Tuesday, November 26, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အကြိမ် (၂၀) မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




Image may contain: 6 people
နေပြည်တော် နိုဝင်ဘာ ၂၅



အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ၍ အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊
အမျိုးသားလွှတ်တော် ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင် များ၊ ဆပ်ကော်မတီ (၉)ခုမှ ကော်မတီဝင်များ တက်ရောက် ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြိမ်(၂၀) မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် အကြိမ်(၂၀)မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီကို (၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၆) ရပ် ချမှတ်ပေးခဲ့ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်
ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခင်နှစ်များကဲ့သို့ လုပ်ငန်းကော်မတီ (၁) ခုနှင့် ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ချမှတ်ကာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် အကြိမ် (၂၀) မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ များကို ရန်ကုန်မြို့တွင် (၆)ကြိမ်၊ နေပြည်တော်တွင် (၁၃) ကြိမ် စုစုပေါင်း (၁၉)ကြိမ်အထိ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီး ကျင်းပပြီးခဲ့သည့် ညီလာခံအဆက်ဆက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းဖြင့် တာဝန်ယူဆောင်ရွက်နိုင်ခဲ့သည်မဟုတ်ဘဲ နှီးနွှယ်ဆက်စပ် နေသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့် အကြိမ်(၂၀)မြောက် ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲတွင်လည်း ဆက်စပ်နေသည့် ဝန်ကြီးဌာနများ အနေဖြင့် အစဉ်အလာမပျက် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း။
ပညာရှင်များပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန်စီစဉ်ထား
ယခုကျင်းပမည့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့်အတိုင်း နိုင်ငံတော် သမ္မတက သဝဏ်လွှာပေးပို့မည်ဖြစ်ပြီး ဒုတိယသမ္မတက အခမ်းအနားကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဖွင့်ပွဲ အခမ်းအနားပြီးပါက ညီလာခံကို ဆက်လက်ကျင်းပသွား မည်ဖြစ်ကာ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါကြောင်း၊ နောက်ရက်တွင် နှီးနှောဖလှယ်ပွဲ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေးကောင်စီဝင်များ၊ အနယ်နယ်အရပ်ရပ်က ညီလာခံကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပက အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂၈ ဦးခန့် တက်ရောက်မည့်အပြင် တိုင်းရင်းဆေးပညာ ရပ်ဝန်း အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ နှီးနွှယ်သောပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားပါကြောင်း။
ရည်ရွယ်ချက်
အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေရန်” ၊ “မြန်မာ့တိုင်းရင်း ဆေးဆရာတို့၏ အရည်အချင်းနှင့် ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်”၊ “တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုး တိုးတက်ရန် ပြည်တွင်း၊ ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင် များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်”နှင့် “တိုင်းရင်းဆေးဝါးကုန်ကြမ်းများ ပြည်တွင်း၌ ဖူလုံစွာ ရရှိစေရန်အတွက် ဦးစီးဌာန ပရဆေးဥယျာဉ်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်” တို့ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှော ဖလှယ်ပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်(၄)ချက်မှာ “မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန် အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ လေ့ကျင့်ပေးရန်”၊ “အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက် တိုင်းရင်းဆေးဝါး များ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်”၊ “တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် တိုင်းရင်းဆေးဆရာများ၏ အစွမ်းထက် ကုထုံးများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” နှင့် “ပြောင်းလဲလာသည့် နိုင်ငံတကာစီးပွားရေး မူဝါဒနှင့်အညီ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် မြန်မာ့တိုင်းရင်း ဆေးဝါးများ ပြည်ပသို့တင်ပို့နိုင်ရေး၊ ပြည်ပမှ အရည် အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ တင်သွင်းလာ စေရေး ဆောင်ရွက်ရန်” တို့ဖြစ်ပါကြောင်း။
ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သေချာစွာပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ ညီလာခံ၏ ရည်မှန်းချက်နှင့် ညီလာခံ က ထွက်ပေါ်လာသည့် လုပ်ငန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ညီလာခံ၏ အကြံပြုချက်များသည် များစွာအကျိုးရှိပြီး ၎င်းအကြံပြု ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက မြန်မာ့တိုင်းရင်းဆေးဝါးများသည် နိုင်ငံတကာကို ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်အခမ်းအနားတွင် တိုင်းရင်းဆေးပညာရပ်၏ တိမ်မြုပ်နေသော ဝိဇ္ဇာဓရဆိုင်ရာ ဗီဒီယိုမှတ်တမ်းတင်ပြကွက်များ၊ မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များစာအုပ် မိတ်ဆက်သည့်ပြကွက်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင် လျှောက်ထားလာပါက အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို တင်ပြသွားမည်ဟုသိရှိရ၍ ထူးခြားမှုရှိပါကြောင်း၊ ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များကို နောင်နှစ်ညီလာခံမတိုင်မီတွင် အကောင်အထည်ဖော် နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုပါကြောင်း။
ကြိုတင်ပြင်ဆင်
ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များအနေဖြင့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်နှစ်ကျင်းပခဲ့ သည့် အတွေ့အကြုံများအပေါ်အခြေခံပြီး အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်နှင့် အဘက်ဘက်မှ လစ်ဟာမှုမရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ အနေဖြင့် အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်မည့် အစီအမံ များနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းရင်းဆေးသင်တန်းသားများကို နိုင်ငံခြားသို့ သင်တန်းများစေလွှတ်နေမှု အခြေအနေ၊ မြန်မာ့တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရန် ဘဏ္ဍာငွေလျာထားမှု အခြေအနေ၊ ပြည်သူများအား တိုင်းရင်းဆေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးသမားတော်များ ပေါ်ထွက်လာရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြန်မာ့တိုင်းရင်းဆေးကောင်စီအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက အကြိမ်(၂၀)မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဌာနမှူး ဦးဇော်ထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးကြီးဇေယျ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်တို့က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ဦးစီးကော်မတီ နာယက ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်

No comments:

Post a Comment