Sunday, July 21, 2019

မြန်မာ့အလင်းအယ်ဒီတာအာဘော်



လောကလူ့ဘောင် အကျိုးပြု
ကင်းထောက်လူငယ် လှုပ်ရှားမှုများ
*******************************


လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများဖြစ်သော စာရိတ္တမြှင့်တင်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ကင်းထောက်လူငယ် (Scouts)
အဖွဲ့အစည်းများကို အင်္ဂလန်နိုင်ငံတွင် ၁၉၁၆ ခုနှစ်အတွင်း စတင်ဖွဲ့စည်း ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ၁၉၁၆ ခုနှစ်တွင် အမျိုးသမီးကင်းထောက်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် ကင်းထောက်လူငယ်အဖွဲ့အစည်းအဆင့်ဆင့်တို့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ကင်းထောက်တို့သည် (၁)မိမိကိုးကွယ်သောဘာသာနှင့် တိုင်းပြည် အတွက် အကောင်းဆုံးအလုပ်လုပ်ပါမည်။ (၂)သူတစ်ပါးအားအချိန်မရွေး ကူညီပါမည်။ (၃)ကင်းထောက်ကျင့်ဝတ်(၁၀)ပါးကို အမြဲလိုက်နာ ထိန်းသိမ်းရန် စွမ်းအားရှိသမျှ ဆောင်ရွက်ပါမည်ဟူသော သုံးပါးသော ကတိကို မိမိတို့၏ ဂုဏ်သိက္ခာအား ပဋ္ဌနာပြု၍ ကတိပြုကြရသည်။ ကင်းထောက်တို့၏ ကျင့်ဝတ်(၁၀)ပါးမှာ ကင်းထောက်၏ ဂုဏ်သိက္ခာသည် ယုံကြည်စိတ်ချရသည်။ ကင်းထောက်သည် သစ္စာရှိသည်။ ကင်းထောက် သည် သူတစ်ပါးကိုကူညီသည်။ ကင်းထောက်သည် က္ဘာ့နိုင်ငံကင်းထောက် များနှင့် ခင်မင်ရင်းနှီးသည်။ ကင်းထောက်သည် ယဉ်ကျေးသိမ်မွေ့သည်။ ကင်းထောက်သည် တိရ္ဆာန်များကို ကြင်နာသနားတတ်သည်။ ကင်းထောက်သည် နာခံတတ်သည်။ ကင်းထောက်သည် အခက်အခဲ အပေါင်းကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းသည်။ ကင်းထောက်သည် ချွေတာ သည်။ ကင်းထောက်သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသန့်ရှင်းသည်ဟူ၍ ဖြစ်သည်။ ထို့ပြင် အဓိဋ္ဌာန်(၃)ချက်နှင့် စည်းကမ်း(၁၀)ချက်တို့လည်း ရှိသေးသည်။


‘‘ကင်းထောက်တွေရဲ့ ကျင့်ဝတ်ဆယ်ပါးဆိုတာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုအောင်လို့ ထုတ်ပေးထားတဲ့ ကျင့်ဝတ်ဖြစ်ပါ တယ်။ အဲဒါတွေကို လူငယ်တွေလိုက်နာမယ်။ တစ်သက်လုံး ကိုယ်ဟာ ကင်းထောက်မဟုတ်တဲ့အချိန်မှာတောင်မှ ဒီစံနှုန်းစံထားတွေဟာ နှလုံး သားထဲမှာ ကျန်ရစ်ခဲ့မယ်ဆိုရင် ကျွန်မတို့နိုင်ငံအတွက်တင် မဟုတ်ဘူး။ လူသားအားလုံးအတွက် ဒါဟာအင်မတန်အကျိုးပြုတဲ့လုပ်ငန်းကြီးလို့ ကျွန်မ ပြောချင်ပါတယ်’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ဇူလိုင် ၂၀ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲ အဖြစ် ကတိခံယူပွဲသို့ တက်ရောက်ပြီး ကတိခံယူကာ အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


စင်စစ်အားဖြင့် ကင်းထောက်လုပ်ငန်းသည် ကလေးငယ်များကို ငယ်စဉ်ကပင်စတင်၍ လူတော်လူကောင်းများ၊ လူချွန်လူမွန်များ ဖြစ်လာ စေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးသည့် လုပ်ငန်းပင်ဖြစ်သည်။ ကင်းထောက်လှုပ်ရှားမှုများသည် လူငယ်များ၏ လှုပ်ရှားမှုများဖြစ်ပြီး လူငယ်တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေနိုင်သကဲ့သို့ နေထိုင်ရာ ရပ်ရွာ၊ ပတ်ဝန်းကျင်နှင့်တကွ နိုင်ငံအကျိုး၊ လူသားတို့၏ အကျိုးနှင့်တကွ သဘာ၀ပတ်ဝန်းကျင်တစ်ခုလုံး၏ အကျိုးတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်သည့် မွန်မြတ်သောလုပ်ငန်းများပင်ဖြစ်သည်။


ငယ်ငယ်က ကင်းထောက်တစ်ဦးသည် တစ်သက်တာ ကင်းထောက် များပင် ဖြစ်သည့်အလျောက် ဘ၀တစ်လျှောက်တွင်လည်း ကောင်းသော ကိုယ်ရည်ကိုယ်သွေးများဖြင့် ဘ၀ကိုလည်းကောင်း၊ လောကကိုလည်း ကောင်း ရင်ဆိုင်ဖြတ်ကျော်သွားနိုင်ကြသည်လည်း ဖြစ်သည်။ ထို့ပြင် ကင်းထောက်တို့၏ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်၊ အများအကျိုးကို သယ်ပိုးထမ်းရွက်လိုသော စိတ်ဓာတ်များက လောကကို အလှဆင်နိုင်ခြင်းဖြစ်သည့်အလျောက် လူငယ် လူရွယ်ထုအတွင်း ကင်းထောက်လှုပ်ရှားမှုများ တိုးတက်ပြန့်ပွားနိုင်ပါစေကြောင်း။ ။

No comments:

Post a Comment