Tuesday, July 9, 2019

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့ကျင်းပ

Image may contain: 4 people, people sitting and indoor
ရန်ကုန် ဇူလိုင် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညို ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတဓမ္မာစာရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဖတ်ကြားလျှောက်ထား
အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီး များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာ များကို လျှောက်ထားရာတွင် ယခုအခါ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည် သတ္တမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ် သက်တမ်းသို့ကူးပြောင်းခဲ့ပြီး သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တွင် အသစ်သစ်သော သံဃမဟာနာယက ဆရာတော် များ အစားထိုးဝင်ရောက်လာသကဲ့သို့ ဝိနည်းဓိုရ်ဆရာတော်အဆင့်အဆင့်တွင်လည်း အသစ်သစ်သော ဝိနည်းဓိုရ်ဆရာတော်များ အစားထိုးဝင်ရောက် လာမှုများ ရှိလာသည်ကို သိရှိရပါကြောင်း၊ အစားထိုးဝင်ရောက်လာသော သံဃမဟာနာယက ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့ အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများနှင့် ဝိနိစ္ဆယဆိုင်ရာလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သံဃနာယကနှင့်ဝိနည်းဓိုရ် မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချသင့်သည်ဟု လျှောက်ထားလိုပါကြောင်း၊ ထိုသို့ နာယကသင်တန်း နှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကြောင့် သံဃနာယက ဆရာတော်များ၊ ဝိနည်းဓိုရ်ဆရာတော်များသည် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာ များကို ကျေကျေညက်ညက်ပိုင်ပိုင်နိုင်နိုင် ရှင်းရှင်းလင်းလင်း လေ့လာရသဖြင့် သံဃနာယကလုပ်ငန်း၊ ဝိနိစ္ဆယလုပ်ငန်းများကို သာသနာပြုစိတ်ဓာတ် အပြည့် အဝဖြင့် တက်တက်ကြွကြွဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။ သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်း အပိုဒ်- ၉၇၊ အပိုင်ခွဲ(ဃ)အရ မြို့နယ်သံဃနာယကအဖွဲ့များက နှစ်စဉ်ဝါဆိုသံဃာစာရင်းကောက်ယူလျက် ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ၂၀၁၈ ခုနှစ် ဝါဆိုသံဃာ စာရင်းအရ ရဟန်းသာမဏေပေါင်း ၅၂၆၃၇၃ ပါးရှိကြောင်းနှင့် သာသနာ့ အနွယ်ဝင် သီလရှင် ၆၇၅၂၁ ပါးရှိသည်ဟု သိရှိရပါကြောင်း။
ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်
ယခု ၁၃၈၁ ခုနှစ်(၂၀၁၉ ခုနှစ်)တွင် ဝါဆိုသံဃာစာရင်းကောက်ယူရာတွင် ပိုမိုစနစ်တကျရှိစေရေးနှင့် တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် IT နည်းပညာများဖြင့် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အလိုက် ၊ခရိုင်အလိုက်၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဝါဆိုသံဃာစာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ထားသော ညွှန်ကြားလွှာများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဝါဆိုသံဃာစာရင်းများ တိကျမှန်ကန်စွာ ရရှိခြင်းအားဖြင့် သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းခြင်း၊ ပထမပြန် ဓမ္မာစရိယစာမေးပွဲဖြေဆို ခြင်း၊ ဝိနိစ္ဆယလုပ်ငန်းများဆောင်ရွက်ခြင်း၊ သာသနာဝင်မှတ်တမ်း စိစစ်ရေး ကတ်များဆောင်ရွက်ခြင်း၊ ရဟန်းသာမဏေများအတွင်း စိမ့်ဝင်နေသော ရဟန်းတု ရဟန်းယောင်များကို ဖယ်ရှားနိုင်ခြင်း စသော သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အပံ့များစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအတွက် နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီး များနှင့်တကွ သံဃာ့အဖွဲ့အစည်း အသီးသီး၌ပါဝင်သော ဆရာတော်ကြီးများ ညီညီညွတ်ညွတ် တိုင်ပင်ညှိနှိုင်းပြီး မျက်ခြည်မပြတ် သတိချပ်လျက် တက်တက် ကြွကြွလက်တွဲ ဆောင်ရွက်နိုင်ကြပါက သာသနာတော်ကြီးကို ကွယ်ပျောက်စေ နိုင်မည့် သာသနာ့အတွင်းရန်၊ အပြင်ရန်များ တစ်စတစ်စနည်းပါးသွားမည်ဖြစ် ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အထက်အောက် ညှိနှိုင်းဆွေးနွေး ကြခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းအားဖြင့် သာသနာ့ရန်စွယ် အန္တရာယ်များ ကာကွယ်တားမြစ်နိုင်မည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
တင်သွင်းလျှောက်ထား
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင် ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်းလျှောက်ထားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယ အဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင် ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားကြပြီး သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရပ်နားသည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများအား တစ်နေ့တာဆွမ်းအလှူရှင်အဖြစ် မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးရဲမြင့်နှင့်ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment