Saturday, May 18, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျောက်ဆည်မြို့နယ် ဘဲလင်း ၁၄၅ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား




နေပြည်တော် မေ ၁၇


နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဘဲလင်း ၂၃၀ ကေဗွီဓာတ်အားခွဲရုံဝင်းအတွင်း၌ တည်ဆောက်ပြီးသွားသည့် ၁၄၅ မဂ္ဂါဝပ် သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ တာဝန်ရှိသူများ၊ ဘဲလင်းသဘာ၀ဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံ တည်ဆောက်ခဲ့ကြသည့် Powergen Kyaukse Co.,Ltd မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
လျှပ်စစ်ဓာတ်အားရရှိဖို့ အများကြီးကြိုးစားနေ
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''လျှပ်စစ်ဓာတ်အားဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ အတော်များများ မှာဆိုရင် ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်းကျော်၊ ၁၀၀ ရာခိုင်နှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အခုအချိန်အထိ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ရဲ့ ၅၀ ရာခိုင်နှုန်းတောင် မပြည့်သေးတာကို တွေ့နေရပါ တယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ အများကြီးကြိုးစားနေဖို့လိုပါတယ်။ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ဖို့ အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်း သစ်တွေဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံ အသစ်တွေဖွင့်လှစ်ခြင်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၅ မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့်သုံးစွဲနိုင်မယ် မျှော်မှန်း
''ဒီနှစ်မကုန်ခင်မှာလည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါ တယ်၊ ဒါဟာ ကျွန်မတို့ ၂၀၁၆ ခုနှစ်တုန်းက ၃၀ ရာခိုင်နှုန်း လောက် ကနေပြီးတော့ အခု ဒီနှစ်မကုန်မီ ၅၀ ရာခိုင်နှုန်းအထိ ရောက်ဖို့အတွက် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ မှာဆိုရင် တစ်နိုင်ငံလုံး ရာနှုန်းပြည့်သုံးစွဲနိုင်မယ်လို့ မျှော်မှန်း ထားပါတယ်။
''အခုအစိုးရတာဝန်ယူပြီးနောက်ပိုင်း မန္တလေးတိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်ခဲ့တဲ့ မြင်းခြံသဘာ၀ဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ ၂၂၅ မဂ္ဂါဝပ်၊ V Power ကုမ္ပဏီမြင်းခြံ  Gas Engine ဓာတ်အားပေးစက်ရုံ ၉၀ မဂ္ဂါဝပ်၊ ဒီနေ့ဖွင့်လှစ်တဲ့ ကျောက်ဆည်(ဘဲလင်း) သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၄၅ မဂ္ဂါဝပ်နဲ့ ၂၀၁၆ ခုနှစ် မေလက
စတင်လည်ပတ်ခဲ့တဲ့ မြင်းခြံ Gas Engine ဓာတ်အားပေးစက်ရုံ ၆၅ မဂ္ဂါဝပ် စုစုပေါင်း ၅၂၅ မဂ္ဂါဝပ် ဓာတ်အား
ထုတ်လုပ်ပေးလျက်ရှိပြီး အဲဒီစက်ရုံတွေ က ထုတ်လုပ်တဲ့ ဓာတ်အားတွေဟာ မန္တလေးတိုင်းဒေသကြီးရဲ့ သုံးစွဲမှုကို ထောက်ပံ့ပေးတဲ့အပြင် ဓာတ်အား စခန်းနဲ့ ချိတ်ဆက်ပို့လွှတ်နေတဲ့အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သားများထံသို့ ရောက်ရှိနေပြီးတော့ သုံးစွဲနိုင်ပြီး ဖြစ်ပါတယ်။
ဓာတ်အားလုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ရေး
''မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၃၀ ကေဗွီ အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်း စီမံကိန်း၊ ၂၃၀ ကေဗွီ မြင်းခြံ၊ မိတ္ထီလာ၊ တောင်တွင်းကြီး ဓာတ်အားလိုင်းစီမံကိန်း၊ ၅၀၀ ကေဗွီ မိတ္ထီလာဓာတ်အားခွဲစက်ရုံ စီမံကိန်း၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း (၆၀ မဂ္ဂါဝပ်) လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။
လျှပ်စစ်ဓာတ်အားရရှိရေး
''အစိုးရတာဝန်ယူတဲ့ အချိန်ကစပြီး တော့ နိုင်ငံတိုးတက်ရေးအတွက်၊ ဖွံ့ဖြိုး ရေးအတွက် အဓိကကျတဲ့ကိစ္စနှစ်ခုဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ် ဓာတ်အားရရှိရေးပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်း ဆက်သွယ်ရေးကောင်းလာပြီ၊ လျှပ်စစ် ဓာတ်အားရလာပြီဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ဘ၀ မြန်မြန်ကြီး ကို တိုးတက်တယ်ဆိုတာ ကျွန်မတို့ သတိပြုမိပါတယ်။
''လျှပ်စစ်ဓာတ်အားရရှိတယ်ဆိုတာ ဟာ မီးခလုတ်လေးဖွင့်ရုံနဲ့ မီးလင်းရုံတင် မကဘူး၊ မီးလင်းသွားခြင်းရဲ့ အကျိုးဆက် တွေကို ကျွန်မတို့ရဲ့ ပြည်သူပြည်သား တွေ ခံစားရပါတယ်။ အကျိုးဆက်တွေက အရိုးဆုံး၊ အရှင်းဆုံးပြောရမယ်ဆိုရင် အိမ်အလိုက်၊ မိသားစုအလိုက် လျှပ်စစ် ဓာတ်အားမရတဲ့ အခြေအနေကနေ ပြီးတော့ ရတဲ့အခြေအနေကို ရောက်သွား ရင် ကျောင်းသွားတဲ့ကလေးတွေ စာ ကောင်းကောင်း ပိုပြီးတော့ ကျက်နိုင် တာကနေစပြီးတော့ မိဘတွေအနေနဲ့ အိမ်တွင်းမှာ လုပ်ငန်းကလေးတွေ လုပ်ချင်ရင်တောင်မှ လုပ်နိုင်တဲ့အခြေ အနေကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်ဓာတ်အားရရှိရေးဟာ ကျွန်မတို့ ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး ကောင်းတယ်လို့ ဆိုလိုပါတယ်။
အမှောင်ကိုခွင်းလို့ အလင်းကိုရောက်
''လျှပ်စစ်ဓာတ်အားရရှိရေးဆိုရင် အလင်းနဲ့ပြည်သူတွေက ဆက်စပ်ပြီး တော့ စဉ်းစားပါတယ်။ အမှောင်ကိုခွင်းလို့ အလင်းကိုရောက်ပြီဆိုတဲ့ သဘောမျိုးပါ၊ ဒါပေမယ့် အမှောင်ကိုခွင်းလို့ အလင်းကို ရောက်ပြီဆိုတာ ကျွန်မတို့ ဟိုးအရင် တုန်းက စာပေဗိမာန်ရဲ့ဆောင်ပုဒ် ဖြစ်ပါ တယ်။ ဒါဟာ ပညာအလင်းကိုပေးခြင်းကို ဆိုလိုတာပါ။ ဒါကြောင့်မို့ ကျွန်မကတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံးကို အသိပေးချင်တာကတော့ လျှပ်စစ်မီးရခြင်းဆိုတာဟာ ရုပ်ပိုင်း ဆိုင်ရာအရ၊ နည်းပညာပိုင်းဆိုင်ရာအရ ပြည်သူတွေကို အလင်းပေးခြင်းပဲ ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နိုင်ငံ တကယ့် ကို လင်းဖို့ဆိုရင် ပြည်သူတွေ ကိုယ်တိုင် ကြိုးစားရမှာပါ။ လျှပ်စစ်မီးရဲ့ လင်းနိုင် တဲ့အင်အားထက် ပိုပြီးတော့ကြီးတာ ဟာ ပညာအလင်းပဲ ဖြစ်ပါတယ်။ ဒါပေ မယ့် ပညာအလင်းထက် ပိုပြီးတော့တောင် တန်ဖိုးရှိတာဟာ မေတ္တာအလင်းပဲ ဖြစ်ပါတယ်။
ပ်ိုင်းခြားစိတ်ဖြာနိုင်
''ဒါကြောင့်မို့ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ ပညာကြိုးစားရမယ်၊ ပညာရှိအောင် ဆောင်ရွက်ကြရမယ်၊ ပညာဆိုတာ အတန်းပညာကို ပြောနေ တာမဟုတ်ပါဘူး။ မှန်မှန်ကန်ကန် အခြေ အနေတစ်ခုကို ပ်ိုင်းခြားစိတ်ဖြာနိုင်တဲ့၊ အစွမ်းရှိတဲ့ပညာ၊ ဒီလို ပိုင်းခြားစိတ်ဖြာ ပြီးတဲ့အခါကျရင် ပိုမိုပြီးတော့ အခြေ အနေတွေကောင်းမွန်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာကို စဉ်းစားဆွေးနွေး ပြီးတော့ တာဝန်ယူနိုင်တဲ့ ပညာ၊ အဲဒီလို အဆင့်ဆင့်ပညာတွေ ကျွန်မတို့မှာ လိုပါတယ်။
လျှပ်စစ်မီးရရင် စီးပွားရေးတိုးတက်မယ်
''ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ ကျွန်မ သတိပေးပါတယ်။ ပြည်ထောင်စုဖြစ်တာကြောင့် ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ကျွန်မတို့တစ်နိုင်ငံလုံး အတွက် မျှမျှတတဖြစ်ရဲ့လားဆိုတာ စဉ်းစားပြီးမှ ကျွန်မတို့ကြိုးစားပြီးတော့ လုပ်ပါတယ်။ တစ်နေရာတည်းမှာ စီးပွား ရေးအမြင်တစ်ခုနဲ့ပဲ ဒီနေရာမှာတော့ လျှပ်စစ်မီးရရင် စီးပွားရေးက တိုးတက် မယ်။ မြန်မြန်ဆန်ဆန် ချမ်းသာမယ်ဆိုတဲ့ အမြင်တစ်ခုနဲ့ပဲ ကျွန်မတို့ ကြည့်လို့မရ ပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေ ပိုပြီးတော့ခိုင်မာရေး အတွက် ကျွန်မတို့မှာရှိတဲ့ ဓနအင်အား တွေ၊ နိုင်ငံတော်ရဲ့ဘဏ္ဍာနဲ့ ကျွန်မတို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ပြည်ပရော၊ ပြည်တွင်းက ပုဂ္ဂိုလ်တွေရောရဲ့ အင်အားတွေကို နိုင်ငံအတွက်ဖြစ်အောင် ဘယ်လိုသုံးမလဲလို့ စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်နဲ့ စဉ်းစားရပါတယ်။ ပြည်ထောင်စုတစ်ခုလုံး ချမ်းသာလာရုံတင်မက ပိုပြီးတော့ ညီညွတ်လာအောင်လို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုပိုပြီး ရှိလာအောင်လို့ ဦးတည်ပြီးတော့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို အကောင် အထည်ဖော်ရပါတယ်။
''ကျွန်မစောစောက ပြောသလိုပဲ လျှပ်စစ်ဓာတ်အားပေးရေးကို စဉ်းစားတဲ့ အခါကျရင် ပိုက်ဆံအတွက်တစ်ခုတည်း နဲ့ မစဉ်းစားပါဘူး။ နိုင်ငံရဲ့ အနာဂတ် အတွက် ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတဲ့
အချက်တွေကို အဓိကထားပြီးတော့ စဉ်းစားပါတယ်။ ကျွန်မတို့နိုင်ငံ ပိုပြီးတော့ လင်းလာအောင် ပြည်သူပြည်သားများ ကြိုးစားပေးကြပါလို့ ထပ်တလဲလဲ မေတ္တာ ရပ်ခံခဲ့သလို ယခုလည်း ထပ်ပြီးမေတ္တာ ရပ်ခံချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေစပြီး တော့ ပြည်တွင်းငြိမ်းချမ်းရေး ၁၀၀ ရာခိုင်နှုန်းဆိုတာမရခဲ့ပါဘူး။ တစ်ချိန်လုံး ဟိုနေရာမဟုတ် ဒီနေရာလာ ပြည်တွင်း ပဋိပက္ခမီးတွေက တောက်လောင်နေတာ တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားထက် ပိုပြီးတော့ အရေးကြီးတာက ကျွန်မတို့ နိုင်ငံမှာ တောက်နေတဲ့ အပူမီးတွေကို ဘယ်လိုငြိမ်းသွားအောင် လုပ်ပေးနိုင်မလဲ ဆိုတာ ပညာတွေထက် မေတ္တာတွေကို တိုးပွားအောင်လုပ်ဖို့ ဖြစ်ပါတယ်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်တည်လာ
''လျှပ်စစ်ဓာတ်အားပေး စက်ရုံ တစ်ခု အသစ်ဖွင့်တိုင်းဖွင့်တိုင်း လျှပ်စစ် ဓာတ်အားပေးမှုလုပ်ငန်းတစ်ခု အောင် အောင်မြင်မြင် အကောင်အထည်ဖော် နိုင်တိုင်း ဖော်နိုင်တိုင်း ပြန်ပြီးတော့ သုံးသပ်ပါတယ်။ လျှပ်စစ်ဓာတ်အားစက်ရုံ တစ်ခု ပိုပြီးတော့ရှိတဲ့အတွက် ဘယ်လို ကျွန်မတို့နိုင်ငံအတွက် အကျိုးရှိနိုင်မလဲ၊ စီးပွားရေးအရ ဘယ်လိုအကျိုးရှိနိုင်မလဲ၊ လူမှုရေးအရ ဘယ်လိုအကျိုးရှိနိုင်မလဲ၊ နိုင်ငံရေးအရ ဘယ်လိုအကျိုးရှိနိုင်မလဲ ဆိုတာကို စဉ်းစားရပါတယ်။ နိုင်ငံရေး ဆိုတာ ကျွန်မ စောစောကပြောတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့
နိုင်ငံရေးဖြစ်ပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံတဲ့နိုင်ငံရေးကို အားလုံး တစ်ညီတစ်ညွတ်တည်းနဲ့ ထမ်း ဆောင်မယ်ဆိုရင် ဒီနိုင်ငံဟာ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ အမြန်တိုးတက် မယ်။ ခိုင်ခိုင်မာမာ အနာဂတ်အတွက် ထိန်းသိမ်းထားနိုင်တဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ဖြစ်တည်လာနိုင်မယ်လို့ အဓိကယုံကြည်ပါတယ်။
စာဖတ်ခြင်းဟာ အများအတွက် ဖြစ်ပါစေ
''ဒါကြောင့် ပြည်သူကိုအားကိုးတယ်။ ပြည်သူကိုယုံကြည်တယ်။ ပြည်သူကို အားကိုးပြီးတော့ ပြည်သူကို ယုံကြည်ပြီး တော့ နိုင်ငံရေးလုပ်ငန်းကို လုပ်ရပါတယ်။ ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီးတော့ ပြောတဲ့အခါမှာ တချို့တွေက အခွင့်အရေး တွေကိုပဲဖိပြီးတော့ ပြောကြပါတယ်။ အခွင့်အရေးတွေကိုပဲ ဖိပြီးတော့ ပြောလို့ မရပါဘူး။ တာဝန်ဝတ္တရားတွေကိုလည်း သိရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်ရသွား ပြီဆိုရင် လျှပ်စစ်ဓာတ်မီးရခြင်းကြောင့် ပိုလာတဲ့အလင်းရောင်တွေကို အများ အတွက် အကျိုးရှိအောင်လို့ သုံးပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျောင်းသူ ကျောင်းသားများဟာ အရင် တုန်းကနဲ့ပိုပြီးတော့ စာဖတ်နိုင်တဲ့အနေ အထား၊ စာကျက်နိုင်တဲ့အနေအထားရှိ လာတဲ့အခါမှာ စာကျက်ခြင်းတွေ စာဖတ် ခြင်းတွေဟာ အများအတွက်ဖြစ်ပါစေ လို့ တိုက်တွန်းချင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်
''တစ်နိုင်ငံလုံးကို မကြာမီကာလ အတွင်း ၁၀၀ ရာခိုင်နှုန်းရဖို့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ စီမံကိန်းတွေ အောင်မြင်တဲ့အခါမှာ ဒီနိုင်ငံဟာ တစ်မူ ထူးခြားပြီး တိုးတက်တဲ့နိုင်ငံတစ်ခု ဖြစ် လာစေချင်ပါတယ်။ ဘာဖြစ်လို့ တစ်မူထူး တယ်လို့ ပြောချင်တာလဲဆိုတော့ အခု က္ဘာကြီးမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအင်မတန်မှ ဦးစားပေးပါတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဦးစား ပေးလို့ ဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာ တွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အခုထိ အဖြေမပေါ်သေးပါဘူး။ ကျွန်မတို့နိုင်ငံအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကစရုံပဲ ရှိသေးတဲ့အပေါ်မှာ တိုးတက်ဆဲနိုင်ငံ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်တဲ့အချိန်ကစပြီးတော့ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့ကလိုပါတယ်။ အဲဒီလို ဖွံ့ဖြိုး တိုးတက်တဲ့ စိတ်ဓာတ်တွေသာ ကျွန်မတို့ မှာရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိနေတဲ့ နိုင်ငံတွေထက် ပိုပြီးတော့ ကျွန်မ တို့ရဲ့ ပြည်သူပြည်သားများဟာ အဖိုးတန် တဲ့လူသားတွေကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမှာပါ။ အခု လျှပ်စစ် ဓာတ်အားပေးရုံတစ်ခုပိုပြီးတော့ များလာ ခြင်းကြောင့် ကျွန်မတို့နိုင်ငံကြီး ငြိမ်းချမ်း ဖို့အခွင့်အရေးတွေ ဖွံ့ဖြိုးတိုးတက် လာပါစေ။ ပြည်သူပြည်သူများဟာ ပြည်ထောင်စုကြီးတင်မက က္ဘာကြီးကို အကျိုးပြုနိုင်တဲ့ လူသားများ ဖြစ်လာနိုင် ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါတယ်''ဟု ပြောကြားသည်။
လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေ
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားပေးစက်ရုံ ဆောင် ရွက်ခဲ့မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားရရှိမှု အခြေ အနေနှင့် ဓာတ်အားပေးစက်ရုံ တည် ဆောက်ခြင်းမှရရှိသော အကျိုးကျေးဇူး များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့မှု ဗီဒီယိုရုပ်သံမှတ်တမ်း ကိုပြသပြီး ဓာတ်အားပေးစက်ရုံတည် ဆောက်ပေးမှုအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စက်ရုံအတွက် အင်ဂျင် များ သယ်ယူရန်ပံ့ပိုးကူညီပေးခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန အင်ဂျင်နီယာချုပ် ဦးသိန်းအောင် အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်း ကောင်း၊ ဓာတ်အားပေးစက်ရုံ တည် ဆောက်ခဲ့ကြသည့် Powergen Kya-ukse Co.,Ltd မှ ဥက္ကဋ္ဌ ဦးမောင်ကျေး နှင့် တာဝန်ရှိသူများအား ဂုဏ်ပြု သစ်သီးခြင်းကိုလည်းကောင်း ပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ Powergen Kya-ukse Co.,Ltd ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မ္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည် အောင်၊ စဉ့်ကိုင်မြို့နယ် ပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် လင်းနှင့် Powergen Kyaukse Co.,Ltd ဒါရိုက်တာ ဦးအောင်လှိုင် ဦးတို့က ဓာတ်အားပေးစက်ရုံကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့က စက်ရုံမှထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အား ၁၄၅ ဒသမ ၄၉ မဂ္ဂါဝပ်ကို မဟာဓာတ်အားလိုင်းပေါ်သို့ ပို့လွှတ်နိုင်ရန် စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။
၁၁ လခန့်သာ အချိန်ယူတည်ဆောက်
ယခုဖွင့်လှစ်သည့် ဓာတ်အားပေး စက်ရုံသည် ပုဂ္ဂလိကပိုင်ကဏ္ဍ BOO စနစ်ဖြင့် ငါးနှစ်တာ ဓာတ်အားထုတ်လုပ် ခြင်းဆောင်ရွက်မည့် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံဖြစ်ပြီး ပြည်တွင်း ထွက်သဘာ၀ဓာတ်ငွေ့ဖြစ်သည့် ရွှေ ကမ်းလွန် သဘာ၀ဓာတ်ငွေ့ကုဗပေသန်း ၃၀ ကို အသုံးပြုကာ ဓာတ်အား ၁၄၅ မဂ္ဂါဝပ်ကို ရေတိုငါးနှစ်တာကာလအတွက် ဓာတ်အားထုတ်လုပ်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးအောင် တည်ဆောက်ရေး ကာလ ၁၁ လ ခန့်သာ အချိန်ယူတည် ဆောက်ခဲ့ကြောင်း၊ ဓာတ်အားပေးစက်ရုံ မှ ထုတ်လုပ်သည့် ၁၄၅ မဂ္ဂါဝပ်ဓာတ်အား ကို ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံနှင့် ချိတ်ဆက်ပြီး ၁၃၂ ကေဗွီ အောင်ပင်လယ်-တံခွန်တိုင်ဓာတ်အားလိုင်းဖြင့် မ္တလေးမြို့ သို့ ၉၀ မဂ္ဂါဝပ် ပမာဏကိုလည်းကောင်း၊ ကျန်ရှိသည့် ၅၅ မဂ္ဂါဝပ်ကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် စဉ့်ကိုင်နှင့် ကျောက်ဆည်မြို့တို့သို့ လည်းကောင်း ပို့လွှတ်ပေးလျက်ရှိပြီး ၎င်းဓာတ်အား များဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်ဆင့် လိုအပ်သောနေရာများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
ယခု အစိုးရသစ်တက်ပြီးနောက်ပိုင်း မ္တလေးတိုင်းဒေသကြီးအတွင်း သဘာ၀ ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အားထုတ်လုပ် မှုအနေဖြင့် Sembcorp ကုမ္ပဏီ၏မြင်းခြံသဘာ၀ဓာတ်ငွေ့ဖြင့် စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံမှ ၂၂၅ မဂ္ဂါဝပ်နှင့် VPower ကုမ္ပဏီ၏ မြင်းခြံ Gas Engine ဓာတ်အားပေးစက်ရုံမှ ၉၀ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ် မေလတွင် စတင်လည်ပတ်ခဲ့သည့် V Power ကုမ္ပဏီ၏ မြင်းခြံဓာတ်အားပေးစက်ရုံမှ ၆၅ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးလျက်ရှိပြီး ရေအားလျှပ်စစ်စက်ရုံများအနေဖြင့် ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၇၉၀ မဂ္ဂါဝပ်၊ ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ၅၆ မဂ္ဂါဝပ်၊ ဆည်တော်ကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ၂၅ မဂ္ဂါဝပ် စုစုပေါင်း ၈၇၁ မဂ္ဂါဝပ်ကို မ္တလေးတိုင်း ဒေသကြီးအတွင်းရှိ သဘာ၀အရင်း အမြစ်များကိုအခြေခံ၍ နိုင်ငံတော် ဓာတ်အားစနစ်တွင် စုစုပေါင်း ၁၃၉၆ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ပေးလျက် ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ များထံသို့ရောက်ရှိပြီး သုံးစွဲနေပြီ ဖြစ်ကြောင်း သိရသည်။
ယခုအစိုးရလက်ထက် သုံးနှစ်တာ ကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ရွာပေါင်း ၅၁၉၁ ရွာအား ၂၄ နာရီ မီးသုံးစွဲနိုင် အောင် ပိုမိုတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ သည့်အတွက် ၂၀၁၆ ခုနှစ်တွင် မီးသုံးစွဲသူ ၃၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မ္တလေးတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၃၀၊ ကျေးရွာပေါင်း ၃၆၃၂၊ အိမ်ထောင်စု ပေါင်း ၇၈၇၄၃၃ လျှပ်စစ်ဓာတ်အားရရှိ လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး အတွင်း ပြည်သူများသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားလုံလောက် စွာနှင့် ပိုမိုပြည့်၀စွာ ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားမရရှိ မသုံးစွဲနိုင်သေးသော ပြည်သူများ ဓာတ်အားရရှိသုံးစွဲနိုင်ရေး တို့အတွက်ရည်ရွယ်ပြီး ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံများ တည်ဆောက် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အဝဖြန့်ဖြူးပေးနိုင်ရေး
မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်း အနက် ၄၄ ရာခိုင် နှုန်းခန့်မှာ ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိခဲ့ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ် မီးတိုးတက်ရရှိရန် ရည်မှန်းဆောင်ရွက် နေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင် နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝဖြန့်ဖြူးပေး နိုင်ရေးအတွက် ရည်မှန်းထားကြောင်း သိရသည်။


ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် ကျောက်ဆည်မြို့ ညောင်ပင်သောက်ကျေးရွာရှိ အနော် ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တမုတ် ရှင်ပင်ရွှေဂူဘုရားသို့ ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ကာ အလှူငွေများ ပေးအပ်လှူဒါန်း သည်။
သမိုင်းဝင် တမုတ်ရှင်ပင်ရွှေဂူ ဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာ အနီးတွင်တည်ရှိပြီး အနော်ရထာမင်း လက်ထက်တွင် လယ်တွင်း ၁၁ ခရိုင် မြို့များတွင် ရွှေဂူစေတီကိုးဆူကို တည် ထားခဲ့ရာ တမုတ်ရှင်ပင်ရွှေဂူကြီးစေတီ တော်မှာ တစ်ဆူအပါအဝင်ဖြစ်ကြောင်း၊ နရပတေ့စည်သူမင်း လက်ထက်တွင် ယိုယွင်းနေသော မူလစေတီတော် အထွတ်တင် တစ်ထပ်ဂူဘုရားငယ်ကို ကွမ်းတောင်ပေါက် နှစ်ထပ်ဂူဘုရားအဖြစ် ပြုပြင်ပြောင်းလဲခဲ့ကြောင်း။
ပင်းယခေတ် ဥစ္စနာမင်းလက်ထက် တွင် စေတီတော်၊ သိမ်တော်၊ ဆင်းတု တော်တို့ကို ထပ်မံလွှမ်းခြုံ၍ စေတီတော် အသစ် တည်ထားခဲ့ကြောင်း၊ သက္ကရာဇ် ၇၁၈ ခုနှစ်တွင် ပင်းယဘုရင်ဆင်ဖြူရှင် ကျော်စွာမင်း တမုတ်ရွှေဂူဘုရားသို့ ကြွရောက်လာပြီး ဘုရားမြေများနှင့် အမှု အလုပ်ကျွန်များကို လှူဒါန်းခဲ့ကြောင်း၊ ပင်းယခေတ်နောက်ပိုင်း ခေတ်အဆက် ဆက်တွင် ပြုပြင်ထိန်းသိမ်းမှုမရှိခြင်း နှင့် သဘာ၀ဘေးဒဏ်များကြောင့် ပြိုကျ ပျက်စီး၍ ဘုရားကုန်းတော်တစ်ခုလုံး တောချုံများ ဖုံးလွှမ်းခဲ့ကြောင်း။
ရှေးမူမပျက် ပြန်လည်ပြင်ဆင်
၁၉၁၅ ခုနှစ်တွင် ကြောင်ပန်းကုန်း ကျေးရွာနေ ဦးစံထွားက ပြိုကျပျက်စီး နေသော ဘုရားကုန်းတော်ကြီး၏ထိပ် တွင် ဉာဏ်တော် ၂၁ ပေရှိ ကိုးတောင်ပြည့် စေတီတစ်ဆူကို အသစ်ထပ်မံ တည် ထားခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ဆရာတော်ဘဒ္တစန္ဒောဘာသ သတင်း သုံးနေထိုင်ပြီး ဘုရားကုန်းတော်၏ မြောက်ဘက်ခြမ်းကို ရှင်းလင်းရာမှ မူလစေတီတော်၏ မြောက်ဘက်မုခ်ကို တွေ့ရှိခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ဆရာ တော်၏ ဦးဆောင်မှုဖြင့် ဒေသခံရွာသား များက ဆက်လက်ရှင်းလင်းရာ မူလစေတီ တော် ပန္နက်၊ ပစ္စယာ၊ လှေကားခုံတို့ ကို ထပ်မံတွေ့ရှိခဲ့သဖြင့် ပြုပြင်ခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာ ၂၀၀၈ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန က ရှေးမူမပျက် ပြန်လည်ပြင်ဆင်ခွင့် ပြုခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် အင်္ဂတေ ပန်းတော့ အနုစိတ်လက်ရာများဖြင့် တန်ဆာဆင်ထားသော မြောက်ဘက် မျက်နှာလှည့် နှစ်ထပ်စေတီတော်ကြီး ထပ်မံပေါ်ထွက်ခဲ့ကြောင်း၊ စေတီတော် ကြီး၏အတွင်းအပြင်တွင် ပုဂံခေတ် အင်္ဂတေပန်းတော့ ရုပ်ကြွလက်ရာဒီဇိုင်း များ၊ နံရံဆေးရေးပန်းချီများ၊ ဇာတ်တော် နံပါတ်စဉ်များနှင့် ဇာတ်တော်အမည် ရေးထိုးထားသော ငါးရာ့ငါးဆယ် သရုပ် ဖော် ဖောင်းကြွရုပ်ပုံများ၊ ရုပ်ပွားတော် များနှင့် စေတီတော်လေးမျက်နှာရှိ မုခ်ဦးတံကဲကနုတ်ပန်းများ ထွက်ပေါ်လာ ကြောင်း၊ တမုတ်ရွှေဂူကြီးဘုရားသည် ပုဂံခေတ်၊ ပင်းယခေတ် ဗိသုကာ လက်ရာ များ ရှေးမူလက်ရာမပျက် ကျန်ရှိနေခြင်း ကြောင့် တန်ဖိုးမြင့်မားသော စေတီတော် ကြီးတစ်ဆူဖြစ်ကြောင်း သိရသည်။
ကြိုဆို
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကျောက်ဆည်မြို့မှ ရဟတ် ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး မြို့ကြီး ရေလှောင်တမံသို့ရောက်ရှိရာ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် စက်လှေ ဖြင့် တမံအတွင်း ရေသိုလှောင်ထားရှိမှု နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှု သည်။ ထိုသို့ လိုက်လံကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က မြို့ကြီးရေလှောင် တမံဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုး ရေဖြန့်ဝေပေးနေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
တမံအခြေအနေ ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် တမံပတ်လမ်းအတိုင်း တမံတည်ဆောက် ထားမှုအခြေအနေနှင့် ရေယူအဆောက် အဦအား လိုက်လံကြည့်ရှုရာ ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေပေးဝေနေမှု၊ ရေသိုလှောင် ထားရှိမှုနှင့် တမံအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် မြို့ကြီးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအား ကြည့်ရှုသည်။
မြို့ကြီးရေလှောင်တမံ တည် ဆောက်နိုင်ခြင်းကြောင့် ဇော်ဂျီ ရေလှောင်တမံမှ ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံနှစ်ခုအကြား စီးဆင်းလာသည့်ရေများကို စုပေါင်း သိုလှောင်၍ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်ပြီး ကျောက်ဆည် ခရိုင်အတွင်းရှိ ဇော်ဂျီဆည်ရေသောက် ဧက ၈၂၀၀၀ ကို ရေပေးဝေနိုင်ခဲ့သည့် အပြင် မိတ္ထီလာလွင်ပြင်ရှိ ဧက ၃၃၀၀၀ ကိုလည်း စိုက်ပျိုးရေပေးဝေလျက်ရှိ ကြောင်း သိရသည်။
ထို့ပြင် ဇော်ဂျီရေလှောင်တမံ အထက်ပိုင်းတွင် တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံ ပြီးစီးပါက စီးဆင်းလာမည့် ရေ ၁၁ ဒသမ ၅ သိန်း ဧကပေကို ထိန်းချုပ်နိုင်ပြီး ဇော်ဂျီ ရေသောက်စနစ်အတွက် ရေပမာဏ ခုနစ်သိန်းနှင့် ကင်းတားလက်ယာမြောင်း ၏ ပြောင်းပြာငလိုင်းဇင်ရေသောက် ဧရိယာအတွက် ရေပမာဏ ၄ ဒသမ ၅ သိန်းကိုလည်း ထုတ်လွှတ်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် ၁၅ မဂ္ဂါဝပ် စက်နှစ်လုံးတပ်ဆင်ထားကာ တစ်နှစ် လျှင် ယူနစ်သန်းပေါင်း ၁၃၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ရွာငံ (ပင်းတယ)၊ တီကျစ်၊ ပင်လောင်း၊ ပေါင်းလောင်းဒေသများ၏ သဘာ၀ ပတ်ဝန်းကျင် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်

No comments:

Post a Comment