Sunday, August 25, 2019

ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲရေး

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံတွင် မိမိတို့အချင်းချင်း ပိုမိုသိနားလည်ဖို့၊ ရင်းနှီးချစ်ကြည်ဖို့၊ တစ်ဦး၏အကျိုးကို တစ်ဦးကရှေးရှုကြဖို့၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်ဖို့၊ မေတ္တာထားဖို့၊ မုဒိတာပွားဖို့ အထူးလိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤပြည်ထောင်စုမြေတွင် နှစ်ပေါင်းရှည်ကြာ အတူတကွလက်တွဲနေထိုင် လာခဲ့ကြသော ပြည်ထောင်စုသားအားလုံးတို့သည် သံသရာရှည်ကြာ လျှင်ရှည်ကြာသလောက် တစ်ဦးနှင့်တစ်ဦး အကြောင်းမကင်း မိသားစု ပင်ဖြစ်နိုင်သည်ဟု ယူဆထားကြသည်။
တရားတော်အလိုအရ ၂၄ ပစ္စည်း ပဋ္ဌာန်းနည်းဖြင့် စိစစ်ဝေဖန် သုံးသပ်ကြည့်လျှင် တစ်ဦးနှင့်တစ်ဦး အကြောင်းမကင်း၊ ကျေးဇူးပြုခဲ့ကြဖူးသူ ချည်းပင်ဖြစ်သည်။ ယုတ်စွအဆုံး ရန်သူသည်ပင် မိမိ၏ကျေးဇူးရှင်ဖြစ်ရ သောကြောင့် လောကတစ်ခွင်၌ ကျေးဇူးရှင်မဟုတ်သော သက်ရှိ၊ သက်မဲ့ အရာဟူ၍ ဘာတစ်ခုမျှမရှိပေ။ အရာရာတွင် တစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့် တစ်ဦး အကြောင်းမကင်း ပဋ္ဌာန်းဆက်ရှိခဲ့၍ဖြစ်စေ၊ ကျေးဇူးမကင်း ရှိခဲ့၍ဖြစ်စေ အဆက်အစပ်ရှိခဲ့ကြပေသည်။
ထိုသို့ အကြောင်းဆက်ခဲ့ပါလျက်နှင့် မျက်မှောက်ကာလတွင် တစ်ဦး နှင့်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ ယုံကြည်မှု၊ ချစ်ကြည်မှု၊ ရိုင်းပင်းမှု စသည်တို့ ပါးလျားလာပြီး လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနများ မပြတ်တိုးပွားလာသည်ကို မြင်တွေ့ကြားသိနေရသည်မှာ စိတ် မချမ်းမြေ့ဖွယ်ရာဖြစ်ရပေသည်။ အထူးသဖြင့် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၍ နှစ်ပေါင်းရှည်ကြာ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ အတူတကွလက်တွဲနေထိုင်လာခဲ့ကြသော ပြည်ထောင်စုသားတိုင်းရင်းသား လူမျိုးအပေါင်းတို့သည် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမကင်း၊ ကျေးဇူးမကင်းကြ သူများဖြစ်၍ ချစ်ခင်မေတ္တာစိတ်ရင်း မပျက်ယွင်းအောင် ပြုမူနေထိုင် ကြရမည်ဖြစ်သည်။
တိုးတက်သော ယနေ့ခေတ်ကာလတွင် မြန်မာကို ကမ္ဘာကသိအောင် ကြိုးစားနေရာ၌ လက်ရှိအနေအထားအရ မြန်မာကို မြန်မာကသိဖို့လည်း ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကောင်းတူဆိုးဖက် အတူပူးပေါင်းနေထိုင်လာခဲ့ကြသည့် မြန်မာတိုင်းရင်းသားလူမျိုးများ အကြောင်းကို ဦးစွာပထမ သိနားလည်အောင် ကြိုးပမ်းအားထုတ်စေ လိုပါသည်။ ထိုသို့သော စေတနာမျိုးကို ပြန့်ပွားထွန်းကားလာအောင် တိုင်းရင်းသားအချင်းချင်း သိနားလည်မှုတို့ကို ရက်ရက်ရောရော မျှဝေပေး နိုင်သူတို့မှာ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ မီဒီယာသမားများ ဖြစ်ကြပါသည်။
ယင်းတာဝန်များကို ၂၀ ရာစုခေတ်က စာပေ၊ အနုပညာ၊ မီဒီယာ၊ ပညာရှင်များက ကျေပွန်စွာထမ်းဆောင်ခဲ့ကြပေသည်။ ၂၁ ရာစုခေတ်တွင် ထို့ထက်ပင်ပို၍ ကျေပွန်စွာထမ်းဆောင်ကြရပါမည်။ တိုင်းရင်းသားများ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ လူမျိုးအမည်ကွဲပြားသော်လည်း ပြည်ထောင်စု သားချင်းများဖြစ်သဖြင့် ၎င်းတို့ ဖြူစင်ရိုးသားသောဘ၀နှင့် ၎င်းတို့အပေါ် ထားရှိသော ချစ်ကြည်ရင်းနှီးမှုနှင့်စေတနာတို့ကို ပေါ်လွင်ထင်ရှားသိမြင် လာအောင် ဖန်တီးပေးနိုင်သူများမှာ အဆိုပါပညာရှင်များသာဖြစ်ပါသည်။
တိုင်းရင်းသားကဏ္ဍ ဖော်ညွှန်းမှုများသည် ညီနောင်ရင်းများ၏ ဘ၀ကိစ္စများတွင် အချင်းချင်း လက်တွဲကူညီမှုသို့ ရောက်ရှိစေနိုင်ပါသည်။ တိုင်းရင်းသားတို့၏ဘ၀မြှင့်တင်ရာတွင် ကိုယ်ကျိုးစွန့်တန်သမျှစွန့်ကာ ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေတို့ကို မြင့်မားတိုးတက်စေရန် အတတ်နိုင်ဆုံးကြိုးပမ်းမှုကို ရှေးရှုသောလမ်းကြောင်းသို့ ပြောင်းလဲပေးရ မည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ စုစည်းညီညာသောအင်အားသည်သာ အကြီးမားဆုံးအင်အားဖြစ်၍ ပကတိအခြေအနေအရ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နားလည်ရင်းနှီးယုံကြည်ရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ စာပေအနုပညာကဏ္ဍမှ သူ့နေရာနှင့်သူ အစွမ်းရှိသမျှ ပင်လုံမြေတွင် အခြေချခဲ့သည့် ခိုင်မြဲသောချစ်ကြည်ရေးကို တစ်ယောက် တစ်အား ကျားကန်အားသွင်းပေးလျှင် အောင်မြင်မည်ဖြစ်ပြီး ခိုင်မြဲသော အရှိန်အဟုန်ဖြင့် ပိုမိုချစ်ကြည်သွေးစည်းနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment