Monday, November 18, 2019

အားလုံးအတွက် အကောင်းဆုံးဆု

အယ်ဒီတာ့အာဘော်
----------------------

မကြာသေးမီကထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှုအရှိဆုံး နိုင်ငံစာရင်း၌ မြန်မာနိုင်ငံသည် အတိုးတက်ဆုံးနိုင်ငံ ၂၀ စာရင်းတွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် လွယ်ကူစေသည့်အဆင့်တွင် ပြည်သူ့အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိရာမှ လက်ရှိတွင် အဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် စီးပွားရေး စတင်လုပ်ကိုင်ရာ၌ အလွယ်ကူဆုံးအဆင့် စတုတ္ထအဆင့်တွင် ရှိနေသည်။
ထိုသို့ရှိနေသော်လည်း တိုးတက်မှုတွင် လိုအပ်ချက်များရှိနေသေး သည်။ အစိုးရအနေဖြင့် နိုင်ငံ၏လူမှုစီးပွားရေးတစ်ခုလုံး တိုးတက်လာအောင် လုပ်ဆောင်သွားမည့် မဟာဗျူဟာလုပ်ငန်းစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ကို ရေးဆွဲချမှတ် အကောင်အထည်ဖော်နေသည်။ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် စတင်ထူထောင်လုပ်ကိုင်သည့်အဆင့်မှ စီးပွားရေးဝန်းကျင်တစ်ခုလုံး လုပ်သာကိုင်သာရှိသည့် လွယ်ကူချောမွေ့ စေမည့် အစီအမံများကိုလည်း စနစ်တကျချမှတ်ဆောင်ရွက်နေသည်။
တစ်ဖက်တွင် ၂၁ ရာစု လူငယ်မျိုးဆက်သစ်များအပါအဝင် စီးပွားရေး နယ်ပယ်တစ်ခုလုံးအတွက် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်း ပြင်ဆင်သည့် ရည်ရွယ်ချက်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ မျက်မှောက်ကာလ စွန့်ဦးတီထွင်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို ဝမ်းမြောက်ဖွယ် တွေ့မြင်နေရသည်။ နိုဝင်ဘာလ ၁၆ ရက်က မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် စတုတ္ထ အကြိမ်မြောက် Myanmar Entrepreneurship Summit 2019 အခမ်းအနား တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်ကြီး ရေရှည်ငြိမ်းချမ်း ဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ် မျိုးဆက်သစ်များ တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ဖို့ အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
လူငယ်လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့်အနာဂတ်ကို ပြည်သူ့ အစိုးရက အပြည့်အဝယုံကြည်သည့်အတွက် အစိုးရ၏ အစဉ်တစိုက် အားပေးမည့် နိုင်ငံရေးသန္နိဋ္ဌာန် အခိုင်အမာချထားပြီး ဖြစ်သည်။ ထို့ကြောင့် လူငယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များနှင့် တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါအခမ်းအနားတွင် မေတ္တာရပ်ခံထားသည်။ လူငယ်များသည် လူကြီးများထက် ပိုမိုဆန်းသစ်သည့် အတွေးအခေါ်များ၊ လုပ်ဆောင်နိုင်မှု စွမ်းအားများ၊ တီထွင်ဖန်တီးမှုများ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများရှိရာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
မြန်မာလူငယ်များသည် အာဆီယံစီးပွားရေးထူးချွန်ဆု ၂၀၁၉ အတွက် ဒစ်ဂျစ်တယ်စနစ်ဆောင်ရွက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးထူးချွန်ဆု၊ လုပ်ငန်းစတင်ထူထောင်မှုနှင့် တီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆုတို့ကို ရယူပေးနိုင်ခဲ့သည်။ ယခုအခမ်းအနားတွင် လူငယ်လုပ်ငန်းစတင်ထူထောင်သူ ထူးချွန်ဆု၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ထူးချွန်ဆု၊ လူမှုအကျိုးပြုလုပ်ငန်းရှင်ထူးချွန်ဆု၊ အားလုံးပါဝင်အောင် စွမ်းဆောင်နိုင်သည့် စီးပွားရေးထူးချွန်ဆု၊ နည်းပညာတီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆု ဆုအမျိုးအစားငါးမျိုး ချီးမြှင့်ခဲ့သည်။
သို့ဖြစ်ရာ ပြည်သူ့အစိုးရလက်ထက်တွင် လူငယ်များအနေဖြင့် အားလုံးရရှိနိုင်သော အကောင်းဆုံးဆုဖြစ်သည့် မြန်မာနိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို မျက်ခြည်မပြတ် ကြိုးပမ်း အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment