Wednesday, May 22, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခြေခံပညာအလယ်တန်းအဆင့် (သင်ရိုးသစ်) Grade -6 ခရိုင်အဆင့် ဆွေးနွေးပွဲ/သင်တန်းသို့ လာရောက်ကြည့်ရှုအားပေး


 
Image may contain: 6 people, people smiling


နေပြည်တော် မေ ၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီး ဌာနက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိ သည့် နေပြည်တော် ဒက္ခိဏခရိုင်၏ အခြေခံပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade -6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ လာရောက်ပြီး ဆရာ၊ ဆရာမများ Grade -6 သင်ရိုးသစ်သင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာသင်ခန်းများ အတွင်း ပြသထားသည့် သင်ရိုးဟောင်း၊ သင်ရိုးသစ် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ လိုက်လံ ကြည့်ရှုသည်။


ဆက်လက်၍ ဆရာ၊ ဆရာမများ (သင်ရိုးသစ်)Grade -6 ဘာသာရပ် အလိုက် သင်ကြားပို့ချနေမှုကို လိုက်လံ ကြည့်ရှုအားပေးသည်။
အဓိကမှာပညာရေးစနစ်ဖြစ်
ယင်းနောက် သိပ္ပံနှင့် ကာယပညာ ဆရာမများ ကိုယ်ကာယလေ့ကျင့်ခန်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းသား ဆရာ၊ ဆရာမများ အနေဖြင့် သင်ယူရာတွင် တော်ကြသည်ကို သိရှိပါကြောင်း၊ သင်ယူရာတွင် တော်ကြ သကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြ မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ချိန်နှင့် ကျောင်းတွင် ပျော်ရွှင် အောင် မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ကလေး များ ကျောင်းသွားရသည်ကို ပျော်မှသာ ပညာတတ်များ ဖြစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ် နေပါသေးကြောင်း၊ အဓိကမှာပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ် မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံရှိကျောင်းသား၊ ကျောင်းသူများ အား အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများထက် တစ်မူထူးပြီး တော် စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် တော်စေချင်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက် ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ မိမိတို့ လူမှု အသိုင်းအဝိုင်း ပျော်ရွှင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့် ကလေးငယ် များကို မွေးထုတ်ချင်ပါကြောင်း၊ အဓိက ကျသည်မှာ ဆရာ၊ ဆရာမများ ဖြစ်ပါ ကြောင်း ပြောကြားသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ၊ ဆရာမများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချ
ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade -6 ကို လာမည့် ပညာသင်နှစ် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် သင်ကြားနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာအလယ်တန်း အဆင့်သင် ဆရာ၊ ဆရာမများအား သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနား၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဆရာ၊ ဆရာမ ၈၁၄ ဦးအား ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ လယ်ဝေးမြို့နယ်မှ ဆရာ၊ ဆရာမ ၇၅၃ ဦးတို့အား လယ်ဝေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး သင်တန်း များတွင် ကိုယ်ပိုင်ကျောင်းများမှ လေ့လာသူ ၂၆ ဦး လာရောက်လေ့လာ သင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးတွင် သင်ရိုးသစ် မူလတန်း အဆင့် KG တန်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade -1 ကို ၂၀၁၇-၂၀၁၈ ပညာသင် နှစ်တွင် လည်းကောင်း၊ Grade -2 ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် လည်းကောင်း သင်တန်းများ သင်ကြား ပို့ချခဲ့ပြီး သင်ရိုးသစ် Grade -3 နှင့် အလယ်တန်းအဆင့် သင်ရိုးသစ် Grade -6 ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင်လည်းကောင်း သင်ကြားပို့ချလျက်ရှိ ကြောင်း သိရသည်။
သင်ရိုးအဖြစ် သတ်မှတ်သင်ကြား
ယခင်က သင်ရိုးဟောင်းတွင် သင်ရိုး ဘာသာဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ် တို့ကို သင်ရိုးအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တ နှင့် ပြည်သှူနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကို တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးခဲ့ရာမှ ယခုသင်ရိုးသစ်တွင် ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကိုပါ သင်ရိုးအဖြစ် သတ်မှတ်သင်ကြားလျက် ရှိကြောင်း သိရသည်။
သင်ရိုးသစ်ဖြင့် သင်ကြားခြင်း အားဖြင့် ကျောင်းသား၊ ကျောင်းသူများ အား စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မား လာခြင်း၊ နိုင်ငံချစ်စိတ်တိုးတက်လာခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှမှု စိတ်ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာခြင်းတို့ ရရှိလာမည်ဖြစ် ကြောင်း သိရသည်။
ခေါင်းဆောင်မှုအတတ်ပညာထည့်သွင်း
ယခုသင်တန်းများတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်း အုပ်များအား သင်ရိုးသစ်များအပြင် ခေါင်းဆောင်မှု အတတ်ပညာကိုလည်း ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment