Tuesday, September 24, 2019

ပညာရေးစနစ်ပြောင်းဖို့ အရေးတွင်


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



ပြည်သူ့အစိုးရအပြောင်းအလဲဖြစ်သည်နှင့် ပညာရေးအသုံးစရိတ် ဘတ်ဂျက်ကို သိသိသာသာ တိုးမြှင့်လိုက်သည်ကို သတိထားမိပါသည်။ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပညာ ရေး၏ အခန်းကဏ္ဍအရေးကြီးမှုကို နားလည်သည့် သဘောဟု မြင်ပါသည်။
ပညာရေးစနစ်ပြောင်းလဲရေး၊ တိုးတက်မြှင့်တင်ရေးဆိုသည်က ရုတ်ခြည်းဆိုသလို ခုပြင် ခုပြောင်း၊ ခုမြင် ခုကောင်း လုပ်လို့မရနိုင်ဆိုသည် ကို နားလည်ကြသော်ငြား ပြည်သူတို့မှာ အပြောင်းအလဲ၏ တိုးတက်မှုကို မြင်ချင်ကြပြီ။
ပညာသင်ကြားရေး၏ အခြေခံစနစ်များပြောင်းလဲဖို့ရာ သင်ရိုး ညွှန်းတမ်းများ သင်ရိုးများမှအစ စာသင်ချိန် အချိန်အဆ၊ သင်ကြားသည့် နည်းစနစ်၊ ကျောင်းသားကို ချဉ်းကပ်လေ့လာပုံ အစရှိသည့် အထွေထွေ သော ပြောင်းလဲမှုများက လိုသည်ပဲဖြစ်သည်။ ကျောင်းသင်ခန်းစာ သင်ရိုးòန်းတမ်းများ ပြောင်းလဲရုံမျှမက။
ထိုနည်းတူစွာ ပညာရေးစနစ်ကို မြှင့်တင်နိုင်မည့် အထောက်အကူပြု မည့် ဝန်းကျင်အာဝါသနှင့် အခြေခံအဆောက်အအုံများကိုပါ တစ်တွဲတည်း ထူထောင်ရပါမည်။
သည်လို အခြေခံအဆောက်အအုံများထဲတွင် ဆရာ၊ ဆရာမများက အရေးအကြီးဆုံး ရှေ့တန်းတပ်ဦးက တပ်မှူးများဟု ဆိုရပါမည်။ အထူး သဖြင့် အခြေခံပညာတန်းက ဆရာ၊ ဆရာမများကို အထူးဂရုစိုက်ကာ အားပေးရပါမည်။ ဆရာ၊ ဆရာမကောင်းများ များစွာပေါ်ထွန်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်မည်ဟု ယူဆပါသည်။
ပညာရေးတွင် အထူးချွန်ဆုံးသူများကို ဆရာကောင်းများအဖြစ် ပျိုးထောင်ကြဖို့ စဉ်းစားသင့်သည်။ နိုင်ငံတကာ အတွေ့အကြုံများ ရအောင် စီစဉ်ပေးသင့်သည်။ အခြေခံကောင်းကာ ထူးချွန်ထက်မြက် သည့် ဆရာ ဆရာမများကသာ အနာဂတ်လူတော်များကို မွေးထုတ်ပေး နိုင်ပါမည်။ စိတ်စေတနာမှန်ကန်ကာ အမှန်တရားကို မြတ်နိုးသည့်၊ မဟုတ်မမှန်တာကို မလိုလားသည့် ဆရာ ဆရာမများကသာ အနာဂတ်ကို မှန်မှန်ကန်ကန်တည်ဆောက်မည့် လူချွန် လူမွန်များကို မွေးထုတ်နိုင်ပါ မည်။
ယဉ်ကျေးဖွယ်ရာကာ လူမျိုးဘာသာမခွဲခြား၊ ကျားမ မခွဲခြား၊ ဆင်းရဲချမ်းသာ မခွဲခြား၊ တန်းတူညီမျှမှုကို အလေးထားသည့် ဆရာ ဆရာမများကသာ မုန်းတီးမှုများကင်းဝေးသည့်၊ မေတ္တာတရားတို့ ထုံမွှမ်း သည့် ငြိမ်းချမ်းသောလောကကို ဖန်တီးမည့် ယဉ်ကျေးသူများကို မွေးထုတ်နိုင်ပါမည်။
ကလေးသူငယ်များ၊ လူငယ်လူရွယ်များဆိုသည်က ပင်ကိုက ဖြူစင် ရိုးသားမှုရှိပြီးသား။ အမှန်တရားကို မြတ်နိုးကြသူများ။ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်လိုသူများ။
ထို့ပြင်တ၀ လတ်ဆတ်သူများ၊ လန်းဆန်းသူများဖြစ်သည့်အတွက် ရုပ်ပိုင်းစိတ်ပိုင်း ထက်မြက်သွက်လက်နေကြသူများလည်း ဖြစ်၏။ သင်ကြားလေ့လာဖို့ အဆင်သင့်ဖြစ်နေကြသူများ။ ခြုံငုံဆိုရလျှင် ကလေးသူငယ်တို့၊ လူငယ်လူရွယ်တို့ဆိုသည်က တော်ဖို့ အဆင်သင့်၊ ကောင်းဖို့ အဆင်သင့်၊ လေ့လာဖို့ အဆင်သင့်၊ လွတ်လွတ်လပ်လပ် တွေးတောကြံဆဖို့ အဆင်သင့်၊ စူးစမ်းဖို့ အသစ်ရှာဖွေ ဖန်တီးဖို့ အဆင်သင့်။
ပျိုးထောင်ပေးရန်၊ ရေလောင်းပေးရန်၊ နမူနာကောင်းများ ပြသကြ ရန်သာ လို၏။ အနာဂတ်ကို အမှန်တကယ်ကောင်းစေလိုသည်ဆိုလျှင် ကောင်းသည့်မြေမှာ ယနေ့ ရင်းနှီးမြှုပ်နှံကြဖို့လိုမည်။
ဘယ်လို အနာဂတ်ခေါင်းဆောင်များကို လိုချင်လဲ။ သည်သို့ဆိုလျှင် ဒီနေ့ဘယ်လို ပြုစုပျိုးထောင်နေသလဲဟု စူးစမ်းကြရမည်။ ။

No comments:

Post a Comment