Sunday, April 21, 2019

အမွေအနှစ်များဟူသည် . . .


မြန်မာ့အလင်းအယ်ဒီတာအာဘော်



လွန်ခဲ့သော ၁၆ ဧပြီ ၂၀၁၉ နေ့မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နော်ထရာဒိမ်း ဘုရားရှိခိုးကျောင်းကြီး မီးလောင်ပျက်စီးသွားခဲ့သည်။ ခရစ်နှစ် ၁၁၆၃ မှာ စတင်တည်ဆောက်ခဲ့ပြီး နှစ် ၂၀၀ နီးပါးအကြာ ၁၃၄၅ ခုနှစ်တွင် ပြီးစီးခဲ့၏။ နှစ် ၂၀၀ နီးပါး တည်ဆောက်ခဲ့သော ဗိသုကာလက်ရာကြီးသည် နာရီအနည်းငယ်မျှဖြင့် ပျက်စီးဆုံးရှုံးသွားခဲ့ချေပြီ။
ဘုရားရှိခိုးကျောင်းကြီး၏ ဗိသုကာလက်ရာ၊ တည်ဆောက်ထားပုံ၊ အနုစိတ်များ စသည်တို့က ရင်သပ်ရှုမောဖွယ်လှပ၏။ ယင်းအဆောက် အအုံကြီး မီးသင့်ပျက်စီးရသည့်သတင်းနှင့် မရှေးမနှောင်းမှာပင် အမေ ရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက သည်ဘုရားရှိခိုးကျောင်း ကြီးက က္ဘာ့ရတနာတွေထဲက တစ်ခုပါပဲဟုဆို၏။ ပြန်လည်ထူထောင် ကြဖို့လည်း နှိုးဆော်လိုက်၏။
ပြင်သစ်နိုင်ငံအတွင်းက သူဌေးကြီးများက ဘုရားကျောင်းကြီးကို မူလလက်ရာအတိုင်း ပြန်လည်တည်ဆောက်နိုင်ရန် ဒေါ်လာသန်းပေါင်း များစွာချီ၍ ရန်ပုံငွေထူထောင်လိုက်ကြသည်။
ကမ္ဘာတစ်ဝန်းရှိ ပြည်သူတို့ကလည်း ဘုရားကျောင်းကြီး မီးသင့် ပျက်စီးရသည့်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြကြောင်းကို ထုတ်ဖော်ခဲ့ကြသည်။
က္ဘာ့တစ်နေရာမှာရှိနေသည့် တန်ဖိုးကြီးမြင့်လှသော အမွေအနှစ် လက်ရာကောင်းတစ်ခု ဆုံးရှုံးရသည်ကို က္ဘာ့ပြည်သူတို့က ဝမ်းနည်း ယူကျုံးမရဖြစ်ကြရသည်။ အမွေအနှစ်လက်ရာတို့မှာ နယ်နိမိတ်မရှိ။ ပဲရစ် မှာ ရှိနေသည်ဖြစ်စေ၊ ရောမမှာ ရှိသည်ဖြစ်စေ၊ အေသင်မှာရှိသည်ဖြစ်စေ၊ ဗုဒ္ဓဂယာမှာ ရှိသည်ဖြစ်စေ၊ လုမ္ဗိနီမှာ ရှိသည်ဖြစ်စေ၊ ကဘူးလ်မှာ ရှိသည် ဖြစ်စေ၊ ပရပ်မှာ ရှိသည်ဖြစ်စေ၊ ပုဂံမှာ ရှိသည်ဖြစ်စေ အားလုံးသည် ကမ္ဘာသူကမ္ဘာသားအားလုံးနှင့် သက်ဆိုင်သည့် အမွေအနှစ်များသာတည်း။
ယဉ်ကျေးသော လူမှုအသိုက်အမြုံထဲက ကမ္ဘာသူ ကမ္ဘာသားအားလုံး တို့ မြတ်နိုးတန်ဖိုးထားကြ၊ ထိန်းသိမ်းစောင့်ရှောက်လိုကြသည်ချည်း။
မြန်မာနိုင်ငံအတွင်း၌လည်း ကျောက်ခေတ်နံရံဆေးရေးများ၊ လက်နက်ပစ္စည်းအသုံးအဆောင်များ၊ ပုတီးများ၊ အိုးများအစရှိသည့် သမိုင်းဆိုင်ရာအမွေအနှစ်များရှိနေသည့် ပြဒါးလင်းလို၊ ပျူ သရေခေတ္တရာ လို၊ ဗိဿနိုးလို၊ ညောင်ကန်လို ဒေသများရှိသကဲ့သို့ သမိုင်း၊ ယဉ်ကျေးမှု၊ ဗိသုကာ၊ အနုပညာလက်ရာအစုစုတို့နှင့် သာသနိကအဆောက်အအုံတို့ ပြည့်ကြွယ်၀သည့် အမွေအနှစ်ဒေသကြီးများ၊ ရွှေတိဂုံစေတီတော်ကြီး ကဲ့သို့ ကြည်ညိုလေးမြတ်ဖွယ်ရာ သာသနိကအမွေအနှစ်ကြီးတို့လည်း ရှိသည်။ မြစ်ဖျားခံရာ မြစ်ဆုံမှသည် မြစ်ညာသို့ တစ်စတစ်စ စီးဆင်းလာ သည့် မြစ်ရိုးတစ်လျှောက်က သဘာ၀ရေမြေတောတောင် အလှအပတို့ဖြင့် လွှမ်းမိုးထားသည့် ဧရာ၀တီ၊ ချင်းတွင်း စသည်တို့လို မြစ်ကြီးများ၏ သဘာ၀အမွေအနှစ်များကလည်း ပေါကြွယ်၀စွာရှိသည်။
ဤသည်တို့ကဲ့သို့သော ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်သည့် အမွေအနှစ် များက ကြွယ်၀သလို ဆုပ်ကိုင်မပြနိုင်သည့် ပွဲတော်များ၊ ဓလေ့ထုံးစံများ၊ သနပ်ခါးရနံ့၊ တိုင်းရင်းသားရိုးရာအဆင်ဒီဇိုင်းအကွက်အမွမ်းများ စသည် တို့လို ဒြဗ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကလည်း များစွာရှိနေသည်ပဲ ဖြစ်ပါသည်။
မိမိတို့မှာရှိနေသည့် အမွေအနှစ်များကို မိမိတို့မည်သို့ တန်ဖိုးထား တတ်သည်လဲ၊ မိမိတို့ မည်သို့ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ရှိသည်လဲ ဆိုသည်က အလွန်အရေးကြီးမည် ဖြစ်ပါသည်။
ယဉ်ကျေးသည့် လှူက္ဘာမှာ အမွေအနှစ်ကို တန်ဖိုးထားခြင်းဖြင့် လှူဘ၀၊ လှူဖြစ်စဉ်၊ လူ့သမိုင်းကို တန်ဖိုးထား ထိန်းသိမ်းနေကြသည်။ ကမ္ဘောဒီးယားက အန်းကောဝပ်ဘုရားကျောင်းကြီးများက ပဲ့ကြွေလွင့်စဉ် ကျလာသော အုတ်ကျိုးများကအစ ဖုန်သုတ်ကာ တယုတယထိန်းသိမ်းပုံ၊ ပြင်သစ်နိုင်ငံက အီဖယ်မျှော်စင်ကြီး၏ ပတ်ဝန်းကျင် မြင်နိုင်သမျှ မြင်ကွင်း ပတ်ပတ်လည်ကို အဆောက်အအုံမြင့်များ လုံး၀ဆောက်လုပ်ခွင့်မပေးဘဲ စောင့်ရှောက်ပုံ၊ အင်္ဂလန်က အောက်စဖို့ဒ်တက္ကသိုလ် ဝန်းကျင်တစ်ခုလုံးက အဆောက်အအုံများ၏ အရောင်ကို ကန့်သတ်ထားကာ ဂရုစိုက်ပုံ အစ ရှိသော ကမ္ဘာအရပ်ရပ်က တန်ဖိုးထားမှုအစုစုကို လေ့လာဆန်းစစ်ကြပြီး မိမိတို့နိုင်ငံတွင်းရှိ အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် ကြရေး အလေးပေးကြရန် အစီရင်ခံတင်ပြလိုက်ရပါကြောင်း။

No comments:

Post a Comment