Sunday, September 22, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား





 
Image may contain: 1 person, standing and flower
နန်နင်း စက်တင်ဘာ ၂၁
 
 
 
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နန်နင်းအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် Mr. Han Zheng ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ ယခုနှစ်အတွက် အထူးမိတ်ဖက် နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Mr. Marcin Ociepa၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သှူသမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မတီအတွင်းရေးမှူး Mr. Lu Xinshe ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yu Jinanhua နှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ Ms. Gao Yan တို့က အမှာစကားပြောကြား ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် Mr. Han Zheng က အဖွင့်မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာ
ညှိနှိုင်းရေးမှူးဝန်ကြီးMr. Lahut Binsar Panddjaitan က မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြား ရာတွင် ယနေ့ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားတွင် မိမိအနေ ဖြင့် မိန့်ခွန်းပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် များနှင့် ပြပွဲတွင် ပါဝင်ပြသကြသည့် မြန်မာလုပ်ငန်းရှင်များအပေါ် ဧည့်ဝတ်ကျေပွန်မှုအတွက် စီစဉ်ကျင်းပသူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများက ခေါင်းဆောင်များအပြင် ကဏ္ဍအသီးသီးက စီးပွားရေးလုပ်ငန်းရှင်များကိုပါ တွေ့ဆုံခွင့် ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။
နည်းပညာဖန်တီးမှုအသစ်များ ပေါ်ထွန်းစေခဲ့
မိမိတို့ဒေသသည် လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)ကျော် ကာလ တစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မကြုံစဖူး ခံစားရရှိလျက်ရှိပါကြောင်း၊ အာဆီယံနှင့် အာရှဒေသတွင်းတွင် ယခုကဲ့သို့ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခင်က ဖြစ်နိုင်မည်ဟု မစဉ်းစားခဲ့ဖူးသည့် ကုန်သွယ်မှုဆက်ဆံရေးအစီ အစဉ်သစ်များနှင့် နည်းပညာဖန်တီးမှုအသစ်များကို ပေါ်ထွန်း စေခဲ့သည့်အပြင် ပြည်သူများ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီးများနှင့် အကြံဉာဏ်များ ကူးလူးသွားလာဆက်နွှယ်မှု များကိုလည်း ဖြစ်ပေါ်စေခဲ့ပါကြောင်း။
ယခုလို ဒေသဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်ပြည်သှူသမ္မတ နိုင်ငံ၏စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးမှု၊ ဒေသတွင်းပေါင်းစည်းမှု နှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါ သည့်အခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီး ပေးပြီး ပြည်သူများ၏ဝင်ငွေနှင့် လူနေမှုဘ၀ပိုမိုတိုးတက် မြင့်မားလာစေသည့်အတွက် အာဆီယံနှင့် တရုတ်ပြည်သှူသမ္မတ နိုင်ငံတွင်ရှိသည့် သန်းပေါင်းများစွာသော ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် တရုတ် ပြည်သှူသမ္မတနိုင်ငံ၏ ငြိမ်းချမ်းသည့် ဖွံ့ဖြိုးတိုးတက်မှုက အကျိုးအမြတ်များစွာရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ အရေးအပါဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အာဆီယံတွင် အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံလည်းဖြစ်ပါကြောင်း၊''အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်''နှင့် မကြာသေးမီကချုပ်ဆို လိုက်သည့်''အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်'' တို့သည် အာဆီယံနှင့် တရုတ်ပြည်သှူသမ္မတနိုင်ငံ၏ ကုန်သွယ်ဆက်ဆံရေးကို ပိုမို တိုးတက်ခိုင်မာစေပါကြောင်း။
နှစ်ဆတိုးကြိုးပမ်းဆောင်ရွက်
မိမိတို့အနေဖြင့် ယခုလိုအပြုသဘောဆောင်သည့် အရှိန် အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်သကဲ့သို့ မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံ ပြည့်မီစေရန် နှစ်ဆတိုးကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား စီးပွား ကုန်သွယ်မှုဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည်လည်း တိုးတက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးအပါဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိသည့်နိုင်ငံလည်း ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အခွင့်အလမ်းသစ်များ ဖန်တီးပေး
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုအခင်းအကျင်းသစ်က တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်သည် ပိုမိုလွတ်လပ်ပွင့်လင်း ပြီး ရင်းနှီးမြှုပ်နှံသူအားလုံးနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအကာအကွယ်ပေးသွားမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့စီးပွားရေးချိန်ခွင်လျှာသည် ကမ္ဘာ့အရှေ့ပိုင်းဒေသ များဆီကို ရွေ့လျားနေသည့်ကာလတွင် မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ အရေးပါသည့်နေရာတွင်တည်ရှိပြီး သင့်တင့် မျှတသည့်လုပ်အားခနှင့် သင်ယူတတ်မြောက်လွယ်သည့် လုပ်သားအင်အားစုများစွာ ပိုင်ဆိုင်ထားသည့်အတွက် ယင်း အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ရန် အခွင့်အခါ အကောင်းဆုံးအချိန်ပင် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြိုဆို
အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အဆိုပြုသည့် အစီအစဉ်များ၊ အထူးသဖြင့် Blue Economy နှင့် အဆင့်မြင့် မြို့တော်တို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များအတွက် ပညာသင်ဆုအစီအစဉ်၊ ၂၀၁၉ ခုနှစ်ကို သတင်းမီဒီယာဖလှယ်ရေးနှစ်အဖြစ် သတ်မှတ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်ကို အာဆီယံ-တရုတ် ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်မည့်အစီအစဉ် စသည် တို့ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြိုဆိုပါကြောင်း၊ ထို့ပြင် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ပေးမည့် လက်ရှိအစီအစဉ်များကိုလည်း မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အာဆီယံပေါင်းစည်း ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်၏''လုပ်ငန်းစီမံချက်(၃)'' နှင့် ''အာဆီယံ ပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း-၂၀၂၅'' ကြိုးပမ်းမှုနှင့် ''အာဆီယံ ပေါင်းစည်းမှုလုပ်ငန်းစဉ်''တို့ကို ဆက်လက်ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်
မိမိတို့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာအောက်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း။
ဒေသတွင်းပေါင်းစပ်ဆက်သွယ်မှုသည် အာဆီယံအသိုက် အဝန်း တည်ထောင်ရေးအတွက် အဓိကကျသည့် အစိတ်အပိုင်း တစ်ခုဖြစ်သကဲ့သို့ ဒေသတွင်းစီးပွားရေးတိုးတက်မှုနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်ပါကြောင်း။
ကူးလူးဆက်သွယ်မှုများ ပိုမိုတိုးမြင့်
နိုင်ငံများအကြား အခြေခံအဆောက်အအုံ ဆက်သွယ်မှု ကောင်းမွန်လာခြင်း၊ အထူးသဖြင့် လမ်းမကြီးများ၊ ဆိပ်ကမ်းများ နှင့် ရထားလမ်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်စနစ်များတည်ဆောက် ခြင်းနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်းတို့သည် ကုန်သွယ် ရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများအကြား ကူးလူးဆက်သွယ်မှုများ ပိုမိုတိုးမြင့်ရန်အတွက် အရေးပါသည့် ကိစ္စရပ်များ ဖြစ်ကြပါကြောင်း။
ထို့ကြောင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲအတွက် ''တူညီအနာဂတ်ဖော်ဆောင်ဖို့ရပ်ဝန်းနဲ့ ပိုးလမ်းမ လမ်းကြောင်းထူထောင်စို့'' ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ် သတ်မှတ်ခြင်းသည် အချိန်ကိုက်ဖြစ်ပြီး လျော်ကန်သင့်မြတ်မှု ရှိပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း သည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ဒေသတွင်းနိုင်ငံများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန်တို့အတွက် အခွင့်အလမ်းများကို ဖော်ဆောင်ပေးမည့် ကောင်းမွန်သည့် အခြေခံအဆောက်အအုံ နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အထောက်အပံ့များကို ဖြည့်ဆည်းပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ပိုမိုအထောက်အကူဖြစ်စေမည်
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများကို ပါဝင်သည့်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် ဦးစားပေးလုပ်ငန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက အရည်အသွေး မြင့် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသအတွင်း အခြေခံအဆောက်အအုံ ကွာဟချက်များကို ဖြေရှင်းရာတွင် ပိုမိုအထောက်အကူဖြစ်စေမည်ဟု မြန်မာနိုင်ငံ အနေဖြင့် ယုံကြည်ထားပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ''မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ''၊ ''မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဇုန်''၊ ''ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်''၊ ''မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်''များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အတူတကွဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်ရာတွင် စီးပွားရေးအရအကျိုးဖြစ်ထွန်းမှုရှိပြီး လူမှုရေးအရ တာဝန်ယူမှုရှိကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မထိခိုက်စေဘဲ ဒေသခံပြည်သူ များကို အကျိုးပြုစေရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အစီအစဉ်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် အာဆီယံ၏ ''ပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅'' နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ''ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း''တို့၏ ဦးစားပေးလုပ်ငန်းများ အကြား ဟန်ချက်ညီပြီး သဟဇာတဖြစ်စေရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် သွားရန် လိုအပ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းများအကြား သဟဇာတဖြစ်လာသည်နှင့်အမျှ နှစ်နိုင်ငံကုန်သွယ်မှု၊ ဒေသ အချင်းချင်း ကုန်သွယ်မှုနှင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကြား ပေါင်းကူးဆက်သွယ်မှုများ တိုးတက်လာမည်ဖြစ် သကဲ့သို့ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အားလုံးသာယာ၀ပြောရန်အတွက် အခွင့်အလမ်းကောင်းများ လည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။
နှစ်လိုဖွယ်ရာမြို့အဖြစ် မကွေးမြို့ကိုရွေးချယ်
မြန်မာနိုင်ငံအနေဖြင့် ယခုကျင်းပသည့် ''(၁၆) ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ''၏ ဆောင်ပုဒ်နှင့်အညီ နှစ်လိုဖွယ်ရာမြို့အဖြစ် မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရွေးချယ်ပြီး မြန်မာအမျိုးသားပြခန်းဆောင်ကို ခင်းကျင်းပြသ ထားခြင်း ဖြစ်ပါကြောင်း။
မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာ့ထွက်ကုန်ပစ္စည်း များဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက် ကုန်ပစ္စည်းများ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ စသည်တို့ကို ပါဝင်ပြသသွားမည်ဖြစ်သကဲ့သို့ မြန်မာ့ပို့ကုန် မြှင့်တင်ရေးဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပ မည်ဖြစ်ပါကြောင်း။
မိမိတို့ကိုဖိတ်ကြားပြီး နွေးထွေးစွာ ဧည့်ဝတ်ပျူငှာပြုသည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး စီစဉ်ကျင်းပသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Hor Namhong ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sonexay Siphandone ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးMr. Jurin Laksanavisit နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam တို့က မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ မီဒီယာ ကိုယ်စားလှယ်များက ASEAN-China TV Week တရားဝင်ဖွင့်လှစ်သည့် အစီအစဉ်ကို ကျင်းပသည်။
ဖွင့်လှစ်ပေး
ယင်းနောက် ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Mr. Marcin Ociepa ၊ Asian Infrastructure Investment Bank (AIIB) ဥက္ကဋ္ဌ နှင့် Xiaomi ကုမ္ပဏီဥက္ကဋ္ဌတို့က မိန့်ခွန်းများ ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တရုတ်ပြည်သှူသမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အကြီးအကဲများက (၁၆)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ လိယွမ်အစိုးရဧည့်ဂေဟာသို့ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ သတင်းမီဒီယာများဖြစ်ကြသည့် People’s Daily ၊ Xinhua News Agency ၊ China Global Television Network (CGTN) ၊ China Central Television (CCTV) International Online ၊ China News Service ၊ China Daily ၊ Guangxi Daily ၊ Guangxi Television Station ESifh China-ASEAN Panorama Magazine တို့မှ သတင်းမီဒီယာသမားများအား လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် သတင်းမီဒီယာသမားများက မေးမြန်းသည့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အပြန်အလှန်ဖလှယ်လုပ်ဆောင်မှုရလဒ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတစ်လျှောက် စီမံကိန်းများပိုမိုဆောင်ရွက် နိုင်ရေးအတွက် အစည်းအဝေးများကျင်းပခဲ့မှုနှင့် မြန်မာနိုင်ငံ အနေဖြင့် ရရှိခဲ့သည့်ရလဒ်များ၊ CAEXPOသည် တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းတို့တွင် ပါဝင်ပတ်သက်မှုနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မှုအခန်း ကဏ္ဍစသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြား ခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကော်မတီ အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး H.E. Mr. Huang Shiyong လိုက်ပါလျက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Guangxi Academy of Agricultural Sciences သို့ရောက်ရှိရာ စိုက်ပျိုးရေးသုတေသန ပျိုးဥယျာဉ် ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tan Hongwei နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Guangxi Academy of Agricultural Sciences အတွင်း ခေတ်မီစိုက်ပျိုးရေးသုတေသနများ ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် Guangxi Academy of Agricul-tural Sciences ရှိ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် နန်နင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ရောက်ရှိပြီး ကောင်စစ် ဝန်ချုပ် ဦးစိုးသက်နောင်နှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင် များနှင့် ပညာတော်သင်ရောက်ရှိနေကြသော ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment