Sunday, August 25, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဩဂုတ် ၉ ရက်အထိ) ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၀၃၈ ဘီလီယံရှိခဲ့ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား




Image may contain: 2 people, people sitting, table and indoor
ရန်ကုန် ဩဂုတ် ၂၄




ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် များ (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းဥက္ကဋ္ဌ၊ မြ၀တီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်စေရန်အတွက် ''ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ''ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အဖွဲ့ဝင် ၂၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် သုံးနှစ်နီးပါးရှိပြီ ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၅)ရပ်ဖြင့် ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး လုပ်ငန်း ရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ (၂၈)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်း ရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း ၃၅၃ ချက်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပြန်ကြားချက်များတွင် လုံး၀ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင် ခဲ့သည်များရှိသကဲ့သို့ တချို့အချက်များသည် ရေရှည်ဆောင် ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း။
ကုန်သွယ်ရေးကဏ္ဍ အရေးကြီး
တချို့ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့်လုပ်ငန်း များကိုလည်း လုပ်ငန်းကော်မတီ (၅) ရပ်က တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရ နှင့်ပုဂ္ဂလိက ကဏ္ဍများမှ တက်ညီလက်ညီပူးပေါင်းဆောင်ရွက် နေသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဩဂုတ် ၉ ရက် အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၀၃၈ ဘီလီယံရှိခဲ့ပြီး ၎င်းကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နိုင်မှု သည် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၆ ဘီလီယံ ပါဝင်သည့် အတွက် ၈၄ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရ ပါကြောင်း။
မကြာသေးခင်က ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရသည့် တံတားများကိုလည်း တပ်မတော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ပြည်သူများ သွားလာမှုအဆင်ပြေစေရန် အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ သည့်အတွက် ငါးရက်အတွင်း ပြန်လည်ဖြတ်သန်း၍ ရရှိခဲ့ပါ ကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ အနည်းငယ်ထိခိုက်ခဲ့သော် လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ဖမ်းဆီးအရေးယူမှု
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက် လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးအရေး ယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ ဖမ်းဆီးအရေးယူမှု ၇၆၃ ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ်ကျပ် ၁၂ ဒသမ ၉၈၉ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။
တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်
ယခုအခါတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် က္ဘာလုံး ဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေညွှန်းကိန်းမြင့်တက် လာမှုကို လျှော့ချနိုင်ရေး နိုင်ငံအဆင့်နှင့် ဌာနအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ''တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ''ကို ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုလည်း ယခုလ ၁၆ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါကြောင်း၊ ယင်း ကော်မတီတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက စီးပွားရေးဝန်ကြီးတစ်ဦးစီ ထည့်သွင်း ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင် ကုန်သွယ်မှုများကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ဆောင်ရွက်ရာ တွင်လည်း တရားမဝင်ကုန်သွယ်မှု၏ အန္တရာယ်ကြီးမားလာမှု များကို ပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက ကဏ္ဍများမှသိရှိကာ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြား လိုပါကြောင်း။
ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ ခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၇၇၉ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၁ ဒသမ၂၄၉ ဘီလီယံ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၆၀၅ ခု ၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၅၂ ဘီလီယံ အပါ အဝင် ငွေကျပ်ကျပ် ၁၉ ဒသမ ၀၄၉ ထရီလီယံ ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များ အနေဖြင့် ဆွေးနွေးမည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဝန်ကြီးဌာနအနေ ဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အခက်အခဲဖြစ်ပေါ် နေမှုအခြေအနေနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက် ရေး လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ဆောင်ရွက်သွား မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ဈေးကွက်ညှိနှိုင်း ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Project Bank တည်ထောင်ထားရှိမှု အခြေ အနေနှင့် PPP Center ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက နယ်စပ်ကုန်သွယ်ရေးမှ ကုန်ကြမ်းများ တင်သွင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပြည်တွင်းထုတ်ကုန်များ ကြုံတွေ့နေရ သည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ လယ်ယာထွက်ကုန်ဆိုင်ရာ ဓာတ်ခွဲခန်းထူထောင်မည့်ကိစ္စ အပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့် စက်မှုလက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။
အကြံပြုချက်များ ဆွေးနွေးတင်ပြ
ထို့နောက် ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည် များအသင်း ဥက္ကဋ္ဌ ဦးလှမောင်၊ မြ၀တီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုကြီးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တွေ့ကြုံနေရသည့်အခက်အခဲများနှင့် အကြံပြု ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြော ကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်

No comments:

Post a Comment