မှန်းဆဝေသီ အိုင်အာဆရာကန်တော့ပွဲဆီသို့
============================
တစ်ချိန်တုန်းဆီကအညာဒေသ၏ဆောင်းသည် အေးမြမြ၊ ကြည်လင် အေးမြလှသည့်ရာသီတွင် နံနက်စောစော တစ်ကိုယ်တည်း လမ်းလျှောက်ရသည်မှာ ကိုယ်စိတ်ရွှင်လန်းရသလို စိတ်ကူးတို့သည်လည်း လွတ်လပ်စွာ စီးမျောနိုင်၏။ ဆောင်းရာသီ လတ်ဆတ်သည့်လေအေးတို့သည် နှလုံးသားကို လန်းဆန်းစေသည်။ မန်းတက္ကသိုလ်၏ နံနက်စောစောသည် ဆိတ်ငြိမ်အေးဆေးစွာ။ လမ်းလျှောက်ရင်း တိုင်လုံးကြီးများဖြင့် ခံ့ညားလှသည့် မန်းတက္ကသိုလ် ပင်မအဆောက်အဦကြီးကို ဣန္ဒြေသိက္ခာ ကြီးမားစွာ မြင်ရသည့်အခါ လွမ်းမိသည်။ တစ်ချိန် တစ်ခါက အတိတ်ကို လွမ်းမိပါ၏။ လွမ်းမောဖွယ် အတိတ်တို့သည် စိတ်ရေယဉ်ကြော လူးလွန့်လာသည်။ ပြောင်းလဲခြင်းသဘာဝတရားများတွင်မှ မပြောင်းလဲ နိုင်သည့် သဘာဝလွန်အရာတစ်ခုဟု မှတ်ထင်စရာ။ တက္ကသိုလ်ကြီးကတော့ မပြောင်းမလဲ။ ပြောင်းလဲနေ သည်မှာ မိမိတို့သာ ဖြစ်ပါ၏။
တစ်ခါတုန်းက တက္ကသိုလ်ဆိုပေမယ့် ရင်ထဲမှာတော့ တစ်ဘဝလုံးအတွက် တက္ကသိုလ်ဖြစ်နေသည်မှာ ကိုယ်တိုင်သာ အသိဆုံး။ ဤကျောင်းတော်၊ ဤဌာန၊ ဤဆရာများ၏ မေတ္တာ၊ စေတနာတို့မှာ အနန္တ။ ဆရာကို ပါဠိလိုအားဖြင့် “အာစရိယ” ဟု ခေါ်ဆိုပြီး “သိဿာနံ ဟိတံ အာစရတီတီ အာစရိယော” ဟု ဝိဂြိုဟ်ထားကာ အဓိပ္ပာယ်မှာ “ဆရာဆိုသည် တပည့်တို့၏ အကျိုးစီးပွားကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသူ” ဟု မှတ်သား ဖူးပါသည်။ ထိုထိုသော ဆရာတို့၏ အနန္တမေတ္တာတို့ အတွက် ဒီဇင်ဘာလတွင်ကျင်းပသည့် အိုင်အာဌာန ဆရာ ကန်တော့ပွဲသို့ တစ်နှစ်မှတစ်ခေါက် ယနေ့ ဤ ကျောင်းတော်ကြီးထံ ပြန်ရောက်လာကြရပြန်ပေပြီ။ အမိရင်ခွင် ရောက်ပြန်တော့လည်း ပီဘိကလေးငယ်များ ပမာ စိတ်ရောကိုယ်ပါ နုပျိုသကဲ့သို့ ခံစားရသည်။ ပျော်ရွှင်ရသည်။ ကြည်နူးကြရပါ၏။
အတိတ်တို့သည် ပစ္စပ္ပုန်သို့ ပြည်လည်ရောက်ရှိလာ သကဲ့သို့ အရာရာသည် အချိန်ကာလယန္တရား၏ ဘောင်ကို ကျော်လွန်လာသည်။ လွန်ခဲ့သော ဆယ်စုနှစ် များဆီက တစ်နှစ်ဖြစ်သည့် ၁၉၈၄ ခုနှစ်ဆီက။ ယခုလို မြူနှင်းလွလွ အေးမြမြဆောင်းရာသီ ဒီဇင်ဘာလတွင်။
မန်းရတနာပုံမှ မန္တလာတက္ကသိုလ် ဤကျောင်းတော် ကြီးတွင် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာအုပ်ချုပ် ရေးဘာသာရပ်ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်း နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဟု အမည်ပြောင်းလဲခဲ့၏။ ယခုဆိုလျှင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ဖွင့်လှစ်သင်ကြားပေး နေသည်မှာ နှစ်ပေါင်း ၃၅ နှစ် ရှိလေပြီ။
စတင်ဖွင့်ချိန်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁၀၀ နှင့် မန္တလေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁၀၀ လက်ခံဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က အိုင်အာကျောင်းသားများ ဝင်ခွင့်လက်ခံရာ တွင် တက္ကသိုလ်ဝင်ခွင့်အမှတ်သာမက လူတွေ့စစ်ဆေးခံ ရသည်။ စိတ်ပညာဖြေဆိုရသည်။ ယခုအခါ မြန်မာပြည်အနှံ့ရှိ တက္ကသိုလ် ခုနစ်ခုတွင် အိုင်အာဘာသာရပ် ဖွင့်လှစ် သင်ကြားပေးနေပြီ။ အိုင်အာဘာသာရပ်ကို မြန်မာနိုင်ငံ တွင် ယခင်က နှစ်ကြိမ်ဖွင့်လှစ်ခဲ့ဖူးကြောင်း ဆရာကြီး ဦးမောင်မောင်လေး၏ အိုင်အာနှင့်မြန်မာ့တက္ကသိုလ်ပညာ ဆောင်းပါးအား ဖတ်ရှုမှတ်သား သိရှိရပါသည်။
၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်နှင့် ၁၉၅၉ ခုနှစ်တွင် တစ်ကြိမ် ဖွင့်လှစ်ခဲ့ဖူးကြောင်း သိရသည်။ ထိုမှတစ်ဆင့် ၁၉၈၄ ခုနှစ်တွင်မှ အိုင်အာဘာသာရပ်ကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အိုင်အာပါရဂူဘွဲ့ (Ph.D)အထိ ပေးအပ်နိုင်ခဲ့သည်။ နိုင်ငံ့အတွက် အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်သည့် အတွက် ဝမ်းသာရပါ၏။ နိုင်ငံအတွက် လိုအပ်သော လူသားရင်းမြစ်များ မွေးထုတ်ပေးနိုင်ခြင်းသည်ပင် နိုင်ငံ၏အနာဂတ်လှပရေးအတွက် အလားအလာကောင်းဟု ယုံကြည်မိပါသည်။
မိမိတို့တက္ကသိုလ်စတက်ချိန်က ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့်အပါအဝင် ဆရာကြီး ဆရာမကြီးများက တပည့်များကို မျှော်လင့်ချက်ကြီးစွာ လေ့ကျင့်သင်ကြား ပေးခဲ့သည်ကို အမှတ်ရမိသည်။ ဆရာများက အိုင်အာ ကျောင်းသားတွေဆိုတာ နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက် ကြရမှာ၊ ဒါကြောင့် အင်္ဂလိပ်စာကောင်းရမယ်ဟု ဆိုကာ သင်ပေးခဲ့ကြသည်။
seminar များ ကျင်းပပေးသည်။ နိုင်ငံတကာ အတွေ့ အကြုံရစေရန်ဆိုကာ လေ့လာရေးခရီးကိုပင် ထိုအချိန်က ဟိုတယ်နှင့်ခရီးဝန်ကြီးဌာက Tourist Burma ကားဖြင့် ပို့ပေး သည်။ အဆင့်မြင့်ဟိုတယ်မှာ တည်းရန်စီစဉ်ပေးသည်။ ပုဂံဘုရားဖူး ခရီးစဉ်တစ်လျှောက် လေ့လာရေးကို အင်္ဂလိပ် လိုသာ ရှင်းပြသည်။ နိုင်ငံခြားအစားအသောက် စားတတ်ရန် အတွက် ဇွန်း၊ ခက်ရင်း ကိုင်ပုံကိုင်နည်းမှအစ သင်ပေးခဲ့ သည်ကို ပြန်လည်တွေးမိသည့်အခါ တပည့်များအပေါ် ထားရှိသည့် ဆရာကြီး ဆရာမကြီးတို့၏ စေတနာနှင့် မျှော်မှန်း ချက်မှာ အတိုင်းမသိပင်။ ထိုအတွက် ဆရာကြီး ဆရာမကြီး တို့ကို အချိန်တိုင်း လေးစားမြတ်နိုး တန်ဖိုးထားရပါ၏။
ထိုအချိန်က ဆရာကြီးများဖြစ်သော ဆရာကြီး ဒေါက်တာခင်မောင်ညွန့်၊ ဆရာကြီး ဦးအောင်ဝင်း၊ ဆရာကြီး ဦးမောင်မောင်လေး၊ ဆရာကြီး ချစ်ခင်၊ ဆရာကြီး အက်စ်ဇာပန်း၊ ဆရာမကြီးများတွင် ဆရာမကြီး ဒေါ်မြမြ၊ ဆရာမကြီး ဒေါ်စောခင်ကြီး၊ ဆရာမကြီး ဒေါ်ခင်ငြိမ်းတို့ကို သက်ရှည်ကျန်းမာစွာ တွေ့ရသည်။ ဆရာကြီး ဆရာမကြီး များကို သက်ရှည်ကျန်းမာစွာ မြင်တွေ့ရသည့်အခါ များစွာ ဝမ်းသာကြည်းနူးရပါ၏။
ဆရာကြီး ဆရာမကြီးများ ကျန်းမာချမ်းသာပါစေ ကြောင်းလည်း ဆုတောင်းရပါသည်။ ကွယ်လွန်သွားကြ သည့် ဆရာမကြီး ဒေါ်လှကြည်၊ ဆရာမကြီး ဒေါ်ခင်ထွေးရီ၊ ဆရာကြီး ဦးတင်မောင်ဌေးနှင့် ဆရာကြီး ဦးအောင်မြင်၊ ဆရာမကြီး ဒေါ်မြင့်မြင်ခင်တို့အတွက်လည်း ဝမ်းနည်း ကြေကွဲကြရ၏။ တပည့်များအတွက် အစားထိုးမရသည့်ဆုံးရှုံးမှုများပင် ဖြစ်သည်။ ထိုဆရာကြီး ဆရာမကြီးများမှာ မန္တလေးတက္ကသိုလ် အိုင်အာဌာနကို စတင်ထူထောင်ခဲ့ သူများ၊ ပဲ့ကိုင်ရှင်များပင် ဖြစ်သည်။
ယခုအခါ မန်းတက္ကသိုလ် အိုင်အာဌာန၏ရင်ခွင်မှ ထွက်ခွာခဲ့ကြသော သားသမီးတို့သည် မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့၊ လုပ်ငန်းအသီးသီး၊ တာဝန်အသီးသီးဖြင့် ခြေဆန့် နေကြလေပြီ။ အမိဌာနကြီးကတော့ မျိုးဆက်သစ် သားငယ် သမီးငယ်များကို ပြုစုပျိုးထောင် မြေတောင်မြှောက် နေဆဲပင်။ တစ်ခါတစ်ရံတော့ မိခင်ကြီးသည် တစ်ချိန် တစ်ခါက သားသမီးများကို မျှော်ရှာပေလိမ့်မည်။ လွမ်းရှာ ပေလိမ့်မည်။ ပူပန်ရှာပေလိမ့်မည်။ မိခင်၏မေတ္တာကို ကိုယ်ချင်းစာကြည့်မိတော့ ကိုယ်ကိုယ်တိုင် ခံစားရပါ၏။ မိမိကိုယ်တိုင်သည်ပင် မိခင်ကြီး၏ရင်ခွင် ခိုဝင်ခဲ့ဖူး သည်ပဲလေ။
အိုင်အာဘာသာရပ် စတင်ဖွင့်လှစ်စဉ်က တက်ရောက် ခဲ့ကြသော ကျောင်းသားများသည် ယခုအခါ အိုင်အာဌာနကို ဆက်လက်တာဝန်ယူနေကြပြီ ဖြစ်သည်။ ပခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူကြသည်မှာ သမိုင်းပေးတာဝန် ဟုလည်း ဆိုနိုင်ပါ၏။ နိုင်ငံ၏နယ်ပယ်ကဏ္ဍအသီးသီးတွင် ရောက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် အိုင်အာ ကျောင်းသားများကို မြင်တွေ့ရသည့်အခါ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်တဲ့ နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်ကြပါစေဆိုသည့် ဆရာကြီး ဒေါက်တာခင်မောင်ညွန့်၏ ဆုတောင်းစကားကို ပြန်လည်ကြားယောင်မိသည်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်အပါအဝင် ဆရာကြီး ဆရာမကြီးများ ထုဆစ်ပုံဖော်ခဲ့သော လက်ရာတို့သည် ယခုအခါ သက်ဝင်လှုပ်ရှားနေကြလေပြီ။
ဒီဇင်ဘာလရောက်တိုင်း မန္တလေးတက္ကသိုလ် အိုင်အာ ဌာနက ဦးစီး၍ ဆရာကန်တော့ပွဲ ကျင်းပလာသည်မှာ နှစ်စဉ် နှစ်တိုင်း မပျက်မကွက်ခဲ့ကြ။ ဦးစီးကျင်းပခဲ့သောသူများကို အထူးလေးစားရသည်။ လူအား၊ ငွေအား၊ စိတ်အား၊ အချိန် တို့ ရင်းနှီးရသည်။ ဆရာကန်တော့ပွဲနှင့်ပတ်သက်၍ မှတ်သားဖူးပါသည်။ ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူး ဆွတ်ခူးတော်မူခဲ့သည့် အရှင်သာရိပုတ္တရာ၏ ဆရာအပေါ် လေးစားမြတ်နိုးမှုမှာ အတုယူစရာပါ။ အရှင်သာရိ ပုတ္တရာလောင်း ဥပတိဿသည် ပဉ္စဝဂ္ဂီငါးဦးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် အရှင်အဿဇိထံမှ ယေဓမ္မာ ဟေတုပ္ပ ဘဝါ စသောဂါထာကို ကြားနာလိုက်ရသဖြင့် သောတာပန် တည်ခဲ့၏။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် အရှင် အဿဇိ ရဟန္တာအရှင်မြတ်အား ဆရာတစ်ဆူအဖြစ် အလေးအမြတ်ထားကာ ကျိန်းစက်သည့်အခါတွင်လည်း အရှင်အဿဇိမထေရ်ရှိရာအရပ် ဦးခေါင်းထားကာ ကျိန်းစက်လေ့ရှိ၏ဟု မှတ်သားခဲ့ရပါသည်။
ယခုကဲ့သို့ ဆရာကန်တော့ပွဲတွင် ဆရာများကန်တော့ ရသည်မှာ စိတ်ချမ်းမြေ့မှုအရှိဆုံး အချိန်ပင်ဖြစ်သည်။ ဆရာကြီး ဆရာမကြီးများ၏ ရင်တွင်းစကားသံများ၊ ဆုတောင်းစကားများ၊ ဆုံးမစကားများသည် တပည့်များ အတွက် ခွန်အားတွေပင် မဟုတ်ပါလား။
ဆရာကန်တော့ပွဲတွင် ဆရာကြီး ဆရာမကြီးများ၏ ဆရာ့ဂုဏ်၊ ပညာ့ဂုဏ်တို့အတွက် ဦးနှိမ်ကန်တော့ရသည် သာမက မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များအကြား ပညာများ၊ အတွေ့အကြုံများ၊ သင်ခန်းစာများကိုလည်း မျှဝေနိုင်ကြသည်။ ပညာဆိုသည်မှာ ကျောင်းစာသင်ခန်းမ အတွင်းသာ သင်ယူရ၊ ရှာဖွေရ၊ လေ့လာရသည့် အခြေအနေ မဟုတ်တော့။
တစ်နည်းအားဖြင့် formal education ဆိုသည့် ကျောင်းတွင်းပညာရေးသာမက informal ၊ non- informal ဆိုသည့် ကျောင်းပြင်ပပညာရေးများကိုလည်း ဆက်လက် လေ့လာဆည်းပူးကြရန် လိုအပ်နေပါသည်။ သို့မှသာ တစ်သက်တာ ဆည်းပူးလေ့လာခြင်း၊ စဉ်ဆက်မပြတ် ပညာ သင်ယူခြင်း ရရှိနိုင်မည်မဟုတ်ပါလား။
တက္ကသိုလ်ဆိုသည်မှာ အတွေးအခေါ်တို့ ပေါက်ဖွားရာ၊ တီထွင်ဆန်းသစ်မှုတို့ မွေးဖွားရာ ဘူမိနက်သန် ဖြစ်ပေသည်။ အမိဌာနကြီးက ပညာသင်ကြားပေးရသည့် ရည်ရွယ်ချက်၊ ဆရာကြီး ဆရာမကြီးတို့၏ ပညာသင်ကြားပေးခဲ့ခြင်း ရည်ရွယ်ချက်၊ မိမိတို့ကိုယ်တိုင်၏ ပညာဆည်းပူးရခြင်း ရည်ရွယ်ချက်များ ထပ်တူကျ၊ မကျ ဆန်းစစ် ကြည့်မိသည်။
ထိုအခါ နှင်းမြူလွလွ မန္တလာဆောင်း၏ အေးမြမှုတွင် မိမိ၏အတွေးများကတော့ မအေးမြနိုင်။ အတွေးများက နှင်းမြူမှုန်များနှင့်အတူ ဝေဝါးလှသည်။ တက္ကသိုလ်မြေသို့ ပြန်လည်ခြေချမိချိန်တွင်တက္ကသိုလ်တက်ရသည့် ရည်ရွယ် ချက်၊ တက္ကသိုလ်တက်ရသည့်တန်ဖိုး၊ ပညာ၏ရည်ရွယ်ချက်၊ ပညာ၏တန်ဖိုးတို့ကို စဉ်းစားနေမိသည်။ ပညာသင်ကြား ခြင်းနှင့် ပညာအသုံးချခြင်း ကွာခြားချက် မည်သို့နည်း။ ပညာသင်ကြားသူအဖြစ်မှ ပညာကိုအသုံးချနိုင်သူဖြစ်မှ လည်း ပညာ၏တန်ဖိုးရရှိမည်ဟု ယုံကြည်မိပါသည်။
တက္ကသိုလ်တွင် ဆရာကြီး ဆရာမကြီးများထံမှ ပညာသင်နှစ်ကာလများအတွင်း ပညာသင်ယူခဲ့ရ၊ ဆည်းပူး ခဲ့ရသည့် ပညာများကို ပြန်လည်အသုံးချနိုင်ခွင့်များရရှိရန် မျှော်မှန်းမိသည်မှာ အိုင်အာကျောင်းသားဟောင်း တစ်ယောက်၏ မျှော်မှန်းချက်ဖြစ်သည်သာမက ယခု တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူများနှင့် နောင်တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အတွက်လည်း ဖြစ်ပါသည်။
ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က လူငယ်များ ရေကြည်ရာမြက်နုရာ နိုင်ငံရပ်ခြားထွက်ခွာသည်ကို နားလည်ပါသည်။ ထို့အတူ ကိုယ့်နိုင်ငံတွင်းမှာလည်း ရေကြည်ရာမြက်နုရာ ဖန်တီးကြဖို့ လိုအပ်ကြောင်း မှာကြားခဲ့ဖူးသည်ကို မှတ်သားမိနေပါ၏။ ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းနိုင်ရန်ဆိုပါက ပညာရှင်များ၊ ကျွမ်းကျင် သူများ ကဏ္ဍတိုင်းတွင် များစွာလိုအပ်နေဆဲ ဖြစ်ပါသည်။ တက္ကသိုလ်များက မွေးထုတ်ပေးလိုက်သည့် နိုင်ငံတွင်းရှိ လူသားရင်းမြစ်များကို နေရာပေးအသုံးချရန် လိုအပ် သကဲ့သို့ နိုင်ငံအနှံ့အပြားသို့ ဦးနှောက်ယိုစီးသွားသည့် ပညာရှင်များ၊ ကျွမ်းကျင်သူများအတွက် ဝန်းကျင်ကောင်း များ ဖန်တီးပေးရန်လည်း လိုအပ်မည်ဟု ခံစားမိပါသည်။
စက်မှုတော်လှန်ရေး ၄.၀ သို့ ကူးပြောင်းရေး ကမ္ဘာ့ နိုင်ငံအားလုံးက ကြိုးစားနေချိန်တွင် ကျွမ်းကျင်အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့် နည်းပညာများသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်လာနေပါသည်။ လူသား ရင်းမြစ်များ မွေးထုတ်ခြင်းနှင့်အတူ အသုံးချနိုင်စွမ်း လည်းရှိရန် လိုအပ်ပေလိမ့်မည်။ သဘာဝတရားဖြစ်စဉ် တွင် ပုရွက်ဆိတ်ဆိုသည့် သတ္တဝါငယ်လေးသည်ပင် သူ့နေရာနှင့်သူ အရေးပါပါ၏။ မည်သူ၊ မည်သည့်အရာ မည်မျှအရေးကြီးသည်၊ အရေးပါသည်ဆိုသည်မှာ ထိုအရာ များအပေါ် မည်မျှအထိ အလေးထားသည်၊ အသုံးချ နိုင်သည်ဆိုသည်က ယင်း၏တန်ဖိုးပင် မဟုတ်ပါလား။
ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ဗလငါးတန် နှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသော နိုင်ငံ့သားကောင်း များကို မွေးထုတ်ပေးရန်နှင့် ပညာ၏အနှစ်သာရဖြစ်သော စဉ်းစားတွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ကျင့်ဝတ်လိုက်နာမှု များရှိသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်လျက် ရှိနေပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံလာခြင်းလည်း ဖြစ်ပါ သည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံသော်လည်း တက္ကသိုလ်မှ ဘွဲ့ရသည်နှင့် ပညာသင်ကြားမှု ရပ်ဆိုင်းသွားခြင်း၊ သင်ကြားခဲ့ရသည့်ပညာအား အသုံးချခွင့်၊ အသုံးချရန် နေရာ၊ အသုံးချမည့်သူ မရှိခြင်းသည် အားလုံးအတွက် ဆုံးရှုံးမှုဟု ဆိုရပါလိမ့်မည်။ တစ်ချိန်တစ်ခါက တက္ကသိုလ် နယ်မြေတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်ကြီးမားစွာ သင်ကြားခဲ့ရသော ပညာများကို ပြန်လည်အသုံးချခွင့် ရရှိရန်မှာ ကျောင်းသားတိုင်းလိုလို၏ ဆန္ဒဖြစ်ပါသည်။ ဆန္ဒအားလုံးပြည့်ဝစေလိုလှပါ၏။
ဆောင်းနှင်းမြူများအောက်ဝယ်
မမေ့အပ်သော ဤကျောင်းတော်ကြီး၊ ဦးထိပ်ထား ရပါသော ဤဌာန၊ ဤဆရာများ၊ ချစ်လှစွာသော ဤသူငယ်ချင်းများအတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုသည့် ကာလနယ်ပယ်တို့ အတားအဆီးမဲ့သည်ကို မသိစိတ်တွင် စွဲနေပါ၏။ လွမ်းမောဖွယ်ဘဝများအတွက် အထူးပင်ဝမ်းသာရ၊ ကြည်နူးနေရဆဲပင်။
ကျောင်းဝင်းအတွင်း လမ်းလျှောက်လာရင်း ကျောင်းကြီး၏အဆောက်အဦအချို့ ပြောင်းလဲနေသည် များကိုတွေ့ရသလို မပြောင်းလဲသောအရာတို့ကိုလည်း တွေ့ရသည်။ ဤတက္ကသိုလ်ကြီးတွင် မိမိတို့တစ်တွေ ခြေရာချင်းထပ်ခဲ့ကြ၊ ပျော်ခဲ့ကြသည်။ ပညာဆည်းပူး ခဲ့ကြသည်။ ရင်းနှီးခဲ့ကြပါ၏။ ဘဝအတွေ့အကြုံများ ရခဲ့ကြပါ၏။ ရုပ်တရားတို့ ပြောင်းလဲနေသော်လည်း ရင်တွင်းခံစားချက်တို့ကတော့ လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကလိုပင် နုပျိုဆဲ၊ လန်းဆန်းနေဆဲ။ ကျောင်းသား ကျောင်းသူအားလုံးတို့လည်း မိမိလိုပင် ခံစားကြရ ပေလိမ့်မည်။ အိုင်အာဌာနရှေ့ရောက်သည့်အခါ အိုင်အာ ဌာနကြီးသည် မျှော်တော်ဇောဖြင့်မောနေရသည့် မိခင် တစ်ဦးပမာ။ မိခင်ဌာနကြီးအား ခပ်လှမ်းလှမ်းမှ ခေတ္တမျှ ခပ်မဆိတ်ကြည့်နေမိသည်။ ကြည့်နေရင်း ရင်တွင်း မှာတော့ ဖော်ပြရန်ခက်ခဲလွန်းသည့် ခံစားချက်အပြည့်နှင့် ငေးငိုင်နေမိ၏။
မိခင်ဌာနကြီးနှင့် ဆရာကြီး ဆရာမကြီးများကတော့ နိုင်ငံ့အပေါ်၊ ဌာနအပေါ်၊ တပည့်များအပေါ် တာဝန် ကျေပွန်ခဲ့လေပြီ။ ယနေ့ထက်တိုင်လည်း တာဝန်ကျေပွန် နေဆဲပင်။ ထိုသို့ဆိုပါလျှင် မိမိတို့ကရော … အဘယ်သို့ ဆိုကြမည်နည်း။ အမေးလွယ်သလောက် အဖြေ မလွယ်လှ။
ဒီဇင်ဘာ ဆောင်းရာသီ၏ နှင်းမြူများမှာ အိုင်အာ ဌာနရှေ့တွင် မှိုင်းဝေလျက်။ ။