Tuesday, June 25, 2019

နားလည်ခြင်းဖြင့် ကြည်ကြည်ဖြူဖြူ

မြန်မာ့အလင်းအယ်ဒီတာအာဘော်



လျှပ်စစ်ဓာတ်အားခများ ပြင်ဆင်သတ်မှတ်လိုက်ခြင်းက ဓာတ်အား သုံးစွဲသူများထံမှ တုံ့ပြန်မှုအမျိုးမျိုး၊ အမြင်အမျိုးမျိုး ပေါ်ထွက်လာဖွယ်ရှိ သည်။ မည်သို့ဆိုစေ နိုင်ငံအတွင်း ပြည်သူတစ်ဦးချင်းဝင်ငွေအနေအထား ကို အခြေခံပြီး ချင့်ချင့်ချိန်ချိန်နှင့် ဖြစ်သင့် ဖြစ်ထိုက်သည့် နှုန်းထားများ ကို ပြင်ဆင်လ်ိုက်ခြင်းဖြစ်သည်ဟု ရှုမြင်မိသည်။


လက်ရှိဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုများ ရေရှည်တိုးတက်ကောင်းမွန် စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဓာတ်အားမရရှိသေးသည့် ဒေသများ ဓာတ်အားသုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ်တိုးတက်ရေး လုပ်ငန်းများ စသည်တို့အတွက်ဟူသော ရည်ရွယ်ချက်များဖြင့် ဓာတ်အားခနှုန်းထား များကို မဖြစ်မနေ ပြင်ဆင်သတ်မှတ်လိုက်ရခြင်းဖြစ်ပြီး ယင်းသို့သတ်မှတ် နိုင်ရေးအတွက်လည်း ဆွေးနွေးမှုများ၊ အကြံပြုချက် ရယူခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။


မိမိတို့နိုင်ငံတွင် ဓာတ်အားသုံးစွဲမှုက နှစ်စဉ်တရိပ်ရိပ် တိုးတက်နေ သည်။ အစိုးရ၏ တတိယ တစ်နှစ်တာကာလအတွင်း လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ကီလိုဝပ်နာရီ ၃၇၀ ထိရှိလာရာ ၎င်းမတိုင်မီ တစ်နှစ်ကထက် လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၄၄ ရာခိုင်နှုန်း ကသာ သုံးစွဲခွင့်ရရှိနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အိမ်ထောင်စု ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။


လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက တိုးတက်နေသလို လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရသည့် အိမ်ထောင်စုများ နှစ်အလိုက်တိုးတက် ရေး ရည်မှန်းဆောင်ရွက်နေသည့်အလျောက် သက်ဆိုင်ရာဝန်ကြီးဌာန ဖြစ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထမ်းဆောင်ရသည့် တာဝန် မှာ ကြီးမားလှသည်။ လျှစ်စစ်ကဏ္ဍအတွက် ဘဏ္ဍာငွေကြေး လိုအပ်ချက် မှာလည်း ပမာဏကြီးမားများပြားလှသည့်တိုင်အောင် တစ်ဖက်တွင် အရှုံးပမာဏက အဆမတန် ကြီးမားလွန်းလှသည်။ လျှပ်စစ်ဓာတ်အား တစ်ယူနစ်အတွက် ထုတ်လုပ်မှုစရိတ်ကျပ် ၁၁၀ မှ ၁၁၅ ကျပ်အထိ ကုန်ကျ နေချိန်တွင် ပြည်သူလူထုသို့ ဖြန့်ဖြူးရောင်းချရာ၌ တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၅၀ အထိသာလျှင် ဖြစ်သည့်အလျောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှုံးငွေကျပ် ၄၂၂ ဘီလီယံကျော်၊ ၂၀၁၇-၂၀၁၈ တွင် အရှုံးခန့်မှန်းခြေငွေကျပ် ဘီလီယံ ၆၀၀ ကျော်ရှိခဲ့သည်။ ယင်းအခြေအနေ သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုတိုးတက်ရန်၊ တိုးချဲ့ရန်တို့ အတွက် ကြီးမားလှစွာသော အခက်အခဲစိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။


အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း တစ်နိုင်ငံလုံးတွင် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း အများအပြား ရှိနေသည်။ လက်ရှိတွင် နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေထက်ဝက် နီးပါးသာ ဓာတ်အားသုံးစွဲနိုင်ခြင်းဖြစ်သည့်အတွက် ကျန်အိမ်ထောင်စု ထက်ဝက်ခန့်ကို အမှောင်တွင်းမှ အလင်းရဖို့ ဝိုင်းဝန်းစွမ်းဆောင်ပေး ကြဖို့လိုသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀များ ကောင်းမွန်ပြည့်စုံရေးအတွက် လျှပ်စစ်ကဏ္ဍ အရှုံးကြီး ရှုံးနေသမျှတော့ ကြိုးပမ်းဆောင်ရွက်ဖို့ လွယ်မည်မဟုတ်သည့်အလျောက် ဓာတ်အားခ အပြောင်းအလဲကို နားလည်ကြည်ဖြူနိုင်ကြပါစေကြောင်း။ ။


No comments:

Post a Comment