Tuesday, April 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောင်းလဲလာသော နည်းပညာကိုရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ညီလာခံသို့တက်ရောက်





Image may contain: one or more people, people sitting and text
 နေပြည်တော် ဧပြီ ၂၉



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် ယနေ့နံနက်ပိုင်းက စင်ကာပူနိုင်ငံ၌ကျင်းပသည့် ပြောင်းလဲလာသော နည်းပညာကိုရင်ဆိုင်ရန်နှင့် တိုးတက်မှုများပါဝင်သည့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အထူးအစီအစဉ်နှင့် ညီလာခံသို့ တက်ရောက်သည်။
ညီလာခံတွင် စင်ကာပူနိုင်ငံ လှူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ အလုပ်သမား ဝန်ကြီး Mr. Josephine Teo နှင့် အခြားအာဆီယံနိုင်ငံများမှ အလုပ်သမား ဝန်ကြီးများ၊ အာဆီယံ၏ ဆွေးနွေးဖက်ခြောက်နိုင်ငံမှ ကိုယ်စားလှယ်များ၊ ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi ၊ ILO Global Commissioner ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်း နှင့် နိုင်ငံတကာမှဖိတ်ကြားထားသည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြားတာဝန်ရှိသူများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ လှူစွမ်းအားအရင်းအမြစ်ဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထုတ်ပြန်ကြေညာချက်အား လွှဲပြောင်းပေး
ထို့နောက် ညီလာခံတွင် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ ပြင်ဆင် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံအလိုက် Country Statement များကို ဖတ်ကြားရှင်းလင်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ Country Statement ကို ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ILO ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုမှုအဖြစ် အာဆီယံ နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၏ အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန် ကြေညာချက် (ASEAN Statement on Future of Work) တွင် အခြားအာဆီယံ အလုပ်သမားဝန်ကြီးများနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ အလုပ်သမား ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ (ALMM’s Chair) က အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ အဆိုပါထုတ်ပြန်ကြေညာချက်အား လွှဲပြောင်းပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ILO Global Commission ၏ ''ပိုမိုတောက်ပသော အနာဂတ်အတွက် အလုပ်အကိုင်(Work for a Brighter Future)”အစီရင်ခံစာ အပေါ် ခြုံငုံသုံးသပ်ခြင်း၊ အလုပ်ခွင်တွင် လူသားဗဟိုပြုအစီအစဉ် တိုးမြှင့်ခြင်းနှင့် နည်းပညာကိုလက်ခံခြင်း၊ အားလုံးပါဝင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုကို မြှင့်တင်ရာတွင် သုံးပွင့်ဆိုင်၏အခန်းကဏ္ဍ၊ နည်းပညာဖြင့် အခွင့်အလမ်းများ ဖန်တီးခြင်း၊ တက်ကြွ၍ အနာဂတ်အတွက် အဆင်သင့်ဖြစ်မည့် လုပ်သားထုမွေးထုတ် ခြင်း စသည့်ဆွေးနွေးမှုအစီအစဉ်များတွင် ပါဝင်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း ညွှန်ကြားရေးမှူးချုပ်Mr. Guy Ryder နှင့်တွေ့ဆုံကာ ILO ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အလုပ်သမားရေးရာကိစ္စများကို ဆွေးနွေးကြပြီး ဆက်လက်၍ လာအိုပြည်သှူဒီမိုကရက်တစ်နိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကိစ္စရပ်များကို နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။
ကျွမ်းကျင်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားမည်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အလုပ်သမားရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် Singapore’s Center for Domestic Employees မှ တာဝန်ရှိသူများ၊ Singapore Polytechnic International PTE. LTD မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျွမ်းကျင်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့အပြင် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး ASEAN Statement on Future of Work အား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုတိုက်တွန်းချက်များ ပေါ်ထွက်လာ နိုင်ရေး ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment