Wednesday, September 25, 2019

နှစ်တစ်ရာပြည့် မြန်မာ့သမိုင်းမှတ်တိုင်များ

အယ်ဒီတာ့အာဘော်
----------------------

သမိုင်းမှတ်တိုင်ဆိုသည်မှာ လူသားတို့ နေထိုင်မှုဘ၀ဖြစ်စဉ်များထဲမှ ထင်ရှားသောကာလအပိုင်းအခြားအတွင်း ထူးခြားသောပုဂ္ဂိုလ်များနှင့် ထင်ရှားသောဖြစ်ရပ်များပင်ဖြစ်သည်။ သမိုင်းဟူသည် မေ့ပျောက်ကောင်း သော အရာမဟုတ်။ သမိုင်းမသိလျှင် အအနှင့်တူသဖြင့် သမိုင်းသိအောင် အားထုတ်ကြရမည်ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်း၌ ထူးခြားသည့် အကြောင်းအရာများစွာရှိသည့်အနက် နှစ်တစ်ရာပြည့် သမိုင်းမှတ်တိုင်များ သည် မျက်မှောက်လောကအတွက် အနီးစပ်ဆုံးသိမှတ်စရာများ ဖြစ်သည်။
လူ့သမိုင်းသည် လူသားတို့ဖြတ်သန်းနေကြသော မရပ်မနား တစ်သွားတည်းသွားနေသည့် မဆုံးနိုင်သောခရီးလမ်းဖြစ်သည်။ အတိတ် က အတွေ့အကြုံများသည် ပစ္စုပ္ပန်အတွက် အထောက်အပံ့ကောင်းများ ဖြစ် လာသကဲ့သို့ ပစ္စုပ္ပန်အတွေ့အကြုံတို့သည်လည်း အနာဂတ်အတွက် အထောက်အပံ့ကောင်းများဖြစ်ရမည်မှာ ဓမ္မတာဖြစ်သည်။ ဆိုးမွေများကို သင်ခန်းစာယူ၍ ကောင်းမွေများကိုနည်းနာခံကာ ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းအားထုတ် နိုင်ပေသည်။
လူ့သမိုင်းတစ်လျှောက်တွင် လူ့အဖွဲ့အစည်းတို့သည် တစ်ချိန်တည်း တစ်ပြိုင်တည်း အတူတကွ ဖြစ်ပေါ်၊ ပြောင်းလဲ၊ ထွန်းကား၊ တိုးတက် လာကြခြင်းမဟုတ်။ ဖြစ်ရပ်များသည် အချိန်ကာလအပိုင်းအခြားတစ်ခုတွင် တိုးတက်ပြောင်းလဲဖြစ်ပေါ်လာပြီး အချိန်ရှည်ကြာသော် ဆိတ်သုဉ်း ပျောက်ကွယ်သွားတတ်သည်။ လူသားတို့အတွက် အကျိုးတရားဖြစ်ထွန်း နိုင်သော ထူးခြားသည့်သမိုင်းဖြစ်ရပ်များ မပျောက်ကွယ်စေရန် ပြန်လည် ဖော်ထုတ်ပေးမှသာ သမိုင်းအမွေအနှစ်မှသည် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်။
အနောက်နိုင်ငံများတွင် လူ့သမိုင်းနှင့်ပတ်သက်၍ ရေတွက်ရာ၌ တစ်နှစ်ချင်းတစ်နှစ်ချင်း ရေတွက်လေ့မရှိဘဲ စင်ကျူရီခေါ် နှစ်တစ်ရာကို အခြေခံထား၍ ရေတွက်လေ့ရှိသည်။ လူ့သမိုင်း၏ ထူးခြားသည့်ဖြစ်စဉ် ဖြစ်ရပ်များ၊ ပြောင်းလဲတိုးတက်မှုများမှာလည်း နှစ်တစ်ရာ(ရာစုတစ်စု)အတွင်း ပြောင်းလဲဖြစ်ပေါ်တတ်သည်။ ထူးခြားသည့်အကြောင်းအရာ များကို မျက်မှောက်လူသားများ အမှတ်တရဖြစ်စေရန်လည်းကောင်း၊ မသိရှိသေးသူများသိရှိစေရန်လည်းကောင်း၊ အတုယူအားကျ၍ ပိုမိုကောင်း မွန်သော ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖန်တီးနိုင်ရန်လည်းကောင်း နှစ်တစ်ရာ ပြည့်ကာလကို တစ်မူထူးခြားစွာ ထုတ်ဖော်ကြသည်။
လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ဖြစ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ လွတ်လပ်ရေးမရမီ မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် လွတ်လပ် ရေးကြိုးပမ်းမှုကာလ ကြိုးပမ်းဆောင်ရွက်မှုများတွင် နှစ်တစ်ရာပြည့် ထူးခြားသောသမိုင်းမှတ်တိုင်များ မည်သို့မည်ပုံဖြစ်ပေါ်ခဲ့သည်ကို ယနေ့ ပြည်သူများသိရှိမှတ်သားနိုင်ရန် ဖော်ထုတ်ပေးရမည်ဖြစ်သည်။ သို့မှသာ နှောင်းအတိတ်မှ မိမိတို့မိဘဘိုးဘွားများ အမျိုးဂုဏ်ဇာတိဂုဏ်တက်ရန်၊ အမျိုးသားရေးစိတ်ဓာတ်ထက်သန်ရန် မည်သို့မည်ပုံ ကြိုးပမ်းအားထုတ် ခဲ့ကြသည်ကို သိရှိနိုင်မည်ဖြစ်သည်။
ယခုကာလတွင် ရှေးမြန်မာများ၏ စီးပွားရေးအသင်းအပင်း စတင် ဖွဲ့စည်းထူထောင်သည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကြီး နှစ်တစ်ရာပြည့်၊ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်နိုးကြားရှင်သန်လာအောင် ပထမဆုံးစတင်ကြိုးပမ်းအားထုတ် ခဲ့သည့် ဂျီစီဘီအေအသင်းကြီး၏ နှစ်တစ်ရာပြည့်၊ အမျိုးသားပညာရေးစတင်အခြေတည်ခဲ့သည့် မြို့မကျောင်းကြီး နှစ်တစ်ရာပြည့်၊ ကိုလိုနီပညာရေး စနစ်ကိုပြောင်းလဲပစ်နိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်၊ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုရုပ်ရှင်အနုပညာကို ဖော်ထုတ်ပေးခဲ့ သည့် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့် စသည့်ထူးခြားသောသမိုင်းမှတ်တိုင် များစိုက်ထူခဲ့သည့် နှစ်တစ်ရာပြည့်နေ့များ ရောက်ရှိလာပြီဖြစ်သည်။
သို့ဖြစ်ရာ နှစ်တစ်ရာတိုင် မမေ့နိုင်သည့် မြန်မာ့သမိုင်းမှတ်တိုင် များထဲမှ နှစ်တစ်ရာပြည့် ထူးခြားသောအကြောင်းအရာများကို ပြန်လည် ဖော်ထုတ်ခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားများ၏ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကောင်းမွန်သော အကျိုးရလဒ်နှင့် အထောက်အပံ့ကောင်းများ ရရှိလာမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment