Sunday, April 28, 2019

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ခေါ်နူးစုမ်အမျိုးသားဥယျာဉ် အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




Image may contain: 3 people, people standing, outdoor and nature
မင်းတပ် ဧပြီ ၂၇



 ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် မှု အခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၆ရက် ညနေပိုင်းတွင် ကန်ပက်လက်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ''ကန်ပုလဲ'' ' ၀' ဥ နှင့် တောင်ပေါ်သီးနှံများ အခြောက်ခံခြင်း နှင့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းသို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတအား မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက လက်ရှိ '၀ ' ဥ၊ ထောပတ် နှင့် ကော်ဖီစိုက်ပျိုးနေမှုအခြေအနေများ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယသမ္မတက '၀' ဥ၊ ထောပတ်နှင့် ကော်ဖီများကို တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ် ထုတ်လုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ ထိုသို့တင်ပို့ ရောင်းချရာတွင် ဈေးကွက်ကို တတ်နိုင် သမျှ ထိန်းညှိဆောင်ရွက်သွားနိုင်ရေး၊ ချင်းပြည်နယ်ထွက်ကုန်ပစ္စည်းများအား အစုအဖွဲ့အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်နှင့် အသေးစားနှင့် အလတ်စား စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများ အတွက် လိုအပ်သောအရင်းအနှီးရရှိရန် ချေးငွေထုတ်ချေးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
တောင်သူများ ဝင်ငွေတိုး
ချင်းပြည်နယ်တွင် '၀' ဥ ကို မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး '၀'ဥ အစို တစ်ပိဿာလျှင် ဒေသ္တရပေါက်ဈေး ငွေကျပ်ကျပ် ၁၇၅၀ ၊ '၀'ဥ အခြောက်ဖြစ်ပါက တစ်ပိဿာလျှင် ဒေသ္တရပေါက်ဈေး ငွေကျပ်ကျပ် ၁၂၀၀၀ ဖြစ်ကာ '၀' ဥ တစ်ဧက စိုက်ပျိုးပါက '၀'ဥ ပိဿာသုံးထောင် ခန့်ရရှိပြီး စနစ်တကျ စိုက်ပျိုးနိုင်ပါက အထွက်နှုန်း ပိဿာ ၅၀၀၀ မှ ၈၀၀၀ ကြား ပိုမိုထွက်ရှိနိုင်မည်ဖြစ်ပြီး တောင်သူ တစ်ဦးလျှင် ဝင်ငွေကျပ်ကျပ် ၈၃ သိန်းကျော် ရရှိနိုင်မည် ဖြစ်သည်။
ထောပတ်တစ်ဧကလျှင် သုံးတန် ခန့်ထွက်ရှိပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၃၀၀ ခန့်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ်ကျပ် ၅၈ သိန်း ရရှိနိုင်ပြီး '၀' ဥ နှင့် ထောပတ်ကို သီးညှပ်စိုက်ပျိုးပါက တစ်ဧကလျှင် တောင်သူတစ်ဦး ငွေကျပ်ကျပ် သိန်း ၁၄၀ ကျော် ဝင်ငွေ ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးနှင့် ဂေဟ စနစ်များ ပျက်စီးမှုမရှိစေရေး၊ ရှားပါး မျိုးစိတ်များအား ဌာနဆိုင်ရာနှင့် ဒေသခံ ပြည်သူများက ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက် သွားရန် မှာကြားသည်။
ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သည် ၁၉၃၆ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်း အဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ဥယျာဉ်မှာ အကျယ်အဝန်းအားဖြင့် ၁၇၆၂၀၂ ဧက/ ၇၁၃၀၅ ဟက်ကာရှိပြီး အမြင့်ပေ အားဖြင့် ပေ ၁၀၂၀၀ / ၃၀၅၃မီတာ ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ Hornbill ကော်ဖီထုတ်လုပ်ရေး စက်ရုံ သို့ ရောက်ရှိကြရာ စက်ရုံပိုင်ရှင် ဦးမာဟုန်းက ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေ၊ စက်ကိရိယာ အဆင့်ဆင့်ဖြင့် ကော်ဖီထုတ်လုပ်နေမှု အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ချင်းပြည်နယ်အတွင်းရှိ ကမ္ဘာ့အဆင့်မီ ကော်ဖီမျိုးအား အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အရည်အသွေးမြင့်ကော်ဖီ များ ထုတ်လုပ်၍ အဆင့်မီထုပ်ပိုးမှု စနစ်များဖြင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်းပြောကြားပြီး လိုအပ်ချက် များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အဆင့်မြင့်စက်များ အသုံးပြု
အဆိုပါ ကော်ဖီထုတ်လုပ်ရေးစက်ရုံ တွင် ချင်းပြည်နယ်မှ သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိသော အကောင်းဆုံး အရည်အသွေးပြည့်မီသည့် Arabica ကော်ဖီသီးကိုသာ စနစ်တကျ ရွေးချယ် ၍ အရည်အသွေး စမ်းသပ်စစ်ဆေးမှု များကို အဆင့်ဆင့်ပြုလုပ်ပြီး အဆင့်မြင့် စက်များ အသုံးပြုထုတ်လုပ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်မြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ဒုတိယသမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန တည် ဆောက်ရေး (၃)၊ အဆောက်အဦအထူး အဖွဲ့ (၉) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေက အဆောက်အဦအထူးအဖွဲ့ (၉) မှ တည်ဆောက်လျက်ရှိသည့် ဆေးရုံတိုးချဲ့ လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး တည်ဆောက်ရေးမြေနေရာသို့ သွား ရောက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မင်းတပ်တက္ကသိုလ် တည်ဆောက် ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက တက္ကသိုလ် တည်ဆောက်ရာတွင် သစ်တောသစ်ပင် များကို အတတ်နိုင်ဆုံး ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက် မှုများကိုလည်း အမြန်ဆုံးဆောလျင်စွာ ဆောင်ရွက်သွားရန်နှင့် လိုအပ်သော သန့်ရှင်းသည့် သောက်သုံးရေရရှိရေး ကိုပါတစ်ပါတည်း စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဘောခွီးဥယျာဉ်ခြံသို့ သွားရောက်၍ ထောပတ်ပျိုးပင်နှင့် ဆေးဖက်ဝင်သစ်ခွပျိုးပင်များ စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဘောခွီးဥယျာဉ်ခြံအတွင်း ၂၀၁၈ - ၂၀၁၉ ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
လည်မျိုချောင်းတံတား
ယင်းနောက် ဒုတိယသမ္မတသည် တံတားအထူးအဖွဲ့ (၁)မှ တည်ဆောက် လျက်ရှိသည့် မင်းတပ် - မတူပီလမ်း ကီလိုမီတာ (၁၀၈ - ၁၀၉)အကြားရှိ မုန်းချောင်းတံတားနှင့် မင်းတပ် - မတူပီ လမ်း ကီလိုမီတာ (၁၅၆- ၁၅၇)အကြားရှိ လည်မျိုချောင်းတံတား တည်ဆောက် ပြီးစီးမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
မုန်းချောင်းတံတားသည် ပေ ၆၀ ရှည်လျားပြီး လက်ရှိတွင် လုပ်ငန်းဆောင် ရွက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတား တစ်စင်းလုံးပြီးစီးမည်ဖြစ်ပြီး လည်မျို ချောင်းတံတားသည် ပေ ၂၄၀ ရှည်လျား ပြီး၂၀၂၀ခုနှစ် ဧပြီ ၃၀ ရက်တွင် တံတား တစ်စင်းလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ဆေးရုံလိုအပ်ချက် ပံ့ပိုးဖြည့်ဆည်း
ဆက်လက်၍ ဒုတိယသမ္မတသည် မတူပီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဒေါက်တာ တလွန်ကျုံးထန်က ဆေးရုံသို့ တက်ရောက်သည့် လူနာအခြေအနေ၊ လူနာများအား ဆေးဝါးအခမဲ့ပေးဝေမှု၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း အခြေအနေ၊ ၆ ခန်းတွဲ ၂ ထပ်ဆောင် အရာထမ်းအိမ်ရာ ဆောက်လုပ်မည့် အခြေအနေနှင့် ဆေးရုံ တွင် လိုအပ်လျက်ရှိသည့် တိုက်နယ် ဆရာဝန်များနှင့် နေ့စားဝန်ထမ်းများ ခန့်ထားပေးရေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး ဆောက်လုပ်ပေးရေးနှင့် ဆေးရုံပတ်လမ်းများ၊ ဝန်ထမ်းအိမ်ရာနှင့် ဆက်သွယ်သည့်လမ်းများအား ကွန်ကရစ် လမ်းခင်းပေးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးက ဆေးရုံ၏ လိုအပ် ချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
သတင်းစဉ်

No comments:

Post a Comment