Wednesday, July 3, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်



Image may contain: 4 people, indoor
နေပြည်တော်    ဇူလိုင်   ၂

နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန   ၂၀၁၈-၂၀၁၉ ပညာသင်နှစ်   တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး      စုပေါင်းခန်းမ၌ ကျင်းပရာ   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာ စကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်   ကျောင်း သား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ    ပေးအပ်ချီးမြှင့် သည်။     

အခမ်းအနားသို့   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊      ဒုတိယဝန်ကြီး ဦးတင်မြင့်၊ နိုင်ငံတော်သမ္မတရုံး   အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊   ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘ များ၊   ဆုရကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်

အခမ်းအနားတွင်       နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာ၌    "ကျွန်မတို့ ရုံးတွေက ဝန်ထမ်းတွေရဲ့ သားသမီးတွေ ၁၀ တန်းစာမေးပွဲအောင်တာနဲ့  ပတ်သက်ပြီး ကျင်းပတဲ့  အခမ်းအနားဖြစ်ပါတယ်။   ဒီလို ၁၀ တန်း      စာမေးပွဲအောင်တယ်ဆိုတာ အရေးကြီးတဲ့   မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာနောက်လိုက်မယ်ဆိုရင်လည်း      ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်း    စပြီး  ခြေလှမ်းပြီဆိုတာနဲ့ ကျောင်းတုန်းက အခြေအနေနဲ့ မတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် ဒီမှတ်တိုင် ဟာ ဘ၀ကို ဖြတ်သန်းတဲ့အခါမှာ   အတိုင်း အတာတစ်ခုအထိ   ရောက်လာပြီဆိုတာ ပြတာဖြစ်ပါတယ်။    မိဘများသည်လည်း ဒီနေရာအထိ ကိုယ့်သားသမီးတွေကို     ပံ့ပိုး စောင့်ရှောက်ကြည့်ရှုခဲ့တယ်။ ဒီဟာအတွက် လည်း ဂုဏ်ယူနိုင်ပါတယ်။ ကျေနပ်နိုင်ပါတယ်။
"ကျောင်းသူ ကျောင်းသားများကလည်း ဒီအခြေအနေအထိ ရောက်လာပြီး  အောင် အောင်မြင်မြင်နဲ့   စာမေးပွဲတွေကို ဖြတ်သန်း နိုင်ခဲ့တာကိုလည်း ဂုဏ်ယူနိုင်ပါတယ်။ တချို့ ကတော့ ဂုဏ်ထူးများစွာရတယ်၊ တချို့က သာမန်ပဲ အောင်တယ်၊  ကျွန်မတို့က ဂုဏ်ထူး ရတဲ့သူတွေကို ဂုဏ်ပြုတယ်ဆိုတာ ကြိုးစား တာကို၊  လုံ့လဝီရိယကို ဂုဏ်ပြုတဲ့သဘောပါ။   ဘယ်သူက  ဘယ်သူ့ထက်တော်တယ်ဆိုပြီး ခွဲခြားတဲ့သဘော မဟုတ်ပါဘူး။ လုံ့လ၊ ဝီရိယ ရှိခြင်း၊ ဝီရိယစိုက်ထုတ်ခြင်း၊ ကြိုးစား ခြင်းကို ဂုဏ်ပြုပေးတဲ့သဘောဖြစ်ပါတယ်။  ဒါကြောင့်  ဂုဏ်ထူးမထွက်ခဲ့တဲ့၊    သာမန်အောင်ခဲ့တဲ့ ကျောင်းသားတွေကလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။  သိမ်ငယ်စရာလည်းမလိုပါဘူး။   ပြောရမယ်ဆိုရင် စာမေးပွဲလုံး၀ကျပြီးတော့   ဒီအခမ်းအနားကို မတက်နိုင်တဲ့ကလေးတွေ တောင်မှ စိတ်ဓာတ်ကျစရာမရှိပါဘူး။

မှန်မှန်ကန်ကန် သုံးနိုင်ဖို့ပဲလို

"ဘ၀မှာ အခွင့်အရေးတွေက တစ်ခုပြီး တစ်ခုလာပါတယ်။ လာတဲ့အခွင့်အရေးတွေ ကို   မှန်မှန်ကန်ကန်  သုံးနိုင်ဖို့ပဲလိုပါတယ်။ ကျွန်မတို့အနေနဲ့  ဒီလိုအခွင့်အရေးတွေကို မှန်မှန်ကန်ကန် သုံးနိုင်တယ်ဆိုတာ ဘယ်လို သတ်မှတ်လည်းဆိုတာကို ပြောရမယ်ဆိုရင် အများအကျိုး၊   ကိုယ့်အကျိုးပါ။ ဒီအကျိုး နှစ်သွယ်ကို အားပေးနိုင်တဲ့ ခြေလှမ်းများဟာ အောင်မြင်တဲ့ခြေလှမ်းများ၊   မှန်ကန်တဲ့ ခြေလှမ်းများပဲလို့ မှတ်ယူပါတယ်။ အတ္တဟိတ ကိုယ့်အကျိုးချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ ပရဟိတ အများအကျိုးပဲ လုပ်ရမယ်။ ကိုယ့် အကျိုးကို လျစ်လျူရှုထားရမယ်ဆိုတာလည်း လက်တွေ့မကျပါဘူး။ အများအကျိုး၊ ကိုယ့် အကျိုး အကျိုးနှစ်ခုစလုံးကို အောင်မြင်အောင် လုပ်နိုင်တဲ့ခြေလှမ်းတိုင်းဟာ     မှန်ကန်တဲ့ ခြေလှမ်းလို့ သတ်မှတ်ပါတယ်။ ဒီနေ့ဂုဏ်ပြုတဲ့ ကျောင်းသားများရဲ့ မိဘများဆိုရင် ဝန်ထမ်း လုပ်သက်က တော်တော်ကိုရှည်ပါတယ်။ ဒီလို အကြာကြီး  နိုင်ငံရဲ့ဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူတွေကိုလည်း ကြုံတုန်း ဂုဏ်ပြုချင်ပါတယ်။

"နိုင်ငံ့ဝန်ထမ်း  လုပ်ရတယ်ဆိုတာက ချမ်းသာတဲ့နိုင်ငံတွေနဲ့ မချမ်းသာတဲ့ ကျွန်မတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့  အခြေအနေချင်း က မတူပါဘူး။ အခြေအနေချင်း မတူဘူးဆိုပေ မယ့် ကိုယ့်တာဝန်ကျေပွန်မှုမှာဆိုရင် ကိုယ့် တာဝန်ကျေပွန်ရင် ကမ္ဘာက ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်စေ၊ ဘယ်လောက်ပဲ ချမ်းသာတဲ့နိုင်ငံဖြစ်စေ အဲဒီက နိုင်ငံတွေက ဝန်ထမ်းတွေနဲ့ ကိုယ်က ရင်ပေါင်တန်းနိုင်ပါ တယ်။ နောက်ဆုံးကျတော့ တာဝန်ကျေမှုပါ ပဲ။  ဒီလိုတာဝန်ကျေမှုစိတ်ဓာတ်ကို  ကိုယ့် သားသမီးတွေကို ပေးလိုက်မယ်ဆိုရင် ဒါက တော့ အကောင်းဆုံးအမွေအနှစ်ပဲလို့ ကျွန်မ ကတော့ ယူဆပါတယ်။

"ဒါကြောင့် ဝန်ထမ်းများအနေနဲ့ နိုင်ငံ့ဝန် ကိုထမ်းရတာ ဂုဏ်ယူသလို ဝန်ထမ်းသားသမီး များအနေနဲ့ ကိုယ့်မိဘများဟာ နိုင်ငံ့ဝန်ကို ထမ်းတဲ့ပုဂ္ဂိုလ်တွေဆိုပြီး  ဂုဏ်ယူစေချင်ပါ တယ်။ တချို့တွေက ဝန်ထမ်းလုပ်ရတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေလောက်   ဝင်ငွေ မကောင်းဘူး။ ဂုဏ်မရှိဘူးလို့ ထင်ရင်လည်း ထင်ကြမယ်။  ဒါပေမယ့်  နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးဟာ   ကောင်းမွန်တဲ့   ဝန်ထမ်း အဆောက်အအုံ တစ်ခုပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးတောင့်မှ နိုင်ငံဟာလည်းတောင့်မှာ ဖြစ်ပါတယ်။  ဒါကြောင့် ဒီနေ့ ဂုဏ်ပြုနေတဲ့ ကျောင်းသူ ကျောင်းသားတွေထဲက ဝန်ထမ်း လောကထဲကိုဝင်ချင်မယ့် ကျောင်းသူကျောင်း သားတွေလည်း ပါလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။   ကျွန်မတို့နိုင်ငံရဲ့  ဝန်ထမ်းတွေရဲ့ အဆင့်မြင့်လာတာနဲ့အမျှ ဝန်ထမ်းလောက ထဲကိုဝင်လာတဲ့  လူငယ်တွေလည်း များလာ မယ်လို့ မျှော်လင့်ပါတယ်။

"အထူးသဖြင့်  ယောက်ျားလေးတွေကို  ဝန်ထမ်းလောကထဲကိုဝင်ဖို့ ဆွဲဆောင်ချင်ပါ တယ်။ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးတွေက များလာပြီး အမျိုးသားတွေက နည်းလာတယ်။ အမျိုးသမီး အမျိုးသားတန်းတူညီရေးဆိုတာ မျှမျှတတဖြစ်စေချင်တယ်။  ဘယ်မှာမဆို အမျိုးသားလည်းရှိရမယ်။ အမျိုးသမီးလည်း ရှိရမယ်။ တချို့နေရာတွေမှာ အမျိုးသမီးတွေက အားသာတယ်။ တချို့နေရာတွေမှာ အမျိုးသား တွေက အားသာတယ်။ နေရာတိုင်းမှာ တစ်ဦး ချင်း  တစ်ဦးချင်း  ပြောမယ်ဆိုရင်    ကိုယ့် အားနည်းချက်နဲ့ ကိုယ့်အားသာချက်ဆိုတာ ရှိတာချည်းပဲ။ ပူးပေါင်းဆောင်ရွက်မှ ပြီးပြည့်စုံ နိုင်မှာပါ။

မျှမျှတတ ကြည့်စေချင်

" ဒီနေ့တက်ရောက်လာကြတဲ့ ကျောင်း သူ ကျောင်းသားများဟာ ဘ၀မှာ ဘာလုပ်မယ် စိတ်ကူးထားလဲလို့တော့ ကျွန်မလည်းမသိဘူး။ မိဘများဟာ ဘယ်လိုမျှော်မှန်းထားလဲဆိုတာ မသိဘူး။  မိဘများကလည်း ကိုယ့်သားသမီး တွေအတွက်   မျှော်မှန်းတဲ့နေရာမှာ သိပ်ပြီး တော့   ကျဉ်းကျဉ်းလေးမကြည့်ပါနဲ့၊  နိုင်ငံ့ အတွက်လည်း   ကြည့်ပါ။   သားသမီးတွေ အတွက်လည်း ကြည့်ပါ။  မိသားစုအတွက် လည်း ကြည့်ပါ။ ဒါပေမယ့် မျှမျှတတတော့ ကြည့်စေချင်ပါတယ်။ လူငယ်များ၊ ကျောင်းသူ ကျောင်းသားများကလည်း   ဒီအတိုင်းပါပဲ။ ဒီအတိုင်းပဲ       ကြည့်စေချင်ပါတယ်။ ကိုယ့်တစ်ယောက်တည်းအတွက် မကြည့်ပါနဲ့။ ကိုယ့်မိသားစုအရေးအတွက်လည်း မကြည့်ပါ နဲ့။   ကိုယ့်နိုင်ငံအတွက်  ကြည့်ပါ။  အားလုံး အတွက် စုပြီးကြည့်မှသာ ကိုယ်ကနေပြီးတော့ ပြီးပြည့် စုံတဲ့     လူသားတစ်ယောက်ဖြစ်နိုင်မှာပါ။ ပြီးပြည့်စုံတဲ့ လူသားဆိုတာ ကိုယ့်အကျိုးပဲ ဆောင်နိုင်ရုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူများ အကျိုးဆောင်ဖို့ဆိုတာလည်း ပုထုဇဉ်လူသား တွေဖြစ်တဲ့အတွက် ဒါကတော့ လက်တွေ့မကျ တဲ့ တောင်းဆိုမှုမျိုး ဖြစ်ပါလိမ့်မယ်။

"ဒါကြောင့်    ဘ၀ရဲ့မှတ်တိုင်တစ်ခုကို အောင်မြင်စွာဖြတ်သန်းပြီးတဲ့ ကျောင်းသား ကျောင်းသူများဟာ     အခုဆက်ပြီးတော့ ပညာလိုက်စားဦးမှာလား၊     ဘ၀အတွက်၊ အသက်မွေးဝမ်းကျောင်းအတွက် လောကထဲ ကို ထွက်ပြီးရှာမှာလား၊ ဘယ်လိုပဲသွားသွား၊ ဘယ်နေရာပဲသွားသွား၊     ကိုယ်ဟာ  ကိုယ် တစ်ယောက်တည်းအတွက် လုပ်တာမဟုတ် ဘူး။    အများအတွက်ချည်းပဲ   လုပ်လို့လည်း လက်တွေ့မကျဘူး၊ အားလုံး  ကိုယ့်အကျိုး၊ အများအကျိုးအတွက်လုပ်နေတဲ့   ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ စဉ်းစားပါ။ ဒီလောက ကြီးရဲ့ ပြောင်းလဲနေမှုတွေကိုလည်း သတိပြုပါ။

လူငယ်များကတော့ မာန်ရှိတတ်တယ်။ ငါတို့ ခေတ်က အရင်ခေတ်တွေထက် တိုးတက် တယ်၊ ငါတို့ကပိုပြီးတော့တတ်တယ်၊ သိတယ်။ အထူးသဖြင့် နည်းပညာခေတ်မှာ ဒီလိုစဉ်းစား တတ်ကြပါတယ်။   ဒါလည်း   လုံး၀မှန်တာ မဟုတ်ပါဘူး။  ခေတ်တိုင်း  ခေတ်တိုင်းက သူ့အားသာချက်နဲ့သူ ရှိပါတယ်။

အောင်အောင်မြင်မြင်ကျော်လွှား

"ဒါကြောင့် လူငယ်များဟာ အသက်ကြီး လာတာနဲ့အမျှ   တစ်နေ့မှာ   လူငယ်ဟုတ် တော့မှာမဟုတ်ပါဘူး။    အခုကတည်းက လူကြီးလောကထဲကို  ဝင်မယ့် လူငယ်တွေ ဖြစ်တာကြောင့်   လူကြီးပီပီ  စဉ်းစားဖို့လည်း တစ်ဖက်ကနေစပြီး ခြေလှမ်းရပါလိမ့်မယ်။ ဒါပေမယ့် တက်ကြွတဲ့လူငယ်စိတ်၊ ဆန်းသစ် တီထွင်ချင်တဲ့လူငယ်စိတ်တွေကိုလည်း မပျက် အောင် ထိန်းသိမ်းထားရပါမယ်။ ဒီလိုနှစ်ခုလုံး ထိန်းသိမ်းထားမယ်ဆိုရင် လူကြီးစိတ်၊ လူငယ် စိတ် မျှမျှတတရင့်ကျက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ် လာအောင်၊ ရင့်ကျက်တဲ့ လူသားတစ်ယောက် ဖြစ်လာအောင်   လုပ်နိုင်မယ်ဆိုရင် ဒါဟာ တကယ့်ဘ၀မှတ်တိုင် တစ်ခုကို အောင်အောင် မြင်မြင်ကျော်လွှားလာနိုင်တယ်လို့ ကျွန်မတို့  ဒီလိုသတ်မှတ်လို့ရပါတယ်။

" ကျွန်မ နိဂုံးချုပ်အနေနဲ့ အားလုံးကို ဂုဏ်ပြုတယ်ဆိုတာ  ပထမဦးဆုံးကတော့ စာမေးပွဲတွေအောင်ခဲ့တဲ့၊  ကျောင်းသား ကျောင်းသူများ မဟုတ်တော့တဲ့ လူငယ်များ ကို ဂုဏ်ပြုပါတယ်၊ မိဘများကို ဂုဏ်ပြုပါ တယ်။ အားလုံးဝိုင်းဝန်းပြီးတော့ ဒီလိုအခမ်း အနားကျင်းပနိုင်အောင် ရဲဘော်၊ ရဲဘက်စိတ်နဲ့ ကူညီပေးတဲ့  ဌာနအသီးသီးက ဝန်ထမ်းတွေ ကိုလည်း ဂုဏ်ပြုပြီးတော့ ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်"ဟု ပြောကြားသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင်  ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်     မောင်ဘုန်းသုတ၊ မနွေးနွေးကျော်၊   မောင်မင်းပြည့်ပြည့်ဦး၊ မဟန်မေစိုးနှင့် မဟန်နီသော်တို့အား ဂုဏ်ပြု ဆုငွေနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
    
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန် စွာ အောင်မြင်ခဲ့ကြသည့် မဇွန်ဖူးအိမ်၊ မချမ်း မြေ့နေခြည်၊  မမေပြည့်စုံစိုး၊  မောင်ဇင်မျိုး၊ မောင်စန်းပွင့်အောင်၊ မောင်စိုင်းအောင်ကျော် ထက်နှင့် မဆုသန္တာအောင်တို့အား ဂုဏ်ပြုဆု ငွေနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ   ပေးအပ် ချီးမြှင့်သည်။ 

ကျေးဇူးတင်စကားပြောကြား

ဆက်လက်၍ ဒုတိယဝန်ကြီး ဦတင်မြင့်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်   လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊   အမြဲတမ်းအတွင်းဝန် ဦးခင်လတ်က နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ ၁၁ ဦး၊ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ   ၂၀၁၈-၂၀၁၉   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ ငါးဦး တို့အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်     ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်    ပညာသင်ကြားနေသည့် နိုင်ငံတော်သမ္မတရုံးမှ     ကျောင်းသား ကျောင်းသူများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ကျောင်းသား ကျောင်းသူများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ   ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျောင်းသား ကျောင်းသူ များကိုယ်စား  ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ဘုန်းသုတက     ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီးနှင့်       ဧည့်သည်တော်များသည် နိုင်ငံတော်သမ္မတရုံးမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်သူများနှင့်အတူ   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် သည် ကျောင်းသားမိဘများ၊ တက္ကသိုလ်ဝင် စာမေးပွဲ   ထူးချွန်စွာ   အောင်မြင်သူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ရင်းရင်းနှီးနှီး         တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။   
                 

သတင်းစဉ်

No comments:

Post a Comment