Sunday, November 24, 2019

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် နိုဝင်ဘာ ၂၃ 



မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင် ရွက်ထားရှိမှု အခြေအနေများအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က ရှင်းလင်း တင်ပြခြင်းအား ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ တက်ရောက်ကြသည်။
ပထမဦးစွာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြရာတွင်-
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လများ၌ ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲစခန်းများအား စတင်တိုက်ခိုက်မှုနှင့် ပြန်လည်တုံ့ပြန်နှိမ်နင်းမှုကြောင့် ဖြစ်ပွားခဲ့သည်ဆိုသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တာဝန် ခံမှုရှိစေရေး (Accountability) အတွက် ယခုလအတွင်းတွင် နိုင်ငံတကာမျက်နှာစာ၌ နည်းလမ်းမျိုးစုံဖြင့် အရှိန်မြှင့် ဆောင်ရွက်လာသည်ကို တွေ့မြင်နေရကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စအား အဓိကဦးစားပေး အလေးထားကြိုးပမ်းခဲ့
ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား ပဋိပက္ခ အခြေအနေများသည် ၂၀၁၂ ခုနှစ်မှစတင်၍ တစ်ကျော့ပြန် ကြီးထွားလာခဲ့ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော် တာဝန်ကို စတင်ယူချိန်မှစ၍ ရခိုင်ပြည်နယ်အရေးကိစ္စအား အဓိကဦးစားပေး လုပ်ငန်းတစ်ရပ်အနေနှင့် ကိုင်တွယ် ဖြေရှင်းရန် အလေးထားကြိုးပမ်းခဲ့ကြောင်း။
ယင်းပဋိပက္ခများအား အလေးပေးဖြေရှင်းနိုင်ရေး အတွက် ၂၀၁၆ ခုနှစ်၊ မေလတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်သည့်အပြင် ရခိုင် ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အကြံပြုချက် များ တင်ပြနိုင်ရေးအတွက် နိုင်ငံတကာက လေးစား သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဆက်လက် ဖွဲ့စည်းခဲ့ကြောင်း။
ဖွံ့ဖြိုးမှုနောက်ကျသော ရခိုင်ပြည်နယ်အတွက် စီးပွားရေးနှင့် လူမှုအခွင့်အလမ်းများ တိုးတက်လာစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ အပြုသဘောဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအား ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံ များက အသိအမှတ်ပြုခဲ့ကြပြီး အပြုသဘော တုံ့ပြန်ခဲ့ကြ ကြောင်း။
အကျိုးဆက်အားဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌ ၁၉၉၁ ခုနှစ်မှစ၍ အီးယူက နှစ်စဉ် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၆ ခုနှစ်တွင် ဆက်လက် တင်သွင်းခြင်းမရှိတော့ဘဲ ရပ်ဆိုင်းခဲ့သည့်အပြင် အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ်မှာ ချမှတ် ထားသည့် စီးပွားရေးကန့်သတ်ပိတ်ပင်မှုတွေကို ယင်းနှစ် စက်တင်ဘာလတွင် ဖယ်ရှားပေးခဲ့ကြောင်း။
နေရပ်စွန့်ခွာ တိမ်းရှောင်မှုများဖြစ်ပေါ်
သို့သော် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တို့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများအား ARSA (Arakan Rohingya Salvation Army) အဖွဲ့၏ စတင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်နှင့် ရခိုင် ပြည်နယ်တောင်ပိုင်း လုံခြုံသည့်နေရာများသို့ နေရပ်စွန့်ခွာ သူ အမြောက်အမြား တိမ်းရှောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း။
ယင်းကဲ့သို့ လူသားချင်းစာနာမှု အခြေအနေများ ကြောင့် နိုင်ငံတကာက ရခိုင်ကိစ္စအပေါ် အထူးအာရုံစိုက် လာကြပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး မှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်းမှ တုံ့ပြန်ဖြေရှင်းမှုနှင့် သဘောထားအမြင်များကို နိုင်ငံတကာ ဘက်မှ လျစ်လျူရှု၍ ဖိအားပေးမှုများသာ ပိုမိုပြုလုပ်ခဲ့ကြ ကြောင်း။
မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား တတ်နိုင် သမျှ အကောင်အထည်ဖော်လျက်ရှိသကဲ့သို့ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နှစ်နိုင်ငံသဘောတူညီချက်(၃)ခုကို လက်မှတ် ရေးထိုးခဲ့ကြောင်း။
ပြန်လည်ရောက်ရှိလာသူများအတွက် ကောင်းမွန် သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက်လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
အာဆီယံအနေဖြင့် ရခိုင်ပြည်နယ်တွင် ကနဦးလိုအပ် ချက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ပါအကြံပြုချက်များအား အကောင်အထည်ဖော်ရေး အတွက် ဦးစားပေးစီမံချက်(၇)ခုကို အကောင်အထည်ဖော် ရန်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ယာယီ အထောက် အကူပြုအဖွဲ့ (Ad hoc support team) တစ်ခုကို ထားရှိ ပေးရန်ရှိကြောင်း၊ ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများ၏ ယာယီစခန်းများအား စနစ်တကျပိတ်သိမ်းရေး မဟာဗျူဟာ ကိုလည်း ၁၉-၁၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ကြောင်း။
စုံစမ်းစစ်ဆေးမှုများပြုလုပ်
တာဝန်ခံမှု (Accountability) ရှိစေရေးအတွက် အစိုးရအနေဖြင့် လျစ်လျူရှုထားခြင်းမရှိဘဲ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ်‌ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့သည့်အပြင် သံအမတ်ကြီး Rosario Manalo ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် စတင် တည်ထောင်ပေးခဲ့ပြီး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း။
တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးခုံရုံးကို တည်ထောင်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ICOE ၏ တွေ့ရှိချက်အစီရင်ခံစာကို ယခုနှစ်မကုန်မီ တင်သွင်း သွားမည်ဖြစ်ကြောင်း၊ ICOE အချက်အလက်ရှာဖွေရေး အဖွဲ့အနေဖြင့် ကော့ခ်ဘဇားဘက်သို့ သွားရောက်ပြီး စုံစမ်းမေးမြန်းခွင့်ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း၊ ICOE အစီရင်ခံစာအရ သက်သေထင်ရှားသော ချိုးဖောက်မှု များ ရှိသည်ဆိုပါက ဥပဒေကြောင်းအရ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ရပ်တည်ပြောကြား ထားကြောင်း။
အစိုးရအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူ ဖြစ်ကြောင်း စိစစ်တွေ့ရှိသူများအားလုံးကို ပြန်လည် လက်ခံရန် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နှင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တို့တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လွှဲပြောင်းရန် နှစ်ဖက်စီစဉ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ခဲ့ခြင်းမရှိသည့်အတွက် အထမမြောက် ခဲ့ကြောင်း။
နေရပ်စွန့်ခွာသူများအတွက် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ဆောင်ရွက်ထားမှု အစီအစဉ်များကို သိရှိစေနိုင်ရန် ကော့ခ်ဘဇားသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ် ပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ နောက်တစ်ကြိမ် အလားတူအဖွဲ့ စေလွှတ်ရန်ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက် သို့ အဆိုပြုထားကြောင်း။
ချဉ်းကပ်စည်းရုံးနေ
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာ သူများအရေးကို ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရမည့်အစား မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးဖိအား ပိုမိုပေးနိုင်ရေးအတွက်သာ OIC နိုင်ငံများ ၏ အင်အားကိုယူ၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာပေါင်းစုံတွင် ချဉ်းကပ်စည်းရုံးနေသည်ကို တွေ့မြင်ရကြောင်း။
မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ လူ့အခွင့် အရေးကောင်စီ၊ အထူးအစီရင်ခံစာတင်သွင်းသူ၊ နိုင်ငံ တကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ လွတ်လပ် သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)၊ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံ တတိယ ကော်မတီနှင့် လုံခြုံရေးကောင်စီ စသည့်ကုလသမဂ္ဂယန္တရား (၇)ခုဖြင့် မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်လျက် ရှိကြောင်း။
ပြဿနာများအား ငြိမ်းချမ်းစွာ စေ့စပ်ဖြေရှင်းပေး ရမည့် ကုလသမဂ္ဂအနေဖြင့်လည်း ပြဿနာဖြေရှင်းရေး ထက် တာဝန်ခံမှု (Accountability) ကိစ္စပေါ်တွင် ငွေကြေး အမြောက်အမြား အကုန်ကျခံပြီး ပိုမိုအလေးထား ဆောင်ရွက်နေခြင်းကို တွေ့ရှိရကြောင်း။
ကူညီပံ့ပိုးမှုများ ကြိုဆိုသွားမည်
မြန်မာနိုင်ငံအနေဖြင့် ပြဿနာဖြေရှင်းရေးအတွက် လက်တွေ့ကျပြီး မျှတမှုရှိသော ချဉ်းကပ်မှုမျိုးဖြင့် ကူညီ ပံ့ပိုးမှုများကို ကြိုဆိုသွားမည်ဖြစ်ကြောင်း။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှ တာဝန် ပေးအပ်မှုမရှိဘဲ ရခိုင်ဒေသအခြေအနေဆိုင်ရာ ‘flash report’ တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း။
ယင်းအစီရင်ခံစာကို တရားဝင်ဖြစ်စေရေးအတွက် အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားရောက်လေ့လာစေခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် ၎င်း၏အစီရင်ခံစာတွင် ‘flash report’ ပါ အချက်အလက် များကို ကိုးကားဖော်ပြခဲ့ကြောင်း။
ယင်းအစီရင်ခံစာပေါ်အခြေခံ၍ မစ္စတာဒါရူစမန် ဦးဆောင်သည့် အဖွဲ့ဝင်(၃)ဦးပါ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း။
ကန့်ကွက်ခဲ့
မြန်မာနိုင်ငံအနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်နှင့် တရားမျှတစွာ လုပ်ဆောင်နိုင်မှုများအပေါ် ယုံကြည်မှုမရှိသည့်အတွက် ယင်းအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်ကပင် ကန့်ကွက်ခဲ့ကြောင်း။
FFM သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အစီရင် ခံစာတစ်စောင် တင်သွင်းခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများအား ICC သို့ တင်ပြရေးအတွက် တောင်းဆို ခဲ့ကြောင်း။
FFM ၏ ထောက်ခံတင်ပြချက်အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် လူ့အခွင့်အရေးကောင်စီက လွတ်လပ် သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအား တရားစွဲဆိုမည် ဆိုပါက လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနိုင်ရေး အတွက် IIM ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။
လူ့အခွင့်အရေးကောင်စီအနေဖြင့် IIM အား ဖွဲ့စည်း ခြင်းသည် ယင်း၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန် လုပ်ဆောင်နေသည့်အတွက် OIC နိုင်ငံအချို့ကပင် လက်မခံ ဘဲ ခြွင်းချက်ပြုခြင်း (Reservation) ပြုလုပ်ခဲ့ကြကြောင်း။
IIM ၏ အကြီးအကဲအဖြစ် ခန့်အပ်ထားသည့် Mr. Nicholas Koumjian က ယခုလဆန်းပိုင်းတွင် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံအား ခုံရုံးတင်ရန် ရည်ရွယ်ချက် ဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) တည်ထောင်ခြင်းကိုလည်း မြန်မာနိုင်ငံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြောင်း။
အလားတူ ကုလသမဂ္ဂ၊ အထွေထွေညီလာခံ၊ တတိယ ကော်မတီတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၇ ခုနှစ်မှစ၍ OIC နှင့် အီးယူ တို့ က ပူးတွဲပြန်လည်တင်သွင်းခဲ့ပြီး အဆိုပါအဖွဲ့ (၂) ဖွဲ့မှာ စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ (၈၅)နိုင်ငံ ပါဝင်သဖြင့် ၎င်းတို့၏ အဆိုမူကြမ်းများကို လွယ်ကူစွာ တင်သွင်းနိုင်သည့် အနေအထားတွင်ရှိနေကြောင်း။
ဆုံးဖြတ်ချက်ချမှတ်ခဲ့
ယခင်နှစ်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ‘The Situation of human rights in Myanmar’ ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့သော်လည်း ယခုနှစ် တွင်မူ ရခိုင်ပြည်နယ်မှ မွတ်စလင်များနှင့် အခြားလူနည်းစု များ၏ လူ့အခွင့်အရေးအခြေအနေ ခေါင်းစဉ်ဖြင့် အမည် ပြောင်း၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း။
ယင်းအဆိုအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်မဲ ပေးခဲ့ကြောင်း၊ (သို့သော် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ အား ICJ တွင် တရားစွဲဆိုရေးအတွက် တောင်းဆိုသည့် စာသားကို အဖွဲ့ဝင် နိုင်ငံအချို့က လိုလားကြသော်လည်း နိုင်ငံအများစုက လက်မခံသည့်အတွက် မပါဝင်ခဲ့ကြောင်း။)
အဆိုပါ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အရ တာဝန်ပေးထားသည့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးနှင့်မူ မြန်မာနိုင်ငံက ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အထူးကိုယ်စားလှယ်၏ နဝမ အကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ယခုလအတွင်း စီစဉ်ပေးခဲ့ကြောင်း။
ကုလသမဂ္ဂယန္တရားများအရ မြန်မာနိုင်ငံကို အရေးယူ နိုင်မည့် အခြေအနေမရှိသေးသည့်အတွက် OIC နိုင်ငံများ သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုလမ်းကြောင်းမှ မြန်မာနိုင်ငံအား အရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းကို ကြိုးပမ်းလာကြခြင်းဖြစ်‌ကြောင်း။
ယခု နိုဝင်ဘာလအတွင်း (လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တာဝန်ခံမှုရှိစေရေး (Accountability) အတွက်) အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှု၊ လူ့အခွင့်အရေးအဖွဲ့များက Universal Jurisdiction ‘ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့်’ မူဖြင့် အာဂျင် တီးနား ဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုမှုနှင့် အပြည်ပြည် ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး ICC က မြန်မာနိုင်ငံအပေါ် တရားဝင် စုံစမ်းစစ်ဆေးခွင့်ပြုကြောင်း အမိန့်ချမှတ်မှု များ တစ်ဆက်တည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ တစ်ချိန်တည်း တွင် လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) ကလည်း သက်သေအချက်အလက်များ ရှာဖွေစုဆောင်းမှုများ ပြုလုပ် လျက်ရှိကြောင်း။
ICC နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် Rome Statute ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် မြန်မာနိုင်ငံအပေါ် စီရင်ခွင့်အာဏာမရှိကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် တရားဝင် ထိတွေ့ဆက်သွယ်ဖြေရှင်းမည် မဟုတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်များအား သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစည်းအဝေး များ၌ ထုတ်ဖော်ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအား ICC တွင် အရေးယူ နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်ဖြင့် လွှဲပြောင်းပေးမှသာ ဖြစ်နိုင်ကြောင်း။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း အဖွဲ့ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူများ အစုလိုက် အပြုံလိုက် မောင်းထုတ်မှု ဖြစ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို အကြောင်းပြ၍ ICC တရားရုံး Prose-cutor တစ်ဦး၏ လျှောက်ထားချက်အရ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း။
မဟုတ်မမှန်စွပ်စွဲထားသည့် ကိစ္စဖြစ်
“Universal Jurisdiction”မူအရ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော် ခေါင်းဆောင်များအား လူသားမျိုးနွယ်များ အပေါ် ကျူးလွန်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ကာကွယ်တားဆီးအပြစ်ပေးအရေးယူခြင်း မပြုလုပ်ခဲ့သည့် အတွက် လူ့အခွင့်အရေးအဖွဲ့များက အာဂျင်တီးနား ဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကိစ္စမျိုးဖြစ်ပါက မည်သည့် နိုင်ငံကမဆို အရေးယူခွင့်ရှိရမည်ဆိုသည့် “Universal Jurisdiction” မူဖြင့် မဟုတ်မမှန် စွပ်စွဲထားသည့် ကိစ္စ ဖြစ်ကြောင်း။
ယင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းခြင်းပြုမည်မဟုတ်ကြောင်း၊ သို့သော် မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများမှာ လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ကြောင်းနှင့် ပကတိဖြစ်ရပ်မှန်များကို သံတမန်လမ်းကြောင်းအရ နိုင်ငံတကာကို ဆက်လက် ရှင်းလင်းပြောကြားမှုများ ပြုလုပ်သွားမည်သာဖြစ်ကြောင်း။
တရားဝင်အသိပေး အကြောင်းကြားလာ
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ ၌ တရားစွဲဆိုကြောင်းကို ICJ မှ မြန်မာနိုင်ငံအစိုးရဘက်သို့ တရားဝင်အသိပေး အကြောင်း ကြားလာကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အရေးကိစ္စများတွင် မြန်မာနိုင်ငံသည် Genocide ကွန်ဗင်းရှင်းဟု ခေါ်ဆိုသည့် ကုလသမဂ္ဂ၊ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရေးနှင့် အရေးယူအပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းအား လိုက်နာမှု မရှိဟူသည့် စွပ်စွဲချက်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အပြီးသတ်စီရင်ချက်မချမှတ်မီ “Provisional Measures” ဟုခေါ်သည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ဆောင်ရွက် ရေးအတွက် အမိန့်ချမှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း။
ICJ ရှေ့မှောက် ရင်ဆိုင်ရသည့်အမှုတစ်ခုအနေဖြင့် ဖြေရှင်းရသော အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်လေ့ရှိရာ ယခုဖြစ်ပေါ်နေသည့် အခြေအနေကို ပိုမိုဆိုးရွားမလာစေရန် ကာကွယ်တားဆီးရေးအတွက် အဆိုပါ Provisional Measures ကို ရက်တိုအတွင်း ချမှတ်ရန် တောင်းဆိုလာခြင်းဖြစ်ကြောင်း။
အချိန်ဇယားသတ်မှတ်
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ နှင့် ဂမ်ဘီယာနိုင်ငံတို့မှ နှုတ်ဖြင့်လျှောက်လဲချက် တင်သွင်း ရန် အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယား သတ်မှတ်ခဲ့ကြောင်း။
ကုလသမဂ္ဂပဋိညာဉ်အရ အပြည်ပြည်ဆိုင်ရာ တရားရုံး သည် ကုလသမဂ္ဂ၏ တရားစီရင်ရေးဆိုင်ရာ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး သည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အလိုအလျောက် အဖွဲ့ဝင်များ ဖြစ်ကြကြောင်း၊ ICJ အနေဖြင့် အဖွဲ့ဝင်နိုင်ငံ များအကြား ဥပဒေအရ အငြင်းပွားမှုရှိပါက ဖြေရှင်းဆုံးဖြတ် ပေးသည့် တရားရုံးဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် Genocide ကွန်ဗင်းရှင်း၏ အဖွဲ့ဝင် လည်းဖြစ်ကြောင်း၊ ယင်းကွန်ဗင်းရှင်း၏ အခန်း (၉) အရ ကွန်ဗင်းရှင်းကို လိုက်နာခြင်းနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များအကြား အငြင်းပွားမှုများပေါ်ပေါက်ခဲ့ပါက အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) သို့ တင်သွင်းနိုင်သည်ဟု ဖော်ပြ ထားကြောင်း။
ထို့ပြင် ICJ ၏ စာချုပ်၊ အပိုဒ် ၅၃(၁)အရ တစ်ဖက် အမှုသည်နိုင်ငံသည် တရားရုံး၌ သွားရောက်အမှုရင်ဆိုင် ခြင်းမရှိလျှင် သို့မဟုတ် အမှုကို ကာကွယ်ချေပခြင်း မရှိလျှင် အခြားတစ်ဖက် အမှုသည်နိုင်ငံက အမှုကို ယင်းအား အနိုင်ပေးဆုံးဖြတ်ရန် တရားရုံးသို့ တောင်းဆို နိုင်မည်ဖြစ်ကြောင်း။
ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ ဂမ်ဘီယာ နိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်ခဲ့ခြင်း မရှိသော်လည်း အစ္စလာမ်ဘာသာဝင်များအရေးနှင့် ပတ်သက်၍ ဂမ်ဘီယာ နိုင်ငံသည် OIC အတွင်း တက်ကြွစွာပါဝင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း။
ရခိုင်အရေးကိစ္စကို ဖြေရှင်းရေးအတွက် OIC က ယမန်နှစ် မေလအတွင်း ဒါကာမြို့တွင် ကျင်းပခဲ့သည့် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေး တွင် ဖွဲ့စည်းခဲ့သည့် ဝန်ကြီးအဆင့် ad hoc ကော်မတီ တစ်ရပ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်ခဲ့ကြောင်း။
ဂမ်ဘီယာနိုင်ငံက OIC ကိုယ်စား မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုရန် တိုက်တွန်းခဲ့ကြောင်း၊ မေလကုန် တွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် OIC ထိပ်သီးညီလာခံ တွင် အတည်ပြုခဲ့သည့် အပြီးသတ်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း။
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၃-၁-၂၀၁၁ ရက်နေ့တွင် သံတမန်ဆက်ဆံမှု တည်ထောင်ထားသည်မှ အပ နှစ်နိုင်ငံဆက်သွယ်မှု မရှိသလောက် နည်းပါးသည့် နိုင်ငံဖြစ်ကြောင်း။
ရှေ့နေများ ငှားရမ်းထားပြီးဖြစ်
မြန်မာနိုင်ငံအနေဖြင့် ယင်းအမှုအား ရင်ဆိုင်ဖြေရှင်း သွားရန် ကျွမ်းကျင်သည့်ရှေ့နေများ၊ ဥပဒေအကြံပေးများ ငှားရမ်းထားပြီးဖြစ်ကြောင်း။
ICC သည် နိုင်ငံတကာပြစ်မှုကျူးလွန်သူကို ပစ်မှတ် ထား၍ ICJ သည် လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ် တားဆီးမှုနှင့် အရေးယူဆောင်ရွက်မှု မရှိခြင်းတို့အတွက် နိုင်ငံတော် (State) ကို အရေးယူမှု ပြုလုပ်လာနိုင် ကြောင်း။
သို့ဖြစ်ရာ ICJ တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် စနစ်တကျပြင်ဆင်၍ ဖြစ်ရပ်မှန် များ တင်ပြနိုင်ရေးနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု များနှင့် လက်ရှိနိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို အစိုးရအဖွဲ့ဝင်များသာမက အများ ပြည်သူ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းတင်ပြ ရာတွင်-
တရားစွဲဆိုမှုတစ်ခု တင်သွင်း
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံအား အပြည်ပြည် ဆိုင်ရာတရားရုံးတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် တရားစွဲဆိုမှုတစ်ခု တင်သွင်းခဲ့ကြောင်း။
စွပ်စွဲချက်များ
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုအပေါ်တွင် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ် ခဲ့ခြင်း၊ ထိုလူမျိုးစု၏ တရားဝင်ရပိုင်ခွင့်များကို ပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့အားဆန့်ကျင်သည့် အမုန်းတရား များကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစုများကို အစုအဖွဲ့တစ်ခု အဖြစ် ပစ်မှတ်ထား၍ အစုလိုက်၊ အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်နေခြင်း၊ နယ်မြေရှင်းလင်း သည့် စစ်ဆင်ရေးများကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် တွင် ပြန်လည်စတင်ခဲ့ခြင်း၊ ထိုလူမျိုးစုအား လူမျိုးတုံး သတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပွား နေခြင်း စသည်တို့ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များမှာ မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ် ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း ၁၉၄၈) ၏ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့အရ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဟူ၍ ဖြစ်ကြောင်း။
ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်များ
ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်များမှာ မြန်မာ နိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုးတုံးသတ်ဖြတ် မှုကျူးလွန်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဂ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ (ဃ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)အား ချိုးဖောက်၍ လူမျိုးတုံး သတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့အရ လူမျိုးတုံးသတ်ဖြတ် မှုအား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၅)အရ လူးမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ(၃)တွင် ပြဋ္ဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူ များအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ် သော ပြဋ္ဌာန်းထားမှုမရှိခြင်းတို့ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြောင်း။
တောင်းဆိုထားသော အချက်များ
ထို့ပြင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)အနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ရန် တောင်းဆိုထားသော အချက်များမှာ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ချမှတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှုဥပဒေအား လိုက်နာအကောင် အထည်ဖော်ရန် မြန်မာနိုင်ငံမှ လိုအပ်သည့် ဆောင်ရွက် ရမည့်
ကိစ္စအားလုံးကို အမြန်ဆုံးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ တပ်မတော်၊ တပ်မတော်အား အထောက်အကူပြုသည့် လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ သာမက အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန်၊ လျှောက်ထား ချက်တွင် ဖော်ပြထားသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သော သက်သေများအား မြန်မာနိုင်ငံအနေဖြင့် ဖျက်ဆီးခြင်းမပြုရန်၊ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့ အနေဖြင့် မည်သည့်လက်တုံ့ပြန် ဆောင်ရွက်ချက်မျှ မပြုလုပ်ရန်နှင့် လျှောက်ထားချက်တွင် ပါရှိသော လက်ရှိ အငြင်းပွားမှုအား ပိုမိုဆိုးရွားစေမည့် မည်သည့်ဆောင် ရွက်ချက်ကိုမှ မပြုလုပ်ရန်၊ မြန်မာနှင့် ဂမ်ဘီယာ နှစ်နိုင်ငံ မှ ကြားဖြတ်စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှု အစီရင်ခံစာအား ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ စတင်ချမှတ်သည့် နေ့မှစ၍ (၄)လ ထက် နောက်မကျစေဘဲ တရားရုံးသို့ တင်ပြရန် စသည်တို့ ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ကြားဖြတ် စီမံဆောင်ရွက်ချက် ချမှတ်ရန် လိုအပ်သည့် အကြောင်း ပြချက်များအဖြစ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသည့် လူမျိုးစုဝင်များအား သတ်ဖြတ်ခြင်း၊ အဆိုပါလူမျိုးစု၏ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုခြင်းနှင့် အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုပုံစံများဖြင့် ထိခိုက်စေခြင်း၊ ထိုလူမျိုးစုဖြစ်သည် ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသား၊ အမျိုးသမီး များနှင့် ကလေးသူငယ်များအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် အခြားသော ရက်စက်သည့် ပြုမူဆက်ဆံ ခြင်းများ ခံစားရစေခြင်း၊ ထိုလူမျိုးစုအား တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်၍ အစားအစာ၊ နေအိမ်နှင့် အခြားမရှိမဖြစ် လိုအပ်သော အရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ ဖြတ်တောက် ခြင်းများကို မြန်မာနိုင်ငံက ဆောင်ရွက်ခဲ့သည်ဟု တင်သွင်း ထားကြောင်း။
ခြွင်းချက်ကြေညာခြင်း နှစ်ခုပြုလုပ်
ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ယင်းကွန်ဗင်းရှင်းကို ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်တွင် Ratification အသက်ဝင်ခဲ့ပြီး ယင်းနေ့တွင်ပင် ခြွင်းချက်ကြေညာခြင်း (Reservation/Declaration) နှစ်ခု ပြုလုပ်ခဲ့ကြောင်း။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားနာမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာ နိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ၁၁ ရက်တွင် မြန်မာ နိုင်ငံက ပထမအကြိမ်ထွက်ဆိုခြင်း၊ ၁၂ ရက်တွင် ဂမ်ဘီယာ နိုင်ငံနှင့် မြန်မာနိုင်ငံတို့က ဒုတိယအကြိမ် ပြန်လည် ထွက်ဆိုခြင်း ပြုလုပ်မည်ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန် ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင် သည့် ဥပဒေပညာရှင် ရှေ့နေကြီးများ ငှားရမ်းထားပြီး ဖြစ်ကြောင်းဖြင့် ရှင်းလင်းတင်ပြပါသည်။
ကိုယ်စားလှယ်များခန့်အပ်ထား
သာမန်အားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရင်ဆိုင်ဖြေရှင်းကြရာ၌ သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးများကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ဆောင်ရွက် လေ့မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်ကို ကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆို ခံရခြင်းနှင့် ပတ်သက်သည့် အရေးကိစ္စအားလုံးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထား ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကို ပူးတွဲ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ မြန်မာနိုင်ငံ ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment