကျော် စာပေပညာရှင်ကြီးများက မျိုးစေ့ ချထားပေးခဲ့သည့် ဂန္ထဝင်မြောက် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းကို ဆက်လက်မြှင့်တင်ရင်း ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ ဖွံ့ဖြိုးတိုးတက်အောင် စာပေအာဟာရ တိုက်ကျွေးကြရမည် ဖြစ်ပါကြောင်း။ ။



No comments:

Post a Comment