Wednesday, August 7, 2019

အပြုသဘောဖြင့် ပြေလည်စေရာ


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်လျှင် စွပ်စွဲခြင်း၊ ပြစ်တင်ခြင်း၊ ဖိအား ပေးခြင်း၊ ပိတ်ဆို့ခြင်းနည်းလမ်းများကိုသာ သုံးစွဲခဲ့သည့်အစဉ်အလာ အတိုင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင် (Fact Finding Mission - FFM) က မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်လိုက်ရာ အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ် တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး အတွက် တစ်စုံတစ်ရာအထောက်အကူဖြစ်စေနိုင်မည်မဟုတ်ဟု ယုံကြည် ကြောင်း မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ခြင်းဖြင့် တုံ့ပြန်လိုက်သည်။
ကမ္ဘာက စိတ်ဝင်စားနေကြသည့် ရခိုင်ပြည်နယ်အရေးသည် ဆင်းရဲ မွဲတေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျခြင်းဟူသော အခြေခံအကြောင်း တရားများပေါ်တွင် သမိုင်းကြောင်းနောက်ခံများ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ယုံကြည်ကိုးကွယ်ရာ ဘာသာတို့ မတူကွဲပြား ခြားနားကြသည့် လူမှုအသိုင်းအဝိုင်းနှစ်ရပ်ကြားမှ ဝိရောဓိများနှင့် ပဋိပက္ခများက ကာလကြာရှည်အောင် ရှုပ်ထွေးနေသည့်အလျောက် အချိန်ကာလ တစ်ရပ်ထိအောင် ရေရှည်ဖြေရှင်းရမည့်အကြောင်းအရာ၊ အပြုသဘောဆောင်သော ချဉ်းကပ်မှုမျိုး၊ ကူညီအားပေးမှုမျိုးဖြင့်သာ တဖြည်းဖြည်းပြေလည်သွားနိုင်မည့် ပြဿနာဖြစ်သည်။ လက်ရှိ အခြေအနေတွင်မူ နိုင်ငံတကာမီဒီယာများ အထူးသဖြင့် အနောက်တိုင်း မီဒီယာများ၏ တစ်ဖက်သတ်ပုံဖော်မှုနှင့် ရှုထောင့်တစ်ခုတည်းမှသာ ရပ်တည်မှုတို့၏ အလယ်တွင် မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ပုံပျက် ပန်းပျက်ဖြစ်နေသည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။
နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးကိစ္စ၊ လူ့အခွင့်အရေး ကိစ္စများအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြန်မာနိုင်ငံက စေတနာမှန်စွာ၊ ရပ်တည်မှုမှန်စွာဖြင့် ဆောင်ရွက်ပေးနေ သကဲ့သို့ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတို့ကို ထိပါးစေမည့် လုပ်ဆောင်မှုများကိုလည်း ပြတ်သားစွာပင် ဆန့်ကျင်သွားမည်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင်ဖွဲ့စည်းမှုကို မြန်မာနိုင်ငံက ဆန့်ကျင်ခဲ့သလို အဆိုပါမစ်ရှင်၏ အစီရင်ခံစာကိုလည်း အသိအမှတ်မပြုဘဲ ဆန့်ကျင်ပယ်ချခဲ့သည်။ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေခြင်းမှာ မှားယွင်းသည့်နည်းလမ်းဖြစ်သည်ကို ဆင်ခြင်စဉ်းစားတတ်သူတိုင်းက သိပြီးဖြစ်သည်။ ယင်းသို့သော စွပ်စွဲမှု များ၊ ပြစ်တင်မှု၊ ဖိအားပေးမှု၊ ပိတ်ဆို့မှုများကို ပြုလုပ်ခြင်း၏ ရည်ရွယ်ချက် က ပဋိပက္ခကို လျော့ပါးစေလို၍မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသား များ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေလိုခြင်း သက်သက်သာ ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခနှင့် အကျပ်အတည်းကို ပြေလည်စေလို၍ဖိအားပေး ပိတ်ဆို့ခြင်းဖြစ်သည်ဟု ဆိုလျှင်တော့နည်းလမ်းမှားနေပေပြီ။
မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ကမ္ဘာ့မိသားစုအသိုက်အဝန်းတွင်လည်း တာဝန်ယူမှု ရှိသော၊ တာဝန်ကျေသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကို အလေးအနက် တန်ဖိုးထားသည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့ကို အခြေခံသည့် လောကပါလတရားများနှင့်ညီညွတ်သော တင်းပြည့် ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ရေး အတွက် လည်း မဆုတ်မနစ်ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ လက်ရှိဖြစ်ပေါ် နေသည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ပြီး ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံနှင့်မိတ်ဆွေပီသစွာ ဆက်ဆံ လျက် ပူးပေါင်းဖြေရှင်းနေသည့်အပေါ် နားလည်မှုရှိစွာဖြင့် အပြုသဘော ဆောင် ကူညီပေးလျက်ရှိသော မိတ်ကောင်းဆွေကောင်းနိုင်ငံများ လည်း အများအပြားရှိနေသည်။ စိန်ခေါ်မှုတစ်ရပ်၊ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းရာတွင် အပြုသဘောဆောင်ခြင်းကသာ လျှင် ဆင်ခြင်တုံတရားနှင့်ပြည့်စုံသည့် မှန်သောလုပ်ရပ်ဟု ဆိုနိုင်မည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment